တရားမဲ့ကမ္ဘာ (၄)
==========
ဘဝမေ့နိုင်ငံရေး
ဗုဒ္ဓမြတ်စွာသာသနာတော်သည် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓဟူ၍ သုံးပါးရှိ၏။
ဗုဒ္ဓသာဝကရဟန်းတော်တို့၏ တာဝန်သည် ဂန္ထဓုရ၊ ဝိပဿနာဓုရဟူ၍ နှစ်ပါးရှိ၏။ ဂန္ထဓုရကို ပရိယတ္တိသာသနာတော်အတွက်၊
ဝိပဿနာဓုရကို ပဋိပတ္တိသာသနာတော်အတွက် ထမ်းဆောင်ရခြင်းဖြစ်၏။ ပဋိဝေဓသာသနာတော်ကား ထိုနှစ်ပါး၏
ရလဒ်အကျိုးတရားပင်တည်း။
ရဟန်းတော်တို့၏ ဂန္ထဓုရ၊ ဝိပဿနာဓုရတည်းဟူသော စာပေတာဝန်နှင့် ကျင့်စဉ်တာဝန်သည်
တစ်ဆယ့်နှစ်ရာသီလုံး ထမ်းဆောင်ရမည့် တာဝန်များတည်း။ ခေတ်နှင့်မဆိုင်၊ စနစ်နှင့်မဆိုင်ပေ။
မည်သည့်အစိုးရပင်တက်တက်၊ မည်သည့်စနစ်နှင့်ပင် အုပ်ချုပ် အုပ်ချုပ်၊ မည်သည့် ခေတ်ပင်ဖြစ်စေ၊
ဂန္ထဓုရသမားက ပရိယတ္တိ၊ ဝိပဿနာဓုရသမားက ပဋိပတ္တိကို လုပ်ဆောင်နေရမည်သာဖြစ်၏။
မြန်မာပြည်၏ ဗုဒ္ဓသာသနာတော်သမိုင်းကို ကြည့်လျှင်လည်း သံဃာတော်များသည်
ဤသို့ပင် ဖြတ်သန်းလာခဲ့ရသည်ချည်းဖြစ်၏။ အင်္ဂလိပ်ခေတ်၌လည်း အစိုးရက စာမေးပွဲကျင်းပပေးခဲ့၏။
သံဃာတော်များလည်း စာမေးပွဲဖြေဆိုခဲ့ကြ၏။ ကိုလိုနီအစိုးရ၊ နယ်ချဲ့အစိုးရဟုဆိုကာ စာမေးပွဲကို
သပိတ်မှောက်ခြင်းလည်းမရှိ။ စာဖြေသံဃာများကို စာမေးပွဲမဖြေရန် ပိတ်ပင်တားဆီးကြခြင်းလည်းမရှိ။
သံဃာ့တာဝန် သံဃာထမ်းဆောင်ခဲ့ခြင်းသာဖြစ်၏။ ထို့ကြောင့်ပင် မင်းကွန်းဆရာတော်ကြီးသည်
အင်္ဂလိပ်ခေတ် ပထမကျော်ဘွဲ့ကို အင်္ဂလိပ်အရေးပိုင်ထံ၌ ရယူခဲ့ရ၏။ ဆဋ္ဌသံဂါယနာတင် သံဃာတော်များသည်
ကိုလိုနီခေတ်၌ ပရိယတ္တိသင်ယူခဲ့ရသော စာချအကျော်အမော်များဖြစ်ကြ၏။
အင်္ဂလိပ်ခေတ်၌ ရဟန္တာတမျှ ယုံကြည်ရသော ဆရာတော်ကြီးများပေါ်ထွန်းကာ
ပဋိပတ္တိသာသနာထွန်းကားခဲ့သည်မှာလည်း သံဃာတော်များ မိမိတာဝန် မိမိကျေပွန်ခဲ့ခြင်းကြောင့်ဖြစ်၏။
ပရိယတ္တိ၊ ပဋိပတ္တိစွယ်စုံထွန်းကားစွာ ပြုတော်မူခဲ့သော လယ်တီဆရာတော်ကြီးကို ကြည့်လျှင်ပင်
ခေတ်စနစ်ကသက်သက်၊ ပရိယတ်၊ ပဋိပတ်ကသက်သက်ဆိုသည်မှာ ထင်ရှား၏။ မှန်၏။ လယ်တီဆရာတော်ကြီးသည်
စာသင်တိုက်ကြီးများလည်း တည်ထောင်တော်မူခဲ့၏။ ကျမ်းဂန်များလည်း ပြုစုတော်မူခဲ့၏။ တရားပွဲများလည်း
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှည့်လည်ဟောကြားခဲ့၏။ ကမ္မဋ္ဌာန်းတရားများလည်း ဟောကြားတော်မူခဲ့၏။
လယ်တီဝိပဿနာတရားစခန်းများလည်း ယနေ့အထိရှိနေ၏။ လယ်တီဆရာတော်ကြီးသာ အင်္ဂလိပ်အစိုးရကို
မကျေနပ်၍ ကိုယ့်အလုပ်ကိုယ်မလုပ်လျှင် လယ်တီစာသင်တိုက်ကြီးများ၊ လယ်တီဒီပနီကျမ်းဂန်များ၊
လယ်တီဝိပဿနာများ ထွန်းကားလာလိမ့်မည်မဟုတ်ပေ။ ထို့အတူ ထိုခေတ်သံဃာတော်များသာ ကိုယ့်အလုပ်ကိုယ်မလုပ်လျှင်
ဗုဒ္ဓသာသနာသည် ယနေ့အခြေအနေထိ ထွန်းကားနေလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သံဃာမည်သည် ကိုယ့်အလုပ်ကိုယ်လုပ်ကြရမည်သာတည်း။
ဤသို့ဆိုလျှင် နိုင်ငံရေးနွယ်သော၊ နိုင်ငံရေးလုပ်သော ရဟန်းသံဃာများ
မရှိကောင်းတော့ပြီလောဟု မေးစရာရှိ၏။ အဖြေကား ရှိကောင်းပါသည်တည်း။ ဘုရားလက်ထက်၌ပင်ရှိခဲ့၏။
ပိလိန္ဒဝစ်ဆမထေရ်သည် နိုင်ငံရေးမထေရ်တည်း။ ဗိမ္ဗိသာရမင်းကြီးက မောဟာဂတိလိုက်မိ၍ ဆင်းရဲသူမကြီးသားအမိကို
ဖမ်းဆီးထားသည့်အခါ ထိုမထေရ်က နန်းတော်အထိ သပိတ်ပိုက်၍ လိုက်ထုတ်ခဲ့ဖူး၏။ လူဆိုးများက
ကလေးများကို ပြန်ပေးဆွဲရန်လုပ်သည့်အခါ ကလေးငယ်များကို တန်ခိုးတော်ဖြင့် ဝှက်ထားပေးခဲ့ဖူး၏။
ထို့ကြောင့် နိုင်ငံရေးမထေရ်များ ဘုရားလက်ထက်တော်ကတည်းက ရှိခဲ့သည်ဟု ဆိုခြင်းဖြစ်၏။
ယနေ့လည်း ရှိကောင်းသည်ဟု ဆိုခြင်းဖြစ်၏။
သို့သော် နိုင်ငံရေးမထေရ်များ နိုင်ငံရေးလုပ်ခြင်းသည် အစိုးရကို
ဆန့်ကျင်ရန်မဟုတ်၊ အမှုမှန် ဖော်ထုတ်ရန်သာဖြစ်၏။ နစ်နာသည့်ပြည်သူများကို ကယ်တင်ရုံသက်သက်သာဖြစ်၏။
ပြည့်ရှင်မင်းများကို ဆုံးမပဲ့ပြင်လို၍သာဖြစ်၏။ ထို့ကြောင့် နိုင်ငံရေးမထေရ်များသည်
အများပြည်သူနစ်နာစေမည့် နည်းလမ်းများကို မလုပ်မိရန် လိုအပ်၏။
ကိုဗစ်ကာကွယ်ဆေးမထိုးကြရန် လှည့်လည်ဆော်သြကြခြင်းသည် အစိုးရကို
ဆန့်ကျင်ရုံသက်သက်ထက်ပို၍ အန္တရာယ်ကြီး၏။ အများပြည်သူများ နစ်နာဆုံးရှုံးကြရ၏။ ထိုသို့
လုပ်ကောင်းလေသလော။
စာမေးပွဲမဖြေရဟု လိုက်လံတားမြစ်ခြင်းသည်လည်း အစိုးရကို ဆန့်ကျင်ရုံသက်သက်ထက်ပို၍
အန္တရာယ်ကြီး၏။ သံဃာတော်များ နစ်နာ၏။ ထိုသို့
လုပ်ကောင်းလေသလော။
ဓမ္မာစရိယ အဘိဝံသ၊ ဒွိပိဋကဓရ ဘွဲ့ဒီဂရီများရရှိထားကြသဖြင့် တိုက်အုပ်၊
တိုက်ကြပ်၊ စာချနာယက ရာထူးကြီးများ ရရှိထားကြပြီးသော သင်တို့က ဓမ္မာစရိယမပြောနှင့်၊
ငယ်၊ လတ်၊ ကြီး စာမေးပွဲလေးပင် မအောင်မြင်သေးသည့် စာသင်သားလေးများကို စာမေးပွဲ မဖြေခိုင်းခြင်းသည်
ဗိုက်ဝနေသူများက ဗိုက်ဆာနေသောသူများကို ထမင်းမစားကြနှင့်ဟု ပိတ်ပင်တားမြစ်နေသကဲ့သို့လည်းကောင်း၊
လူချမ်းသာများက လူဆင်းရဲများကို စီးပွားမရှာကြနှင့်၊ အလုပ်ထွက်မလုပ်ကြနှင့်ဟု ပိတ်ပင်တားမြစ်နေသကဲ့သို့လည်းကောင်း
ကိုယ်ကျင့်တရားခေါင်းပါးလွန်းသည့် လုပ်ရပ်များ ဖြစ်နေကြလေ၏။ ဤသည်ကို သင်တို့ သတိပြုမိကြပါသလော။
စာသင်တိုက်ထောင်ခြင်းသည် ပညာရေးအတွက်ဖြစ်၏။ စာဝါပို့ချပေးခြင်းသည်
စာမေးပွဲအတွက်ဖြစ်၏။ စာမေးပွဲအောင်လျှင် ပညာရေးလုံလောက်ပြီသာတည်း။ သို့ပါလျက် နိုင်ငံရေးမထေရ်များသည်
မိမိတို့၏ မူလတာဝန် ပဓာနလုပ်ငန်းကြီးများကို မေ့လျော့ကာ နိုင်ငံရေးအာဃာတတစ်ခုတည်းဖြင့်
ပရိယတ္တိကိုရော စာသင်သားများကိုပါ ထိခိုက်နစ်နာအောင် လုပ်ဆောင်ခဲ့မိသားဖြစ်သွားကြ၏။
မိမိဘဝကို မိမိမေ့သွားသော ဘဝမေ့မထေရ်များတည်း။
အင်္ဂလိပ်ခေတ်တွင် ဘွဲ့ရခဲ့ကြသော မိမိဆရာသမားများ၏ကျေးဇူးကြောင့်
မိမိပညာတတ်ခဲ့၏။ မိမိလက်ထက်တွင် စာမေးပွဲကို သပိတ်မှောက်ခိုင်းသောကြောင့် စာသင်သားများ
ပျက်စီးကြရကုန်၏။ အချို့က လူထွက်သွားကြသည်။ အချို့က စာမလုပ်တော့။ အချို့က စာသင်တိုက်သို့
ပြန်မလာကြတော့ပေ။ မိမိရရှိထားသော ပရိယတ္တိသာသနဟိတ(အဘိဝံသ)ဘွဲ့သည် အင်္ဂလိပ်ခေတ်၌ စတင်ဆက်ကပ်ခဲ့သော
ဘွဲ့ဖြစ်၏။ ၎င်းစာမေးပွဲသည် အင်္ဂလိပ်ခေတ်၌ စတင်ကျင်းပခဲ့သော စာမေးပွဲဖြစ်၏။ ၎င်းစာမေးပွဲကျင်းပရခြင်း၏
ပဓာနအကြောင်းတရားသည်လည်း မန်းရွှေမြို့ကြီး စာသံပေသံများဖြင့် ပြန်လည်ထွန်းကားစေလိုသောကြောင့်ဖြစ်၏။
သံဃာတော်များ စာသင်စာချကာ ပရိယတ္တိတာဝန်များ ကျေပွန်စေလိုသောကြောင့်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော်
ကိုယ့်အလုပ်ကိုယ်မလုပ်တော့မည့်အရေးကို မလိုလားသောကြောင့်တည်း (ဝါ) ကိုယ့်အလုပ်ကိုယ်လုပ်စေလိုသောကြောင့်တည်း။
ပညာရေးကို နိုင်ငံရေးအတွက် အသုံးချခဲ့သော နိုင်ငံရေးမထေရ်များကို
မေးလို၏။ ပညာရေးကို ပိတ်ပင်တားဆီးကောင်းသလော။ ပညာရေးကို ပိတ်ပင်တားဆီးခြင်းသည် ဓမ္မဝိနယနှင့်ညီညွတ်သလော။
ပညာရေးကို ပိတ်ပင်တားဆီးခြင်းသည် ဘုရားအလိုတော်ကျ နိုင်ငံရေးကြီးဖြစ်သလော။ ပညာရေးကို
ပိတ်ပင်တားဆီးခြင်းအား ဘုရားကြိုက်တော်မူလိမ့်မည်ဟု မှတ်ထင်နေသလော။ ပညာရေးကို ပိတ်ပင်တားဆီးခြင်းကြောင့်
ရရှိနိုင်သည့် အပြစ်များကို သင်တို့အမှန်တကယ် မသိမမြင်ကြလေသလော။ ပညာရေးသည် ဖွင့်ကောင်းသောအရာလော၊
ပိတ်ပင်ကောင်းသောအရာလော။ ဘုရားရှင်သည် ပညာမျက်စိဖွင့်ပေးရန် ပွင့်ထွန်းတော်မူသလော။
ပညာမျက်စိပိတ်ခိုင်းရန် ပွင့်ထွန်းတော်မူသလော။ ဘုရားသားတော်များသည် ပညာမျက်စိပွင့်လင်းအောင်
လုပ်ပေးရမည်လော။ ပညာမျက်စိကန်းသွားအောင် ပိတ်ပင်ရမည်လော။ နဖူးပေါ်လက်တင်၍ စောကြောကြစေချင်ပါ၏။
လူသားများ တရားမဲ့တိုင်း ရဟန်းများ တရားမမဲ့စေလိုပါ။ အထူးသဖြင့်
နိုင်ငံရေးသမားများ တရားမဲ့တိုင်း နိုင်ငံရေးမထေရ်များ တရားမမဲ့ကြစေလိုပါ။
ဘုရားမျက်နှာကိုသာ ကြည့်ပါ။
သာသနာတော်သိက္ခာကိုသာ ထိန်းကြပါ။
ငါသည် ဘုရားသားတော်ဖြစ်သည်ဆိုသည့် အသိ(သမဏသညာ) အမြဲ ရှိကြပါဟူ၍သာ။
။
အရှင်ဝီရသူ(သုံးထောင်ပြန်)
၃-၁၂-၂၀၂၁
No comments:
Post a Comment