Sunday, December 5, 2021

တရားမဲ့ကမ္ဘာ (၃)

 တရားမဲ့ကမ္ဘာ (၃)

==============

 

ဓမ္မဝိနယနိုင်ငံရေး

နစကအစိုးရတက်လာခါစ၌ အဖွဲ့အစည်းအမျိုးမျိုးက ကြေညာချက်ထုတ်၍ ကန့်ကွက်ရှုတ်ချကြ၏။ ထိုအဖွဲ့အစည်းများတွင် လူ့အဖွဲ့အစည်းများလည်းပါကြ၏။ သံဃာ့အဖွဲ့အစည်းများလည်း ပါကြ၏။ ကန့်ကွက်တားမြစ်ခြင်း၊ ဆန့်ကျင်ရှုတ်ချခြင်း ပြုလုပ်ကြသည့် သံဃာ့အဖွဲ့အစည်းများတွင် မဟနလို သာသနာရေးဌာန သံဃာ့အဖွဲ့အစည်းများ၊ ရွှေဝါရောင်လို နိုင်ငံရေးသံဃာ့အဖွဲ့အစည်းများနှင့် ပရိယတ္တိသက်သက် သံဃာ့အဖွဲ့အစည်းများလည်း ပါဝင်ပေသည်။ မိမိသဘောဆန္ဒကို ထုတ်ဖော်ပြဆိုခြင်းသက်သက်ဖြစ်၍ ထိုသို့သော လုပ်ဆောင်ချက်မျိုးကို သဘောမတူသည့်တိုင်အောင် လက်ခံပေးရမည်ဖြစ်၏။

 

ယခုသော်ကား ထိုသို့မဟုတ်ပေ။ မိမိလည်း ကာကွယ်ဆေးမထိုး၊ အခြားသံဃာများလည်း ကာကွယ်ဆေးမထိုးခိုင်းသည့် ဆရာတော်များကို တွေ့မြင်လာရ၏။ မိမိမထိုးသည်ကား ပြဿနာမဟုတ်။ မိမိမထိုးတိုင်း သူတစ်ပါးကို မထိုးခိုင်းသည်ကား ပြဿနာဖြစ်နေ၏။ အစိုးရဆန့်ကျင်သည့်အနေဖြင့် မထိုးသည်ဖြစ်စေ၊ မလိုအပ်ဟုထင်၍ မထိုးသည်ဖြစ်စေ၊ မိမိကိုယ်တိုင်မထိုးခြင်းကား မိမိဆန္ဒသာဖြစ်၏။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မထိုးလိုက မထိုးဘဲနေခွင့်ရှိသည်သာဖြစ်၏။ သို့သော် သံဃာများမထိုးရအောင်ပါ လှုံ့ဆော်သည်ဆိုလျှင်ကား ပြဿနာရှိသွားပေပြီ။ မထိုးဘဲနေခွင့်ရှိသလို ထိုးလိုကလည်း ထိုးခွင့်ရှိသည်သာဖြစ်၏။ ထိုးလိုသူများကို မထိုးဖြစ်အောင် ဆန့်ကျင်ကန့်ကွက်ခိုင်း၊ သပိတ်မှောက်ခိုင်းနေသည်ကား ပြဿနာဖြစ်နေ၏။ အချို့သံဃာတော်များကား အသက်အရွယ်ကြီးရင့်နေပြီဖြစ်၍ ကာကွယ်ဆေးထိုးလိုကြ၏။ အချို့သံဃာများကား ရောဂါအခံရှိ၍ ကာကွယ်ဆေးထိုးလိုကြ၏။ အချို့သံဃာများကား ကိုယ်ခံအားနည်း၍ ကာကွယ်ဆေးထိုးလိုကြ၏။ အချို့သံဃာများကား ကပ်ရောဂါဘေး အသင့်မခံလို၍ ကာကွယ်ဆေးထိုးလိုကြ၏။ သို့ပါလျက် မထိုးရဲကြ၊ မထိုးဖြစ်ကြတော့ပေ။ အကြောင်းကား ရဲရဲတောက်ဘုန်းကြီးများက လိုက်လံဆော်သြတားမြစ်နေသောကြောင့်ဖြစ်၏။

 

အမှန်တကယ်ကူးစက်ခံရသည့်အခါ၌မူ ကာကွယ်ဆေးမထိုးရသေးသူများ ပျံလွန်တော်မူကြရ၏။ ကာကွယ်ဆေးထိုးပြီးသူများ ပြန်လည်ကျန်းမာခဲ့ကြ၏။ ငယ်ငယ်ရွယ်ရွယ်နှင့် ပျံလွန်သူများကို ကြည့်လိုက်လျှင် ကာကွယ်ဆေးမထိုးရသေးသောသူများ ဖြစ်နေသည်ကို တွေ့ရ၏။ မိမိဆန္ဒအလျောက် မထိုးဘဲ နေခဲ့ကြသော သပိတ်မှောက်ကိုယ်တော်ကြီးများ ပျံလွန်သည်မှာ နှမြောစရာမရှိသော်လည်း ထိုးချင်ပါလျက် မထိုးရဲ၍ မထိုးခဲ့ရသော အပြစ်မဲ့သံဃာတော်များ၏အသက်ကို နှမြောတသဖြစ်မိ၏။

 

အသက်အရွယ်ကြီးပါလျက် မပျံလွန်သူ၊ ရောဂါအခံရှိပါလျက် မပျံလွန်သူ၊ ကိုယ်ခံအားနည်းပါးပါလျက် မပျံလွန်ဘဲ ကပ်ရောဂါမှ ထမြောက်တော်မူခဲ့သော သံဃာတော်များကိုကြည့်လျှင် ကာကွယ်ဆေးထိုးထားသည်ကို တွေ့ရှိရ၏။

 

ဤအရေး၌ ရဟန်းသံဃာတို့၏ အခန်းကဏ္ဍကို မေးလို၏။ ရဟန်းသံဃာတို့သည် မြန်မာ့မြေပေါ်၌ အဘယ်အခန်းကဏ္ဍမှ ရပ်တည်နေကြသနည်း။ နိုင်ငံရေးအတွက်လော၊ ဘာသာရေးအတွက်လော စောကြောကြစေချင်၏။ ကာကွယ်ဆေးထိုးပေးရမည်မှာ အစိုးရ၏ တာဝန်ဖြစ်၏။ မိမိဆန္ဒအလျောက် ထိုးချင်လည်း ထိုးနိုင်၏။ မထိုးချင်လည်း မထိုးဘဲနေနိုင်၏။ သို့သော် အစိုးရကို ဆန့်ကျင်သည့်အနေဖြင့် သူတစ်ပါးဆေးထိုးသည်ကို ကန့်ကွက်ခြင်းသည် ဓမ္မဝိနယနှင့်ညီပါသလော။ မိမိပယောဂကြောင့် မသေသင့်ဘဲ သေသွားရသူများရှိလျှင် မိမိတာဝန် မဖြစ်သလော။ မိမိက မည်သို့ ပြန်လည်ကုစားရမည်နည်း။ မည်သို့ပြန်လည် ပေးဆပ်ရမည်နည်း။ မိမိ ပြန်လည် ပေးဆပ်လျှင်ကော အသက်ပြန်လည် ရှင်သန်နိုင်ပါဦးမည်လော။ ကာကွယ်ဆေးမထိုးဘဲ နေလျှင်ကော အစိုးရကို ထိခိုက်စေနိုင်သလော၊ မထိုးဘဲနေသူသာ နစ်နာနေသလော၊ စဉ်းစားရန် လိုအပ်လှပေသည်။

 

ဓမ္မဝိနယအဓိပ္ပါယ်ကို နားလည်အောင်လုပ်ရန်လို၏။ ဓမ္မဝိနယနှင့်အညီ သံဃာအပေါ်ဆက်ဆံရန်လို၏။ အစိုးရကို ဆန့်ကျင်လျှင်လည်း ဓမ္မဝိနယနှင့်အညီ ဆန့်ကျင်ရန်လို၏။

 

အစိုးရကို ဆန့်ကျင်လိုစိတ်တစ်ခုတည်းဖြင့် ကျန်းမာရေးနှင့်ပညာရေးပါမကျန် အစိုးရလုပ်သမျှသော အရာရာကို ဆန့်ကျင်ကန့်ကွက်နေမည်ဆိုလျှင် သင်သည် ရဟန်းကောင်းတစ်ပါး မဖြစ်နိုင်တော့ပါပေ။ ဤသို့ဆိုလျှင် ရဟန်းကောင်းဟူသည် အဘယ်နည်း။ ရဟန်းကောင်းတစ်ပါးဖြစ်ရန် မည်သည့်အရာများလိုအပ်သနည်း။ ရဟန်းကောင်းတို့သည် နိုင်ငံရေး မလုပ်ကောင်းတော့ပြီလော။ နိုင်ငံရေးလုပ်သော ရဟန်းတိုင်းသည် ရဟန်းကောင်း မဟုတ်တော့ပြီလော၊ သိရှိရန် လိုအပ်လှပေ၏။

 

ဓမ္မဝိနယနှင့်ညီသူကို ရဟန်းကောင်းဟုဆို၏။ ရဟန်းကောင်းတစ်ပါးဖြစ်ရန် ကိုယ်နှုတ်အမူအရာများသည် ဝိနည်းတော်နှင့် ညီညွတ်ရန် လိုအပ်၏။

 

ရဟန်းကောင်းများ နိုင်ငံရေးမလုပ်သင့်သည်ကား မဟုတ်။ နိုင်ငံရေးလုပ်သော ရဟန်းတိုင်းကိုလည်း ရဟန်းကောင်းမဟုတ်ဟု စွပ်စွဲ၍မရ။ ဓမ္မဝိနယနှင့်ညီညွတ်လျှင် နိုင်ငံရေးလုပ်ကောင်း၏။ ဓမ္မဝိနယနှင့်အညီ နိုင်ငံရေးလုပ်လျှင်လည်း ရဟန်းကောင်းဟုပင်ဆိုအပ်၏။ နိုင်ငံရေးကို အဘယ်ရည်ရွယ်ချက်ဖြင့် လုပ်ကြပါသနည်း။ စစ်သားကိုမုန်းသည်၊ အရပ်သူကို ချစ်သည်။ ဤသို့သော အချစ်၊ အမုန်းနှင့်နိုင်ငံရေးလုပ်လျှင်ကော နိုင်ငံရေးသမားကောင်း ဖြစ်ပါမည်လော။ အမှန်အားဖြင့် နိုင်ငံရေးမည်သည် ပြည်သူ့အကျိုးပြုလုပ်ငန်းကြီးပေတည်း။ လောကတ္ထစရိယဟုခေါ်ဆိုနိုင်၏။ အင်မတန်မွန်မြတ်၏။ ပြည်သူကိုအကျိုးမဲ့စေလျှင် နိုင်ငံရေးမဟုတ်တော့၊ ပြဿနာထွန်းကားရေးသာ ဖြစ်လေ၏။

အစိုးရကိုတော်လှန်လိုက တော်လှန်စေ။

တိုက်ခိုက်လိုက တိုက်ခိုက်စေ။

ဆန့်ကျင်လိုက ဆန့်ကျင်စေ။

လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရှိ၏။ သို့သော် သံဃာကို မထိခိုက်ရန်တော့ လိုအပ်၏။ အထူးသဖြင့် မိမိကိုယ်တိုင် ဓမ္မဝိနယနှင့် ညီညွတ်ရန် လိုအပ်၏။

 

နိုင်ငံရေးကိုယ်တော်များကို မေးလိုသည်ကား သင်တို့၏ ရင်ထဲတွင် ဓမ္မကိန်းဝပ်ကြပါ၏လော။

သင်တို့ဆောင်ရွက်ချက်သည် ဝိနယနှင့်ညီညွတ်ကြပါ၏လော။

အတ္တဗဟိုပြုနေသမျှ၊ အာဃာတရှေ့တန်းတင်နေသမျှ၊ ချစ်ခြင်းမုန်းခြင်း တံခွန်ထူနေသမျှ သင်တို့ရင်ထဲတွင် ဓမ္မမရှိ။

ပြည်သူကိုထိခိုက်နစ်နာစေသမျှ၊

သံဃာကိုထိခိုက်နစ်နာစေသမျှ၊

သင်တို့ကိုယ်တိုင် ဝိနယကို မကျင့်၊

ဓမ္မဝိနယနှင့်မညီညွတ်သော သင်တို့သည် ရဟန်းကောင်းများမဟုတ်ကြတော့။

ဤသည်ကို သင်တို့သိရှိထားရန် လိုအပ်လှပေသတည်း။

 

အရှင်ဝီရသူ(သုံးထောင်ပြန်)

၂၆-၁၁-၂၀၂၁













No comments:

Post a Comment