တရားမဲ့ကမ္ဘာ (၂)
`` အဇာတသတ်အပေါ် ဘုရားရှင်၏ သဘောထား ´´
~~~~~~~~~~~~~~~~~~~~~~~~~~~~
အဇာတသတ်လို့ပြောလိုက်ရင် အဖသတ်မင်း၊ အပေါင်းအသင်းမှားသူ၊ ဆရာတင်မှားသူ၊
ဒီလောက်ပဲသိကြတာများပါတယ်။ ဒါကြောင့်လည်း မြန်မာရာဇဝင်မှာ အဇာတသတ်ဟာ လူဆိုးစာရင်း ဝင်နေခဲ့တာပါ။
သာသနာတော်မှာတော့ အဇာတသတ်ရဲ့ အခန်းကဏ္ဍဟာ အင်မတန် ကျေးဇူးကြီးမားသူ ဖြစ်ပါတယ်။ ထေရဝါဒမင်းသုံးပါးထဲက
တစ်ပါးပေါ့။ ထေရဝါဒ မင်းသုံးပါးဆိုတာကတော့ အရှင်မဟာကဿပမထေရ်ကြီးရယ်၊ အဇာတသတ်မင်းရယ်၊
သိကြားမင်းရယ်ပါပဲ။
သာမညဖလသုတ္တန်တရားတော် နာယူပြီးနောက် ဗုဒ္ဓသာသနာတော်ရဲ့ အတိမ်အနက်နဲ့
တရားတော်ရဲ့ အနှစ်သာရကို ကိုယ်တွေ့သိရှိသွားတဲ့ အဇာတသတ်ဟာ ဘုရားရှင်ရဲ့ အပါးမှာပဲ အမြဲနေထိုင်ပါတော့တယ်။
ဘုရားရှင့်အနားမှာပဲ အမြဲနေ၊ ဘုရားရှင်ရဲ့ တရားကိုပဲ အမြဲနာယူ၊ ဘုရားရှင်ကိုပဲ အမြဲကြည်ညိုနေတော့တာပါ။
နန်းတော်လည်း ကပ်တယ်လို့ မရှိတော့ပါဘူး။ အရင်ကတော့ ထီးနန်းစည်းစိမ်ကို တပ်မက်ပြီး ရှင်ဘုရင်ဖြစ်ချင်လွန်းလို့
အဖေအရင်းကိုတောင် ထောင်သွင်းအကျဉ်းချပြီး ညှဉ်းဆဲသတ်ဖြတ်ခဲ့သူပါ။ အခုတော့ ထီးနန်းစည်းစိမ်ဟာ
ဓမ္မလောက် အရသာမရှိဘူးဆိုတာရယ်၊ ဓမ္မရဲ့အရသာဟာ ထီးနန်းစည်းစိမ်လို မပူလောင်၊ မမွန်းကျပ်ဘဲ
အေးချမ်းလွတ်လပ်တယ်ဆိုတာရယ်ကို မျက်မြင်ဒိဋ္ဌခံစားလိုက်ရလို့ ဘုရားရှင်ရဲ့ ကျောင်းတော်မှာပဲ
ပျော်မွေ့နေတော့တာဖြစ်ပါတယ်။
အဇာတသတ်မင်းရဲ့ ဂုဏ်ရည်က
`` သဒ္ဓါတရား အသာဆုံး ´´ ဆိုတာပါပဲ။ ပုထုဇဉ်လူသားတွေထဲမှာ အဇာတသတ်ထက်
ဘုရားရှင်ကိုကြည်ညိုသူ လုံးဝမရှိပါဘူး။ ဒါ့ကြောင့် သဒ္ဓါအသာဆုံးဆုရှင်လို့ ခေါ်ကြတာပါ။
ဘုရားရှင် ပရိနိဗ္ဗာန်ပြုတဲ့သတင်းကြားတော့ မှူးမတ်တွေက အဇာတသတ်မင်းကြီးကို ချက်ချင်း
မလျှောက်တင်ဝံ့ကြပါဘူး။ အသံကြားတာနဲ့ အသက်ထွက်သွားနိုင်လို့ပါ။ ဟိုအရင်က
`` မချစ်သော်လည်း အောင့်ကာနမ်း ´´ စနစ်နဲ့ ခစားခဲ့ရတဲ့ မှူးမတ်တွေဟာ အခုကျတော့လည်း
`` မျက်နှာညှိုးမှာ စိုးပါသည် ´´ အဆင့်ထိ ရောက်ရှိသွားကြတာပါ။ မင်းကြီးကို ကြည်ညိုသွားကြလို့ပါ။
သတင်းမပေးလို့လည်း မဖြစ်။ သတင်းပေးရင်လည်း သေသွားနိုင်တာမို့ အကြပ်ရိုက်ကုန်ကြတဲ့
မှူးမတ်တွေဟာ မင်းကြီးကို ဉာဏ်ဆင်အကွက်လှည့်ရပါတော့တယ်။ ဗေဒင်ယတြာကိုအကြောင်းပြပြီး
ရွှေစားကျင်းသုံးခုထဲ စတုမဓူအပြည့်ထည့်ထားပါတယ်။ သုဝဏ္ဏဒေါဏိ(ရွှေစားကျင်း)ဆိုတာ အခုခေတ်
တစ်ကိုယ်ရေ ရေချိုးကန်တွေလိုပါပဲ။ ရွှေသားနဲ့လုပ်ထားတဲ့ ရေချိုးကန်၊ ရွှေရေချိုးကန်သုံးခုပေါ့။
မင်းကြီးကို ဝတ်ဖြူစင်ကြယ် ပုံစံထူထူဝတ်ခိုင်းပြီး ပထမကန်ထဲ နှစ်လိုက်ပါတယ်။ မျက်နှာလေးပဲဖော်ထားပြီး
တစ်ကိုယ်လုံး နှစ်ထားအပြီးမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်သွားကြောင်း လျှောက်တင်ကာ
နှာခေါင်းပေါက်လေးပဲ ချန်ထားပြီး မျက်နှာကိုပါ နှစ်ချလိုက်ပါတယ်။ မင်းကြီးရဲ့သောက ဘယ်လောက်ကြီးလဲဆိုရင်
ရေကန်ထဲက စတုမဓူတွေ အငွေ့ထွက်တဲ့အထိ ပူလောင်သွားပါတယ်။
အဲဒီနောက် ဒုတိယကန်ထဲပြောင်းရွှေ့ပေးလိုက်ပါတယ်။ မင်းကြီးက `` ဘာပြောတာလဲ၊
ပြန်လျှောက်တင်စမ်း ´´ လို့ မိန့်တော်မူပါတယ်။ ဒုတိယအကြိမ်လျှောက်ထားအပြီးမှာလည်း နှာခေါင်းမှတစ်ပါး
တစ်ကိုယ်လုံးကို ထပ်နှစ်လိုက်ပါတယ်။ စတုမဓူတွေ အခိုးအငွေ့ ထပ်ထွက်ကုန်ပါတယ်။ တတိယကန်ထဲရွှေ့ပြီး
လျှောက်တင်အပြီးမှာတော့ စတုမဓူတွေ အပူရှိန်မမြင့်တော့ဘဲ နွေးရုံလေးပဲ ကျန်ပါတော့တယ်။
ဒီအခါ မင်းကြီးကို စတုမဓူကန်ထဲကထုတ် ဝိုင်းဝန်းနှူးနှပ်ပေး၊ ရေမိုးချိုးသန့်စင်ပေးပြီးမှ
မှူးမတ်ကြီးတွေ သက်သာရာရသွားတာပါ။ မှူးမတ်ကြီးတွေသာ အခုလို မစီမံရင် ဘုရင်အဇာတသတ် ချက်ချင်းနတ်ရွာစံရမှာပါ။
ဒါတောင် သုံးကြိမ်သုံးခါ သတိလွတ်ကာ မေ့မြောသွားပါသေးတယ်။
သတိပြန်ရလာတော့လည်း အရူးတစ်ပိုင်းပါပဲ။ အရူးတစ်ယောက်လို လမ်းတကာလျှောက်သွားပြီး
ရင်ဘတ်စည်းတီး၊ ငိုကြီးချက်မနဲ့ မြေကြီးမှာလူးလှိမ့်ပြီး ငိုကြွေးနေတော့တာပါ။ တရားဦးနာယူခဲ့ရာ
ကျောင်းဒကာ ဆရာဇီဝကလှူဒါန်းထားတဲ့ အမ္ဗဝန်ဥယျာဉ်ထဲက ဘုရားရှင်ရဲ့ကျောင်းတော်ရာကို ရောက်တဲ့အခါ
ဒီနေရာမှာ ငါတရားနာခဲ့တာ၊ ဒီပလ္လင်မှာ ဘုရားရှင်ထိုင်တော်မူခဲ့တာ၊ ဒီပလ္လင်ပေါ်ကနေ ငါ့ရင်ထဲက
သောကဆူးငြောင့်တွေကို နုတ်ပယ်ပေးခဲ့တာ၊ အခုတော့ ငါ့ကို နှုတ်ဆက်စကားတောင် မဆိုတော့ပါလားလို့
တွေ့ကရာလူကို ပြောပြပြီး ကလေးတစ်ယောက်လို ငိုနေတော့တာပါ။
သတိဝင်လာပြီးနောက်ပိုင်းမှာလည်း ဘုရားရှင်ရဲ့ဓာတ်တော်တွေပေးရင်ပေး၊
မပေးရင် စစ်တိုက်မယ်လို့ မလ္လာမင်းတွေကို စစ်ကြေညာလိုက်ပါသေးတယ်။ အခုခေတ်ကြွေးကြော်သံဖြစ်တဲ့
`` ရရင်ရ ၊ မရရင်ချ ´´ ဆိုတာ အဇာတသတ်ကစခဲ့တာလို့ ပြောရမလိုပါပဲ။ ဘုရားရှင်ကိုကြည်ညိုလွန်းလို့ ဘုရားရှင်ရဲ့ ဓာတ်တော်ရဖို့ဆို စစ်တိုက်ရတိုက်ရဆိုတဲ့
လူစားမျိုးကြီးပေါ့။
ကံကောင်းတာတစ်ခုကတော့ မနုဟာနဲ့ အနော်ရထာတို့ရဲ့ ပိဋကတ်တော်စစ်ပွဲလို
ဓာတ်တော်စစ်ပွဲမဖြစ်ခဲ့တာပါပဲ။ ဓာတ်တော်တွေကို သူရသင့်တယ်၊ ငါရသင့်တယ်ဆိုပြီး ခုနစ်ပြည်ထောင်မင်းတို့
စစ်ခင်းယူကြဖို့လုပ်နေချိန်မှာ ဒေါဏပုဏ္ဏားကြီးက ဒိုင်လူကြီးလုပ်ပြီး အချိုးကျဝေငှလိုက်လို့
စစ်မီး မတောက်ခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီလို ပြန့်ကျဲသွားတဲ့ ဓာတ်တော်တွေကို ပြန်လည်စုစည်းပြီး မပျောက်ပျက်အောင်
စောင့်ရှောက်ဖို့နဲ့ အနာဂတ်သာသနာထွန်းကားအောင် ဖြန့်ကြက်ဖို့အတွက် ကြိုတွေးမိတဲ့ ရဟန္တာတွေဟာ
သိကြားမင်းဆီ အကူအညီသွားတောင်းကြပါတယ်။ သိကြားမင်းက အဇာတသတ်မင်းဆီ သွားကြဖို့ အကြံပြုလိုက်ပါတယ်။
ရဟန္တာတွေက အဇာတသတ်မင်းဆီပြန်ကြွလာပြီး ဓာတ်တော်တွေကို ပင့်ဆောင်ပေးဖို့ မေတ္တာရပ်ခံခဲ့ကြသလို
အရှင်မဟာကဿပမထေရ်မြတ်ကြီးကလည်း ဓာတုနိဓာန(ဓာတ်တော်တိုက်)တည်ဆောက်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။
ပြောလိုတာကတော့ အဇာတသတ်မင်းရဲ့ ဘုန်းကံပါရမီကို ရဟန္တာတွေတောင်သိတော်
မမူကြပါဘူး။ ရဟန္တာတွေတောင် အဇာတသတ်ရဲ့ တန်ဖိုးကို မသိမမြင်ဖြစ်ခဲ့ကြသေးတာမို့
တခြားလူတွေ အဇာတသတ်ကို ပြစ်မှားနေကြတာ မဆန်းပါဘူးနော်။
ရဟန္တာတွေက အဇာတသတ်ကို သတိမထားမိကြပေမဲ့ သိကြားမင်းက သတိထားမိတယ်နော်။
သိကြားမင်းစကားအရ `` တပည့်တော်ကို အားမကိုးနဲ့၊ အဇာတသတ်ကိုပဲအားကိုး ´´ ဆိုတဲ့ အဓိပ္ပါယ်မျိုးအထိ
ယူမယ်ဆိုရင်တောင် ယူလို့ရပါတယ်။ အဲဒီ့လောက်အထိ အဇာတသတ်ရဲ့ အခန်းကဏ္ဍက လေးနက်တာပါ။
အရှင်မဟာကဿပမထေရ်ကြီးနဲ့ အဇာတသတ်မင်းတို့ ဆရာဒကာ ညီညွတ်စွာလက်တွဲပြီး
ဓာတ်တော်တိုက်ကို မြေအောက်မှာတည်ဆောက်ခဲ့ပြီး သိကြားမင်းက အကူအညီများစွာ ပေးခဲ့ပါတယ်။
ရှင်မဟာကဿပမထေရ်ကြီးက ပန်းတွေလည်း မညှိုးအောင်၊ နံ့သာတွေလည်း မပြယ်အောင်၊
ဆီမီးတွေလည်း မငြိမ်းအောင် အဓိဋ္ဌာန်တော်မူခဲ့ပြီး ရွှေပေလွှာမှာ စာရေးသားခဲ့ပါတယ်။
မထေရ်မြတ်ကြီး အဓိဋ္ဌာန်ခဲ့တဲ့အကျိုးကတော့ နှစ်ပေါင်း ၂၁၈နှစ် ကျော်တဲ့တိုင်အောင်
ပန်းတွေ၊ နံ့သာတွေ၊ ဆီမီးတွေဟာ ပွင့်သစ်စ၊ ထွန်းသစ်စကာလလိုပဲ အရာမယွင်းတည်ရှိနေတာကို
အသောကမင်းကိုယ်တိုင် တွေ့ခဲ့ရပါတယ်။
မထေရ်မြတ်ကြီးရေးသားခဲ့တဲ့စာတွေကတော့ `` နောင်တစ်ချိန် ပိယဒါသ(ပိယဒဿီ)အမည်ရ
အသောကမင်းလက်ထက်တွင် ဓာတ်တော်များကို ပင့်ဆောင်ပူဇော်၍ ထေရဝါဒသာသနာတော် ထွန်းကားပြန့်ပွားအောင်
လုပ်ဆောင်လိမ့်မည် ´´ ဆိုတာပါပဲ။
ဆရာဖြစ်တဲ့ မထေရ်မြတ်ကြီးက အဓိဋ္ဌာန်ခြင်း၊ စာရေးသားခြင်းပြုခဲ့သလို
ဒကာဖြစ်သူ အဇာတသတ်မင်းကြီးကလည်း ပတ္တမြားတုံးကြီးကို ဌာပနာထားပြီး `` ဒီပတ္တမြားတုံးကြီးကို
ယူဆောင်ပြီး ဓာတ်တော်တွေကို ပူဇော်ပါလော့ ´´ လို့ ရေးသားခဲ့ပါတယ်။
အရှင်မဟာကဿပဟာ ထေရဝါဒသာသနာတော်ရဲ့ ဦးစီးဦးဆောင် မထေရ်မြတ်ကြီးပါ။
အဇာတသတ်မင်းကတော့ ထေရဝါဒသာသနာတော်ကို ချီးမြှောက်ထောက်ပံ့ခွင့်ရခဲ့တဲ့
ပထမဦးဆုံးသာသနာပြုမင်းကြီးပါ။
အဇာတသတ်မင်းကြီးရဲ့ကျေးဇူးကြောင့် ပထမသင်္ဂါယနာတင်ပွဲကြီး အောင်မြင်ခဲ့ပြီး
ထေရဝါဒသာသနာတော်နှစ်ကို အမှတ်တစ်ကနေ စတင်ရေတွက်နိုင်ခဲ့သလို မြေအောက်ဓာတ်တော်တိုက်ကိုလည်း
ပထမဦးဆုံး တည်ဆောက်နိုင်ခဲ့ပါတယ်။
ဒီကနေ့ ထေရဝါဒသာသနာတော်ရဲ့သက်တမ်းဟာ ၂၅၆၅နှစ် ပြည့်ပါတော့မယ်။
လက်ရှိ မြန်မာ့သာသနာဟာ အရှင်မဟာကဿပမထေရ်ကြီးရဲ့ သာသနာလို့ ပြောနိုင်သလို
အဇာတသတ်မင်းရဲ့ ကျေးဇူးတရားလို့လည်း ပြောနိုင်ပါတယ်။
ဒီလောက်ဆိုရင် အဇာတသတ်ကို ဘုရားရှင်က ဘာ့ကြောင့်လက်ခံစကားပြောပြီး
တရားဟောကြားတယ်ဆိုတာရယ်၊ အဲဒီလို လက်ခံဟောကြားလိုက်လို့ အဇာတသတ်ရဲ့တန်ဖိုး ဘယ်လောက်ထိမြင့်ပြီး
ဘယ်လောက်ထိ ကျေးဇူးကြီးမားခဲ့တယ်ဆိုတာရယ်ကို သိမြင်လောက်ပါပြီ။
- ဆရာတင်မှားတာလောက်ပဲသိပြီး ဆရာတင်မှန်ခဲ့တာကိုတော့ မသိဘူးဆိုရင်
- အဖသတ်ခဲ့တာလောက်ပဲကြည့်ပြီး သာသနာပြုခဲ့တာကိုတော့ မကြည့်နိုင်ဘူးဆိုရင်
- ဆိုးခဲ့မိုက်ခဲ့တာကိုပဲ ရှုမြင်ပြီး ကောင်းကျိုးပြုခဲ့တာကိုတော့
မရှူမြင်နိုင်ဘူးဆိုရင်
သင်ဟာ အဇာတသတ်ကို ပြစ်မှားရုံသက်သက်လောက်ပဲ သိတဲ့သူ ဖြစ်သွားပါလိမ့်မယ်။
သင့်ကျေးဇူးက သာသနာတော်အပေါ်မှာ မူးလို့တောင် ရှူစရာမရှိပေမဲ့ အဇာတသတ်ကျေးဇူးကတော့
သင့်အပေါ်မှာ တစ်ပုံတစ်ပင်ကြီးဆိုတာကို သင်တစ်ယောက် မြင်အောင်ကြည့်နိုင်လောက်ပါစေဟူ၍သာ
အရှင်ဝီရသူ
25.10.2021
No comments:
Post a Comment