“ဒီမိုကရေစီ မယ်ပိုင်စီးခံရခြင်း”
သင်္ဃန်းဖြူဆရာတော်
(3.6.2021 ရက်နေ့ထုတ် Golden Hand ဂျာနယ်
အတွဲ(၂) အမှတ်(၂၄)မှ ကူးယူဖော်ပြသည်။)
စာရေးသူသည် အင်းစိန်တောရ၊ သီးသန့်ရိပ်သာ
တွင်သီတင်းသုံးနေထိုင်ရ၏။ စာရေးသူ သီတင်းသုံးရာ ရွာမရပ်ကွက်သည် အချက်အချာကျသော မိန်းလမ်းမကြီးများနှင့်
စည်ကားပုံရ၏။ ညအခါဆိုလျှင် သံပုံးတပ်ဖွဲ့ ကြီး ချီတက်လာနေသည်ကို အတိုင်းသားကြားရ၏။
၎င်းတပ်ဖွဲ့ချီတက်လာလျှင် “အရေးကြီးပြီ ညီနောင် အပေါင်းတို့” အစချီသည့် “သွေးသစ္စာ” သီချင်းသံ
ဦးစွာကြားရ၏။ နောက်မှ သံပုံးတီးသံများ၊ ဗြောက်ဖောက် သံများ ကြားရ၏။ ပထမသော် ရထားခုတ်သံအလား
ဂျိန်းဂျိန်းဂျုတ်ဂျုတ်သံ ကြားရ၏။ နောက်သော် ဒိန်းဒိန်း ဒုတ်ဒုတ်သံ ဖြစ်လာ၏။ သူတို့
ခြောက်ထုတ်သည့် တောကောင်များ ကြောက်သည်၊ မကြောက်သည် မသိ။ စာရေးသူတော့ သံပုံးတပ်ဖွဲ့မှန်း
မသိခင်က အတော်လေးလန့်သွား၏။ ဆူနာမီလှိုင်းလုံးများ လိမ့်လာသလိုလို နာဂစ်မုန်တိုင်းသံလော၊
ပင်လယ်အော်သံလော ကြုံဖူးသမျှလိုက်တွေးရင်း အထိတ်တလန့် ဖြစ်ခဲ့ခြင်းဖြစ်၏။ သံပုံးတပ်ဖွဲ့သည်
၇း၅၅ နာရီတွင် စတင်တတ်ပြီး ၈း၁၅ နာရီတွင် ပြီးဆုံးသွားလေ့ရှိ၏။ စာရေးသူက ညစဉ် ၈ နာရီဆိုလျှင်
တရားထိုင်လေ့ရှိသော်လည်း ၎င်းတပ်ဖွဲ့ ချီတက်သံကြားသည်မှစ၍ ၈း၃၀ နာရီသို့ ပြောင်းရွှေ့ လိုက်ရ၏။
“သြော် ... လုပ်ရက်ကြပေ” စာသားလေးကြားရသည့်အခါတိုင်း တစ်ပါးတည်း ကျိတ်ပြုံးလေး ပြုံးနေ
မိပေသည်။
ညအခါ သံပုံးတပ်ဖွဲ့သံ ကြားရသကဲ့သို့ နေ့အခါလည်း
အသံချဲ့စက်သံများ မကြာခဏကြားရ၏။ ကမ္ဘာ မကြေဘူးနှင့် သွေးသစ္စာသည် နိုင်ငံရေးသမားတို့၏
လက်စွဲတေးဖြစ်၏။ အိုးဘိုတွင်နေရစဉ် ၅ (ည) များ အမြဲ ဆိုသည်ကို တွေ့ရ၏။ သတင်းဆိုးဝင်လာလျှင်လည်း
စုဖွဲ့၍ဆိုကြ၏။ သတင်းကောင်းကြားရလျှင်လည်း စုဖွဲ့၍ ဆိုကြ၏။ ၎င်းတေးများသည် ၎င်းတို့အတွက်
အားဆေးများဖြစ်ကြသကဲ့သို့ ပေါက်ကွဲတေးများလည်း ဖြစ်ပုံရ၏။ ထို့ကြောင့်ပင် ၎င်းတို့သည်
စိတ်ညစ်ဖွယ်သတင်းများကြားလျှင် ထိုသီချင်းဖြင့် အစိုင်အခဲများ ဖောက်ခွဲလိုက်ကြ ခြင်းဖြစ်၏။
စိတ်ချမ်းသာဖွယ် သတင်းကြားရလျှင်လည်း ထိုသီချင်းဖြင့် အားမွေးကြခြင်းဖြစ်၏။ စာရေးသူ
သီတင်းသုံးရာ သီးသန့်ရိပ်သာ အမှတ်-၄ ကမ္မဋ္ဌာန်းကျောင်းဆောင်ထဲထိ အသံချဲ့စက်မှတစ်ဆင့်
ထိုတေးသံ များ ၀င်လာတတ်၏။ ထိုတေးသံများ၏နောက်တွင် ကြွေးကြော်သံတိုင်ပေးသံများလည်း ကြားရတတ်၏။
ထောင်ဆူစေလို၍ လုပ်သည်လော မပြောသာလေပြီ။ အကျဉ်းသားများကား အစိုးရသစ်ကိုသာ မျှော်နေကြ
လေ၏။ အစိုးရသစ်တက်လာလျှင် လွတ်ငြိမ်းချမ်းသာ ပေးတတ်သောကြောင့်ဖြစ်၏။ ထို့ကြောင့် ကမ္ဘာမကြေ
ဘူးနှင့် သွေးသစ္စာတို့ကို စိတ်မ၀င်စားကြသကဲ့သို့ ဟစ်ကြွေးသံများကြောင့်လည်း ရင်မခုန်ကြတော့ပေ။
သို့ သော် စာရေးသူက ဟစ်ကြွေးသံများကို အမြဲနားစွင့်၏။ အသစ်အဆန်းများပါလာလျှင် မှတ်သားထားရန်ဖြစ်၏။
စာရေးသူကြားရသော အဟောင်းစာသားများတွင် “ဒီမိုကရေစီရရှိရေး ... တို့အရေး တို့အရေး”ဟူသောစကား
ပါလာလေ၏။ တစ်ပါးတည်း ပြုံးလျက်သား ဖြစ်သွားခဲ့လေသည်။ ပြီးမှ အတွေးပေါက်ကာ “သြော်
... ဟုတ်ပေ သားပဲ”ဟု ထောက်ခံအားပေးမိလေ၏။ ဒီမိုကရေစီ မယ်ပိုင်စီးခံရသည်မှာ ငါးနှစ်နီးပါး
ရှိသွားခဲ့လေပြီ။ ထို့ နောက် ဒီမိုကရေစီသည်လည်း အပိုင်စီးထားသူကြီးနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်
မဟုတ်တုံလော။
ဒီမိုကရေစီကို မယ်ပိုင်စီးခဲ့သူ
ဒီမိုကရေစီ နို့အိုးကြီးကို ပြည်သူများက
ဒေါ်အောင်ဆန်းစုကြည်ထံ အပြည့်အ၀အပ်နှံလိုက်ကြ၏။ ရေ တစ်စက်မျှမရောသော နွားနို့အစစ်များတည်း။
ရည်ရွယ်ချက်ကား တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ သဘောထားကာ ကျောသား၊ ရင်သား
မခွဲခြားဘဲ နို့ချိုတိုက်ကျွေးနိုင်ရေးဖြစ်၏။ သို့သော် ဒေါ်အောင်ဆန်းစု ကြည်က ကပ်စေးနှဲ၏။
သူသဒ္ဓါမှ ပေး၏။ မသဒ္ဓါလျှင် မပေးတော့။ ပေးလျှင်လည်း နည်းနည်းချင်းစီသာပေး၏။ သူကိုယ်တိုင်ကား
အ၀အပြဲသောက်လေ၏။ မရသူတို့ ငြူစူကြ၊ ဆူပူကြ၏။ အော်ဟစ်တောင်းလည်း မရ၊ ငိုယို တောင်းလည်း
မပေး၊ ဤသို့သော အခြေအနေဆိုး ကြုံလာရသည့်အခါ နွားနို့လိုအပ်နေသူများက ကာချုပ်ကြီး ကို
တောင်းခိုင်းရတော့၏။ ကာချုပ်ကြီးကလည်း စိတ်ရှည်လက်ရှည် တောင်း၍ပေးလေ၏။ လုံးဝတောင်းမရ
သည့်အဆုံးရောက်မှ ဆွဲယူ၍ ပေးရလေတော့၏။ သို့သော် နွားနို့များ မကျန်တော့ပြီ။ အိုးအခွံကြီးသာ
ရခဲ့လေ တော့၏။ နို့နံ့မပြယ်သေး၍ တော်သေးသည်ဟုသာ ဆိုရမည်။
မြန်မာပြည်၌ ဒီမိုကရေစီအပြည့်အ၀ရသူ တစ်ဦးသာရှိလေသည်။
၎င်းကား ဒေါ်အောင်ဆန်းစုကြည် တည်း။ မှန်၏။ သူသည် အမှိုက်ကောက်၊ လက်ဆေးခြင်းအစ မော်ဒယ်လ်ရှိုး၊
ဗီဒီယိုတော့ရှိုးအလယ်၊ သမ္မတ အထက် တက်ထိုင်ခြင်းအဆုံး လုပ်ပိုင်ခွင့်မှန်သမျှ အကုန်ရလေ၏။
ကားအကောင်းစားကြီးများစီးခွင့်၊ သက် တော်စောင့်များ ခြံရံသွားလာခွင့်၊ ဖက်ရှင်နှင့်
လက်ဝတ်ရတနာ ထည်လဲဝတ်ဆင်ခွင့်၊ မီးထွန်းသီချင်းဆို၊ ကခုန် ပျော်ပါး ရေကစားခွင့်၊ ဟန်းနီးမွန်းအလား
အပန်းဖြေသွားလာခွင့်၊ ဓာတ်ပုံအရိုက်ခံခွင့်၊ မွေးနေ့ကိတ်လှီးခွင့်၊ ခွေးမွေးနေ့ပွဲ
ကျင်းပခွင့်၊ ငွေကို ရေလိုသုံးစွဲခွင့်၊ ရဟတ်ယာဉ်ဝယ်စီးခွင့် စသည်တို့အပြင် ပြည်သူပိုင်လေဆိပ်ကို
မိမိပိုင်လေဆိပ်အလား မီးမှောင်ချထားခွင့်၊ ဒေါက်တာအတုများနှင့် ဦးနှောက်ကျပ်မပြည့်သူများကို
အစိုးရအကြီး အကဲအဖြစ် ခန့်နိုင်ခွင့်၊ ပါတီသိက္ခာကျနိုင်ခြင်း အစိုးရပုံရိပ်ကျနိုင်ခြင်းတို့ကြောင့်
အကျင့်ပျက်ခြစားသော ၀န်ကြီး များ ၀န်ကြီးချုပ်များကို အမှုမဖွင့်နိုင်အောင် တားမြစ်နိုင်ခွင့်၊
နိုင်ငံတော်သမ္မတကို မိမိ၏ ယာဉ်မောင်း၊ ယာဉ် နောက်လိုက် (ဒရိုင်ဘာ၊ စပယ်ယာ) အဆင့်ထိ
နှိမ်ချဆက်ဆံခွင့်ထိပါ ရရှိခဲ့ခြင်းဖြစ်ပေသည်။ ထိုသို့ ဒီမိုကရေစီ နွားနို့အိုးကို
သူတစ်ဦးတည်း မယ်ပိုင်စီးကာ နွားနို့၊ ဆီဦး၊ ထောပတ်၊ ဒိန်ချဉ် (နို့ဓမ်း)၊ ဒိန်ခဲ
အချိုတည်းစရာ အာဟာရများပြုလုပ်ဖန်တီး၍ အမြဲမှီဝဲသဖြင့်လည်း အရွယ်နှင့်မလိုက်အောင် ကျန်းမာသန်ဖြိုး
အလှတိုးနေလေ တော့၏။ ထို့ကြောင့်လည်း မိမိကိုယ်ကို ကလေးလေးတစ်ယောက်လို သဘောထားကာ ပြည်သူများကပ်ဘေး
သင့်နေချိန်၌ပင် ဖေ့စ်ဘုတ်လေးနှင့် အချိန်ဖြုန်း၍ ပြုံးတုံးတုံးလေး လုပ်နေနိုင်ခြင်းဖြစ်ပေမည်။
နွားနို့တန်ခိုး အဖိုးအနဂ္ဃ
ဒီမိုကရေစီ အပြည့်နီးပါးရသူများကား NLD အစိုးရ အကြီးအကဲများတည်း။ စီးပွားရေးလုပ်ငန်းရှင် အသီးသီး၏
လက်ဆောင်များလည်း ယူခွင့်ရကြ၏။ နိုင်ငံတကာ၏ ဒေါ်လာငွေကြေးများလည်း လက်ခံခွင့်ရကြ ၏။
အစိုးရဌာနဆိုင်ရာ တင်ဒါလုပ်ငန်းများလည်း နေအိမ်မှာပြုလုပ်ခွင့်ရကြ၏။ ဖခင်ဝန်ကြီးချုပ်က
သမီးကို လုပ်ပိုင်ခွင့်ပေးနိုင်ခဲ့သကဲ့သို့ သမီးကုမ္ပဏီကလည်း နွားနို့တန်ခိုးဖြင့် အမရပူရတာရိုးကြီးကို
ချိုးပစ်နိုင်ခွင့် ရခဲ့ကြ ၏။ နိုင်ငံတော်ဘတ်ဂျက်ငွေစာရင်းလည်း အဆမတန် တိုးတောင်းခွင့်ရကြ၏။
ဥပဒေကိုလည်း ဖင်ခုထိုင်ခွင့်ရကြ ၏။ တရားသူကြီးများကိုလည်း သြဇာပေးခွင့်ရကြ၏။ အမြင်မတူသူများကိုလည်း
အွန်လိုင်းမှာ ရှင်းထုတ်ပစ်နိုင်ခဲ့ ကြ၏။ အတိုက်အခံလုပ်သူများကိုလည်း ကိုလိုနီခေတ်ဟောင်း
စစ်ကျန်လက်နက်ကြီးများဖြင့် နှိမ်နင်းခွင့်ရကြ ၏။ ကိုယ်ပိုင်စီးပွားရေးများလည်း ထူထောင်ခွင့်ရကြ၏။
မြေကွက်များကို ရွှေခွက်ထဲထည့်ကာ သိမ်းဆည်းနိုင် ကြ၏။ လွှတ်တော်ကြီးကိုလည်း အပိုင်စီးထားနိုင်ကြ၏။
၎င်းသည် ၎င်းခွန်အားဖြင့် နှစ်ပေါင်းများစွာ ပေးဆပ် မြှုပ်နှံထားခဲ့သော အရင်းအနှီးများအတွက်
အကျိုးအမြတ်သတ်မှတ်ကာ ဒီမိုကရေစီအရသာကို အပြည့်နီးပါး ခံစားခွင့်ရခဲ့ကြသူများ ဖြစ်ကြလေသတည်း။
နွားနို့အစွမ်း အံ့မခန်း
ရေလုံးဝမရောသော ဒီမိုကရေစီနွားနို့ကို အသောက်ရဆုံးသော
တတိယတန်းစားကား NLD ပါတီ အကြီးအကဲများ ဖြစ်ကြ၏။ ၎င်းတို့သည်
နွားနို့တန်ခိုးဖြင့် ဆီဘောက်ဆာကားကိုလည်း ရေဘောက်ဆာကား အဖြစ် အသွင်ပြောင်းလဲပစ်နိုင်ခဲ့ကြ၏။
စတုတ္ထမဏ္ဍိုင်သမားများကိုလည်း ခြောက်ရူးခေါ်နိုင်ခဲ့ကြ၏။ မင်္ဂလာပန်း အလှပြင်ရာတွင်လည်း
သိန်းထောင်ချီသုံးစွဲနိုင်ခဲ့ကြ၏။ မင်္ဂလာဆောင်လက်ဖွဲ့ပစ္စည်းအဖြစ် ကားသော့၊ တိုက် ခန်းသော့များကိုလည်း
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအလား အများအပြား လက်ခံနိုင်ခဲ့ကြ၏။ YBS ယာဉ်များ၊ စက် လှေများဖြင့် ဘင်္ဂလီများကို ခိုးသယ်ကာ လူမှောင်ခိုသွင်းနိုင်ခဲ့ကြ၏။
တိုင်းပြည်လုံခြုံရေး ဥပဒေများကိုလည်း ဖျက်ဆီးပစ်နိုင်ခဲ့ကြ၏။ တိုင်းပြည်အန္တရာယ်ကြီးသော
ဥပဒေများကိုလည်း ပြဋ္ဌာန်းပေးလိုက်နိုင်ခဲ့ကြ၏။ လွှတ် တော်ထဲဝင်ထိုင်ကာ ပြည်သူအတွက် ကောင်းရာကောင်းကျိုး
လုံးဝမလုပ်ဘဲ ဖုန်းပွတ်၊ ထိုင်ငိုက်နိုင်ခဲ့ကြ၏။ အရပ်သူ၊ အရပ်သား ပြည်သူများကိုလည်း
နားရင်းတီးခွင့်၊ ပါးရိုက်ခွင့်၊ မချေမငံဆက်ဆံခွင့်များ ရရှိခဲ့ကြ၏။ အုပ်ချုပ်ရေးမှူးရွေးပွဲများတွင်လည်း
မိမိလူများကိုသာ ရွေးချယ်ပေးနိုင်ခဲ့ကြ၏။ အုပ်ချုပ်ရေးမှူးအဆင့်ဆင့်ကို လည်း ချောင်ထိုးထားနိုင်ခဲ့ကြ၏။
ရဲစခန်းများကိုလည်း အာဏာ (အမိန့်) ပေးနိုင်ခဲ့ကြ၏။ တရားရေးလည်း ၀င်ရောက်စွက်ဖက်နိုင်ခဲ့ကြ၏။
ပင်နီမြင်လျှင် ကြောက်လှပါပြီဟု အော်ညည်းရလောက်အောင် နေရာတကာ ၀င်ပါနိုင်ခဲ့ကြ၏။
မဲပွဲစားလား ရွေးကော်လား
အခြားပါတီများကား ဒီမိုကရေစီအခွင့်အရေးကို
၄၀ ရာခိုင်နှုန်းမျှသာ ရရှိကြပေသည်။ ပြည်သူများကား ၂၀ ရာခိုင်နှုန်းမျှသာ ရရှိကြပေသည်။
အမျိုးသားရေးသမားများကား လုံးဝမရရှိကြတော့ပေ။ ဒီမိုကရေစီကို မယ်ပိုင်စီးသူကြီးက တို့တိတို့နန့်ဖြင့်
ဟိုနည်းနည်း၊ သည်နည်းနည်း မစို့မပို့ပေးနေသောကြောင့်ဖြစ်၏။ သူ မကြည်ဖြူသူဆိုလျှင် လုံးဝမပေးသောကြောင့်ဖြစ်၏။
ပို၍ဆိုးသည်မှာ နွားနို့ကောင်းမှန်းသိသွားသောကြောင့် နွားနို့အိုးကို မစွန့်လွှတ်နိုင်တော့ခြင်းဖြစ်၏။
ငါးနှစ်တစ်ကြိမ် နို့သစ်လဲရမည်မှန်းသိပါလျက် နို့အိုးကြီးကို ဖက် တွယ်ထား၏။ နောက်ထပ်ငါးနှစ်
နို့ အသစ်ကိုလည်း ထပ်မံ၍ မယ်ပိုင်စီးလို၏။ ထိုသို့သော နို့ဇောကြောင့် နို့အိုး အပိုင်ရရေးနည်းလမ်းများဖြင့်သာ
ထာဝရ မယ်ပိုင်စီးရန် အမြဲကြံစည်နေလေတော့၏။ နိုင်ငံရေးပါတီများ အခက် တွေ့ကြလေပြီ။ မယ်မယ်ကြီးလုပ်ပုံကား
ပြိုင်လျှင်လည်း အနိုင်၊ မပြိုင်လျှင်လည်း အနိုင် ပုံစံမျိုးကြီးဖြစ်နေ၏။ ပါတီများ
ဝင်ပြိုင်လျှင်လည်း သူသည် ဗိုလ်စွဲကာ ချန်ပီယံဆုကို ဆက်လက်ထိန်းထားမည်။ ပါတီများ ၀င်မပြိုင်
လျှင်လည်း ပြိုင်ဘက်ကင်းချန်ပီယံအဖြစ် စံချိန်ချိုးကာ အောင်ပွဲခံမည်။ ပါတီများကား ၀င်ပြိုင်လျှင်လည်း
ရှုံး မည်။ ၀င်မပြိုင်လျှင်လည်း ဆုံးမည်။ ယခုနည်းဖြင့်သာ ထပ်မံဗိုလ်စွဲသွားလျှင် မြန်မာပြည်တွင်
ပါတီဆိုသည် မရှိ နိုင်တော့ပြီ။ NLD သည်သာလျှင် တစ်ခုတည်းသော ပြိုင်ဘက်ကင်းပါတီ၊
ပြိုင်စံရှားအစိုးရ ဖြစ်သွားပေရော့ မည်။
မယ်မယ်ကြီးခင်းထားသောလမ်းကား ထာဝရဗိုလ်ကျရေးလမ်းစဉ်တည်း။
မည်သည့်ပါတီမျှ NLD ကို အလဲမထိုးနိုင်တော့ပြီ။ မည်သည့်ပုဂ်္ဂိုလ်မျှ
ဒေါ်အောင်ဆန်းစုကြည်ကို မယှဉ်နိုင်တော့ပြီ။ မဲပွဲစားများ အပိုင်ခန့် ထားကာ ရွေးကောက်ပွဲတိုင်း
အောင်နိုင်ရေး၊ အစိုးရအဖြစ် ထာဝရရပ်တည်ရေးကိုသာ အမြဲကြံစည်အားထုတ် နေခြင်းတို့ကြောင့်
အခြားပါတီများသည် အားကိုးရာမဲ့လာခဲ့တော့၏။ အာဏာမဲ့ပါတီဖြစ်သဖြင့် အာဏာရပါတီ ကို လှန်ခွင့်မသာလေရကား
လှန်ခွင့်သာသူထံ အကူအညီတောင်းခံခဲ့ရသည်အထိ ဖြစ်ခဲ့ရလေသတည်း။ မှန်၏။ နိုင်ငံရေးပါတီများသည်
ပါတီထောင်ခွင့်၊ စည်းရုံးခွင့်နှင့် စည်းဝေးခွင့်၊ ထုတ်ပြန်ခွင့်တို့ ရရှိထားကြသော်လည်း
အကန့်အသတ်ခံထားရ၏။ မဲဆွယ်စည်းရုံးရေးမိန့်ခွန်းများလည်း ဆင်ဆာအဖြတ်ခံရ၏။ အွန်လိုင်းတွင်
စည်းရုံး လျှင်လည်း အကောင့်ပိတ်ခံရ၏။ အကောင့်အပိတ်မခံရလျှင်လည်း အများပြည်သူ ပရိသတ်မတိုးပွားအောင်
ထိန်းချုပ်ခံထားရ၏။ အရပ်ထဲဆင်းလျှင်လည်း ကိုဗစ်ဥပဒေနှင့် တုပ်နှောင်ခံထားရ၏။ ထို့ကြောင့်
နိုင်ငံရေးပါတီ များသည် မြေပြင်တွင်လည်း မလှုပ်သာ၊ ဝေဟင်တွင်လည်း မလှုပ်သာ ဖြစ်လာခဲ့ရ၏။
အခြားတစ်ဖက်၌ကား ၀န်ကြီးချုပ်ကိုယ်တိုင်
ပိုက်ဆံဝေငှ စည်းရုံးနေ၏။ လော်ဘီများကလည်း ခွပ် ဒေါင်းအင်္ကျီဝတ်ကာ ပိုက်ဆံလိုက်ဝေနေကြ၏။
အစိုးရကလည်း တစ်ဖက်လှည့်နည်းဖြင့် ထောက်ပံ့ကြေးငွေပေး ၍ စည်းရုံးနေ၏။ လျှပ်စစ်မီတာခများ
လျှော့ပေါ့၍လည်းကောင်း၊ အတိုးမဲ့ချေးငွေ ထုတ်ပေး၍လည်းကောင်း ငွေ ကြေးအခွင့်အရေး၊ အခွန်အခစနစ်တို့ဖြင့်
နည်းမျိုးစုံ စည်းရုံးသိမ်းသွင်းနေ၏။ ထို့အပြင် ရှေ့ဆောင်နွားလားကြီး များဖြစ်ကြသော
သမ္မတနှင့် အတိုင်ပင်ခံပုဂ်္ဂိုလ်တို့သည် နေ့စဉ်နီးပါးမျှ ဥပဒေကို ပြောင်ပြောင်တင်းတင်းဆန့်
ကျင်ကာ ပေါ်ပေါ်တင်တင် မဲဆွယ်နေကြ၏။ ပါတီရုံးဖွင့်ပွဲလည်း တက်၏။ အလံတင်ပွဲလည်း လုပ်၏။
အောင်နိုင် ရေးယာဉ်များကိုလည်း ကြိုဆိုနှုတ်ဆက်အားပေး၏။ ဤမျှဖြင့်ပင် အားမရနိုင်သေးဘဲ
UEC ကို ခေါ်တွေ့ကာ နည်းပေးလမ်းပြ လုပ်ခဲ့ကြပြန်၏။
UEC ကလည်း NLD အနိုင်ရရေးသာ နှစ်ဆယ့်လေးနာရီ အမြဲတွေး၏။ NLD အနိုင်ရအောင် နည်းလမ်းအမြဲရှာ၏။ တစ်အိမ်တက်ဆင်း စည်းရုံးသူက
စည်းရုံး၊ ဘော်ဒါဆောင်များသွား၍ အလံတံဆိပ်များ ပေးသူကပေး၊ မဲဝယ်သူက၀ယ်၊ မဲတုလုပ်သူကလုပ်နှင့်
မဲပွဲစားကြီးများ ဖြစ်မှန်းမသိ ဖြစ်သွား ကြလေ၏။
အစိုးရဖွဲ့လိုသော အနိုင်ဇောကြောင့် အစိမ်းနယ်မြေများကိုပါ
အနီခြယ်ပစ်လိုက်ကြ၏။ အစိမ်းများ ကား သွားကြလေသည်။ ၎င်းကို စိမ်းကားသည်ဟု ခေါ်၏။ ပြည်သူများက
အမှန်တကယ် စိမ်းကားသွားခြင်းမဟုတ်ဘဲ UEC က စိမ်းကားပေးလိုက်ခြင်းဖြစ်၏။ ဤသို့ဖြင့်
မြန်မာ့နိုင်ငံရေး၌ ပရမ်းပတာရွေးကောက်ပွဲ ပေါ်လာကာ အငြင်းပွားဖွယ်ရလဒ်များကို မဖြေရှင်းနိုင်သည့်အဆင့်မှ
အာဏာအားကိုးဖြင့် လွှတ်တော်ကို ဇွတ်ခေါ်သည့် အဆင့်သို့ စစ်ကိုင်းအစိုးရ၊ ပဲခူးအစိုးရ
လုပ်ခဲ့ရသည်အထိ ရုပ်ဆိုးအကျည်းတန်ခဲ့ရလေတော့၏။
ပြည်သူပိုင် နွားနို့အိုး
ဤသို့လျှင် NLD အစိုးရနှင့် NLD ပါတီသည် ၎င်းတို့လက်ထဲ၌ရှိသော ပြည်သူ့နွားနို့အိုးကို
၎င်းတို့စိတ် တိုင်းကျ သွန်ချင်ရာသွန်၊ မှောက်ချင်ရာမှောက်စနစ်ဖြင့် ပြုပြင်ဖန်တီးလိုက်ကြသဖြင့်
၂၀၂၀ နွားနို့အိုးသည် ရေထိုးအိုးကြီး ဖြစ်သွားခဲ့ရလေတော့၏။ မည်သို့ အာဟာရရှိပါလိမ့်ပေမည်နည်း။
မည်မျှအကျိုးပြုနိုင်စွမ်း ရှိလိမ့် ပေမည်နည်း။ ထိုအခါ နို့မစစ်လျှင်နေပါစေ၊ နို့အိုးတော့
အဆုံးမခံနိုင်ဟုဆိုကာ ရွှေသားစစ်နို့အိုးကို အမြဲစောင့် ရှောက်နေရသော တာဝန်မှူး လူကြမ်းကြီးများက
အမုန်းခံ လုယူလိုက်ရခြင်းဖြစ်၏။ ပြည်သူ့အတွက် အငှားဗိုက် ဖြင့် ဓားစိုက်ခံလိုက်ရခြင်းဖြစ်၏။
ယခုအခါ နွားနို့အိုးကြီးကို ဆေးကြောသန့်စင်၍ ပြီးပေပြီ။ နွားနို့စစ်စစ် ပြန်လည်ထည့်ပေးတော့မည်ဖြစ်၏။
ရေမရောသော နွားနို့များကို ပြည်သူအများ သောက်သုံးခွင့်ရပေတော့မည်။ အကယ်၍သာ တပ်မတော်က
အမုန်းခံ လုယူမပေးလျှင် ဒီမိုကရေစီလည်း ဆုံးရှုံးသွားနိုင်၏။ အချုပ်အခြာ အာဏာလည်း ကျဆုံးသွားနိုင်၏။
အဖိုးအနဂ္ဃထိုက်တန်သော မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များနှင့် အမျိုးသား ရေး အနှစ်သာရများပါ
ပျောက်ဆုံးသွားနိုင်၏။ ထိုအခါ ခေတ်သစ်ကိုလိုနီလက်အောက် ရောက်ရှိကာ မြန်မာ ပြည်သည် မှောင်အတိကျသွားတော့မည်ဖြစ်၏။
တောင်းစရာမလိုဘဲ ပေးမည့်သူ
ယခုအခါ အမြဲကြားနေရသော “ဒီမိုကရေစီရရှိရေး
... တို့အရေး တို့အရေး”ဟူသော ကြွေးကြော်သံ သည် အဘယ်သူကို ရည်ညွှန်းလေသနည်း။ မယ်ပိုင်စီးခံရသော
ဒီမိုကရေစီကို မယ်မယ်ကြီးထံမှ ပြန်တောင်း နေကြခြင်းလော။ မယ်မယ်ကြီးထံမှ လုယူထားသော
နို့အိုးအခွံကြီးကို ဘဘလေးထံမှ ပြန်တောင်းနေကြခြင်း လော။ မယ်မယ်ကြီးထံ တောင်းခံနေကြသည်ဆိုလျှင်လည်း
မယ်မယ်ကြီးတွင် ပေးစရာမရှိတော့ပေ။ ဘဘလေး ထံ တောင်းခံနေကြသည်ဆိုလျှင်လည်း ဘဘလေးတွင်
ပေးစရာအိုးအခွံသာ ရှိလေ၏။ ရေမရောသော နို့အစစ် တွေထည့်ပြီးမှ ပေးမည်ဟုလည်း ဘဘလေးက အကြိမ်ကြိမ်
ကတိပြုထား၏။ ထိုသို့ဆိုလျှင် “ဒီမိုကရေစီရရှိရေး ... တို့အရေး”ဟု တောင်းဖွယ်မလိုအပ်တော့ပြီ။
ဤသည်ကို ယခုတောင်းဆိုနေသူများ သိကြပါသလော။
နွားနို့များ အကုန်ဖြုန်းသွားသည်ကား မယ်မယ်ကြီး၊
နွားနို့များ ပြန်ထည့်ပေးမှာကား ဘဘလေး၊
နွားနို့အတုများ ရေရောထားတာများသာ ပေးခဲ့သည်က
မယ်မယ်ကြီး၊
နွားနို့အစစ်များ ရေမရောသည့် နို့သန့်များ
ပြန်ထည့်ပေးမည့်သူက ဘဘလေး။
သင်တို့သည် နို့အစစ်ကို အ၀အလင်သောက်သုံးလိုလျှင်
အချိန်ကာလ တစ်နှစ်လေးသာ စောင့်ရန်လို ပေ၏။ နို့မရှိဘဲ ဇွတ်တောင်းနေလျှင်တော့ နွားနို့အိုးနှင့်
အခေါက်ခံရပေလိမ့်မည်။ ထို့ကြောင့် အချိန်အခါကြည့်၍ တောင်းသင့်၏။ ထိုသို့မဟုတ်ဘဲ ဒီမိုကရေစီဗန်းပြပြီး
နှောင့်ယှက်ရုံသက်သက်ဆိုလျှင်ကား သင်တို့ကံကြမ္မာကို သင်တို့ဖန်တီးနေကြခြင်းပင်တည်း။
ဒီမိုကရေစီအစစ်အမှန်နှင့် မထိုက်တန်သော လူတစ်စုဟု ပြည်သူများက သတ်မှတ်သွားလျှင် သင်တို့သမိုင်း
အကျည်းတန်ရုံသာ ရှိတော့သတည်း။
ပြည်သူများအားလုံး နွားနို့စစ်စစ် သောက်ခွင့်ရကြပါစေသော်။ ။
သင်္ဃန်းဖြူဆရာတော်
21.2.2021
No comments:
Post a Comment