“သန့်ရှင်းသောရွေးကောက်ပွဲ ကျင်းပနိုင်ရေးမှ ကြည်ဖြူစွာ အာဏာလွှဲပြောင်းရေးဆီသို့”
သင်္ဃန်းဖြူဆရာတော်
(10.6.2021
ရက်နေ့ထုတ် အတွဲ(၂) အမှတ်(၂၅) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။)
--------------------------------------------------------
ဖေဖော်ဝါရီလဆန်း ၁ ရက်နေ့၌ တပ်မတော်က နိုင်ငံ့တာဝန်ကို
ယာယီထမ်းဆောင်လိုက်ရသည်မှစ၍ ယနေ့အထိ ဆူပူဆန္ဒပြပွဲများ ဥဒဟိုပေါ်ပေါက်လာနေဆဲဖြစ်၏။ ပထမသော်
ငြိမ်းငြိမ်းချမ်းချမ်းပင်။ နောက်သော် အကြမ်းပတမ်းဖြစ်လာ၏။ ထို့နောက်သော်မူ ပရမ်းပတာများဖြစ်လာကာ
ယခုနောက်ဆုံး၌ ရုပ်ပျက်ဆင်းပျက် ဖြစ်လာလေ၏။ ထိုသူတို့ အဘယ်ကို တောင်းဆိုနေကြသနည်း။
ထိုသူတို့ကို အဘယ်သူတွေက ဦးဆောင်နေ သနည်း။ ထိုသို့သော နည်းလမ်းများဖြင့် မိမိဆန္ဒ ပြည့်ဝနိုင်သလော။
ဤသဘောကို စောကြောနိုင်စေလို၍ ဤ ဆောင်းပါးကို ရေးလိုက်ရခြင်း ဖြစ်ပါသည်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းသည်ပင် ကာလရှည်ကြာလာလျှင်
နှစ်ဖက်သားလုံးအတွက် အပြစ် အနာအဆာ များပြားတတ်သဖြင့် ကောင်းသည်ကား မဟုတ်ပေ။ အကြမ်းဖက်လာသည်၊
ရုပ်ပျက်ဆင်းပျက် ဖြစ်လာသည်ဆိုလျှင် ပို၍ပင် ဆိုးလေ၏။ CDM လှုပ်ရှားမှုကို ပညာတတ်အသိုင်းအ၀ိုင်းက စတင်၍လုပ်ကြ၏။ ထို့နောက်မှ
ဝန်ထမ်းလောကသားတို့က လိုက်၍လုပ်လာကြ၏။ မလုပ်သူများကိုလည်း မြေပြင်မှာရော၊ ဝေဟင် မှာပါ
ဖိအားပေး၊ အကျပ်ကိုင်၊ ခြိမ်းခြောက်ခိုင်းကြ၏။ ဆန္ဒပြသူတို့သည် ကိုယ်ဝန်ဆောင်မိခင်ကိုလည်း
မညှာ တာ၊ ပရဟိတအဖွဲ့ပိုင် လူနာတင်ယာဉ်ကိုလည်း ချမ်းသာမပေး၊ မီးရထားခရီးသည် ပြည်သူများ
ဘေးတွေ့စေ မည့် သံလမ်းပေါ် တုံးခင်း၊ တိုင်ခင်း ပိတ်ဆို့မှုများပင် လုပ်လာသည်ကို တွေ့ရ၏။
ပြည်သူကို ထိခိုက်စေမည့် လမ်းကြောင်းများကို ရှောင်ကြဉ်ရမည့်အစား ပြည်သူကို ထိခိုက်စေမည့်
လမ်းကြောင်းကိုသာ လျှောက်လှမ်းနေ ကြ၏။ ထိုသို့သော မင်းမဲ့စရိုက်ဆိုးနည်းလမ်းမျိုးကို
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်၏ တပည့်သားမြေးများက လုပ် သင့်ပါသလော။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်၏
သားသမီးများကကော စေခိုင်းသင့်ပါသလော။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ကြီးကကော သဘောတူနိုင်ပါသလော။
NLD ကလည်း မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ
ဆို သည့်အလား အစိုးရအကျပ်အတည်းတွေ့လေ၊ ကောင်းလေဟု သဘောထားပုံရပေသည်။ NLD နေရာပြန်ရ ရေးအတွက် ပြည်သူများကို မည်မျှအထိ စတေးခိုင်းကြဦးမည်၊
ပြည်သူမည်မျှ စတေးပေးရဦးမည် မသိသော် လည်း သွေးမြေကျ မြေစာပင်တစ်ဦးစ၊ နှစ်ဦးစ စတေးခံနေရသည်ကိုပင်
စိတ်မကောင်းခြင်းကြီးစွာ ခံစားမိလေ ၏။ န၀တခေတ်မှ နိုင်စီမံခေတ်အထိတစ်လျှောက်လုံး ပြည်သူကိုသာ
သတ်ကွင်းပို့ခဲ့သော NLD ၏ နိုင်ငံရေး မေတ္တာကလည်း ဆန်းလှ၏။
ပြည်သူကို ချစ်လှပါသည်ဟူသော ပြည်သူ့ပါတီ NLD က ပြည်သူကို သတ်ကွင်း ထဲပို့နေသည်က
ပို၍ဆန်း၏။ NLD အတွက် ပြည်သူတွေ မည်မျှအထိ သေပေးနေရဦးလေမည်နည်း။
စီးပွားဖြစ်
နိုင်ငံရေးသမားများ
ဝန်ထမ်းများကလည်း ပြည်သူကို တိုက်ရိုက်ထိခိုက်စေနိုင်သည့်
နည်းလမ်းများကိုသာ ရွေးကြ၏။ ဥပမာ -ကျန်းမာရေးဝန်ထမ်းများ CDM လုပ်မှုကြောင့် လူနာများ အားကိုးရာမဲ့သွားခြင်းဖြစ်၏။ နိုင်ငံရေးသမားများက
လည်း ပြည်သူကို တိုက်ရိုက်ထိခိုက်စေမည့် နည်းလမ်းကိုသာ ရွေးကြ၏။ ဥပမာ-အလုပ်မထွက်၊ ရုံးမတက်
ဗျူဟာနှင့် ကားပျက်ကမ်ပိန်းဖြစ်၏။ မီးရထားဝန်ထမ်းများ အလုပ်မဆင်းလျှင် ခရီးသွားပြည်သူများ
မည်မျှနစ်နာ လေမည်နည်း။ ၎င်းတို့ကိုထောက်ခံသော ပြည်သူအချို့ကလည်း ပြည်သူအချင်းချင်း ထိခိုက်စေမည့်နည်းလမ်း
ကိုသာ ရွေးကြ၏။ ထို့ကြောင့် သင်္ဘောမထွက်ဖြစ်အောင် တားဆီးခြင်း၊ လူနာတင်ယာဉ်ကို တားဆီးခြင်း၊
ကိုယ်ဝန်ဆောင်မိခင်ကို ရန်မူခြင်း၊ မီးရထားသံလမ်းကို ပိတ်ဆို့ခြင်းတို့ကို ကျူးလွန်မိကြခြင်းဖြစ်၏။
ပြည်သူများက ဖြူစင်စွာလုပ်ဆောင်ခြင်းဖြစ်သော်လည်း
ဦးဆောင်သူများက မရိုးသားကြ။ ပွင့်လင်း ညီနောင်များဆိုလျှင် အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့ထံမှ
အမေရိကန်ဒေါ်လာ သန်းပေါင်းရာကျော် ရရှိ ထားသူများဖြစ်ကြ၏။ ၎င်းတို့အဖွဲ့ ၂၀၁၂ ခုနှစ် ထောင်မှလွတ်သည်မှ
ယနေ့အချိန်အထိ စီးပွားရေးလုပ်ငန်း ဟူ၍ မည်မည်ရရမရှိပါဘဲ စည်းစိမ်ယစ်၍ ဇိမ်ခံနိုင်နေသည်မှာ
ဒေါ်လာသန်းကြွယ် ချမ်းသာသောကြောင့်ဖြစ်၏။ ယခုအခါ ၎င်းတို့သည် “သူ့ဆန်စား ရဲမှ”ဟူသည်နှင့်အညီ
သူဌေးကြီးအလိုကျ ရဲပြနေခြင်းဖြစ်၏။ ၎င်းတို့သည် နိုင်ငံရေးကို စီးပွားဖြစ်လုပ်ကိုင်ခဲ့ကြသောကြောင့်
အကျိုးအမြတ်ခံစားနေရခြင်းဖြစ်၏။ ပြောရမည်ဆိုလျှင် ၎င်းတို့ထောင်ကျသည်မှာ တန်၏။ ထောင်ကျရကျိုးနပ်၏။
ပေးဆပ်ရခြင်း အကျိုးတရားများကို ပြန်လည်ခံစား နေရခြင်းဖြစ်၏။ ၎င်းတို့ခိုင်းတိုင်း လိုက်လုပ်နေကြသော
အရပ်သူ၊ အရပ်သား သာမန်ပြည်သူများသည် ၎င်း တို့လို ဘ၀အာမခံချက်ရှိပြီလော၊ ပေးဆပ်ရကျိုးနပ်မည်လော။
မိမိပေးဆပ်ခြင်းကြောင့် မည်သူအကျိုးရှိသွား မည်နည်း။ “ကိုယ်ဖြစ်ကိုယ်ခံ ဆုမပန်နှင့်”ဟူသည်နှင့်အညီ
မိမိသည်သာ ဒုက္ခခံကြရမည်ဖြစ်၏။ မိမိဘ၀တစ် သက်လုံး ထိုင်စား၍မကုန်လောက်အောင် ငွေကြေးအမြတ်အစွန်းရနိုင်လျှင်
ပေးဆပ်ရကျိုးနပ်မည်ဖြစ်၏။ မိမိ မိသားစု တစ်သက်လုံးထိုင်စား၍ မကုန်လောက်အောင် ထောက်ပံ့ကြေးရမည်ဆိုလျှင်လည်း
အသက်ပေးရကျိုး နပ်မည်ဖြစ်၏။ ကိုယ်ဖြစ်ကိုယ်ခံစနစ်ဖြင့် မိမိဘ၀ကို နိုင်ငံရေးအသုံးချသူများအတွက်
ပေးဆပ်ရမည်ဆိုလျှင် ပေးဆပ်ရကျိုးနပ်မည် မဟုတ်ပေ။ နိုင်ငံရေးလုပ်၍ စီးပွားရှာသူများအတွက်
မိမိဘ၀ကို ပေးဆပ်သင့်လေ သလော။ ပြည်သူများ အသိတရားဖြင့် စဉ်းစားစေချင်ပါ၏။
စီးပွားဖြစ်
နိုင်ငံရေးသရုပ်ဆောင်များ
ဂျော့ဆိုးရော့၏ မွေးစားသားကြီးများဖြစ်သည့်
ပွင့်လင်းညီနောင်တို့ အုပ်စုပြီးလျှင် ဒုတိယအုပ်စုအဖြစ် ပြင်းထန်စွာလှုပ်ရှားနေကြသည့်
အနုပညာလောကမှ နိုင်ငံရေးသရုပ်ဆောင်များနှင့် လော်ဘီများကိုလည်း ဝေဖန်ပိုင်းခြား ကြည့်ရှုနိုင်ပေသေး၏။
၎င်းတို့သည် နိုင်ငံရေးအမြင်ထက် ပုဂ္ဂိုလ်ရေးအခင်က ပို၍အားသန် သူများ ဖြစ်နေတတ်သည်ကို တွေ့မြင်ရမည်ဖြစ်သကဲ့သို့
ပြည်သူ့အကျိုးစီးပွားထက် မိမိအကျိုးစီးပွားကို ရှေးရှု နေသူများ ဖြစ်နေသည်ကိုလည်း ရှုမြင်ရပေမည်။
မှန်၏။ ၎င်းတို့သည် NLD အစိုးရ ထိပ်တန်းခေါင်းဆောင်များ ထံမှ
အခွင့်အရေးများ ရရှိထားကြ၏။ ၎င်းတို့၏ မယ်မယ်ကြီး အိမ်နိမ့်စံဖြစ်သွားသည့်အခါ ထိုသံယောဇဉ်နှင့်
ကျေးဇူးတရားများကို မလွန်ဆန်နိုင်ကြတော့ပေ။ ငါ့အရှင်၊ ငါ့သခင်သာ အဓိကဖြစ်သွားတော့၏။
၎င်းတို့၏ အကျိုးစီးပွားများလည်း မယ်မယ်ကြီးနှင့်အတူ ကပ်ပါသွားသဖြင့် ပို၍နာကျင်စွာ ခံစားကြရ၏။
ဤအတ္တ၊ ဤ အာဃာတများသည် ၎င်းတို့ကို နိုင်ငံရေးလမ်းမပေါ်သို့ တွန်းပို့နေတော့၏။
၎င်းတို့သည် အနုပညာရှင်များဖြစ်သည့်အားလျော်စွာ
ပရိသတ်အများအပြား ကိုယ်စီရှိထားကြသဖြင့် ၎င်းတို့၏ အတ္တနှင့် အာဃာတကို ပရိသတ်အင်အားက ပို၍ကြီးထွားအောင်
လုပ်ပေးလိုက်လေ၏။ ပရိသတ်က လည်း အင်အားကြီး၊ အတ္တနှင့် အာဃာတကလည်း အင်အားကောင်းဖြစ်လာသဖြင့်
တစ်မြို့လုံး ကားပျက်ဘ၀ သို့ ရောက်ရှိသွားအောင် စွမ်းဆောင်နိုင်ကြလေတော့၏။ CDM လည်း သူတို့အင်အား၊ ဆန္ဒထုတ်ဖော်ပွဲလည်း သူတို့အင်အား၊
အင်တာနက်ကွန်ရက်မှာ သူတို့အင်အားပါနေသဖြင့် ဝေဟင်ရော၊ မြေပြင်မှာပါ အင်အားကြီး ထွားနေခြင်းဖြစ်၏။
၎င်းတို့၏ နောက်လိုက်ပရိသတ်ကို ပြောချင်သည်မှာ ဦးဆောင်အနုပညာရှင်များနှင့် လော်ဘီများသည်
နိုင်ငံရေးလုပ်ရကျိုးနပ်သူများ ဖြစ်ကြပေသည်။ ထောင်ကျလျှင်လည်း အခြေမပျက်၊ ထောင် မကျလျှင်လည်း
အနေမပျက်နိုင်တော့ပါ။ အချို့နိုင်ငံရေးသရုပ်ဆောင်များသည် သိန်းပေါင်းသိန်းချီ ရရှိထားပြီး
အချို့လော်ဘီများသည် သိန်းပေါင်းထောင်ချီ၊ သောင်းချီ ရရှိထားကြပေသည်။ လော်ဘီလုပ်ရုံဖြင့်
စီးပွားဖြစ်ခဲ့ ကြသူများတည်း။
၎င်းတို့သည်လည်း ပွင့်လင်းညီနောင်တို့နည်းတူ
စီးပွားဖြစ်နိုင်ငံရေးသမားများ ဖြစ်ကြပါသည်။ ထိုသူတို့ ကို ၀န်းရံသော ပြည်သူများသည်
ထိုသူတို့ကဲ့သို့ ပြည့်စုံနေကြပြီလော၊ ထောင်ကျရကျိုး နပ်ကြမည်လော၊ စောကြောစေချင်ပါသည်။
ထိုသူတို့လုပ်ဆောင်မှုသည် ပြည်သူ့အတွက်ဟုတ်သလော၊ ဒီမိုကရေစီအတွက်ကော ဟုတ်သလော။ ဒီမိုကရေစီဗန်းပြ၍
ပြည်သူကို အသုံးချနေသူများသာ ဖြစ်ပါသည်။ ဆက်လက်၍ ထိုသူတို့ နောက် လိုက်လျှောက်နေပါလျှင်
မိမိသည် ထိုသူတို့အတွက် အစတေးခံဘ၀သို့ ရောက်ရှိသွားပေလိမ့်မည်။
ထို့ကြောင့် ဒီမိုကရေစီအတွက်ဆိုလျှင် ၎င်းတို့နောက်
လျှောက်မလိုက်ပါနှင့်။ ပြည်သူအတွက်ဆိုလျှင် ၎င်းတို့ခိုင်းတိုင်း လိုက်မလုပ်ပါနှင့်။ သန့်ရှင်းသောရွေးကောက်ပွဲအတွက်သာ
ကြိုတင်ပြင်ဆင်ထားကြပါ။ အနိုင်ရ ပါတီကို အာဏာအပ်နှင်းရေးအတွက်သာ အာရုံစိုက်ထားကြပါဟု
မှာနေရခြင်းဖြစ်ပါ၏။
ဝန်ထမ်းလေလော
နယ်ရုပ်လော
CDM လုပ်၍ သပိတ်မှောက်နေကြသော ၀န်ထမ်းများကိုလည်း
မေးချင်ပါသည်။ ခံယူချက်၊ ယုံကြည် ချက်ဖြင့် လုပ်သည်ပင်ထားဘိဦး။ လခမည်သူပေးမည်နည်း။
မလျှော့ပေါ့ဘဲ အမြဲပေးနိုင်ကြမည်လော။ ရာထူး ကျလျှင်၊ အလုပ်ပြုတ်လျှင် နစ်နာကြေးရမည်လော။
မိမိအတွက်၊ မိမိမိသားစုအတွက် အလုံအလောက် ရရှိနိုင် မည်လော။ မိမိနည်းလမ်းကကော ပန်းတိုင်အရောက်
ပို့ပေးနိုင်မည်လော။ ပန်းတိုင်ရောက်လျှင်ကော မိမိခံစား ခွင့်ရမည်လော။ မလွယ်ပါ။ တကယ်မလွယ်ပါ။
ထိုအခါကျမှ မိမိသည် နိုင်ငံရေးအသုံးချခံသက်သက်သာ ဖြစ်ခဲ့ မှန်းသိရှိရလျှင် နောက်ကျသွားပေလိမ့်မည်။
မိမိအကျိုးအမြတ်မရစေကာမူ ပစ်မှတ်ကို တည့်တည့်ထိပါလျှင် အသုံးချခံရကျိုးနပ်သည်ဟု ဆိုရမည်ဖြစ်သော်လည်း
ပြည်သူသာအထိနာစေမည့် နည်းလမ်းများဆိုလျှင် ပန်း တိုင်ရောက်သည်ထားဘိဦး၊ ပြည်သူကို စတေးရာရောက်မည်ဖြစ်၍
စဉ်းစားစေလိုပေသည်။ ဘွဲ့ရပညာတတ် အရာရှိကြီးများသည် အသုံးချခံဘ၀ဖြင့် နိုင်ငံရေးသမားတို့၏
နယ်ရုပ်လေးများ ဖြစ်မှန်းမသိ ဖြစ်နေလျှင်ကား နစ်နာစရာအတိပင် ဖြစ်လေ၏။
ပြည်သူကောင်းစားရေးလော
ငါကောင်းစားရေးလော
ပြည်သူများသည် ရှစ်လေးလုံးအရေးတော်ပုံမှ
ကျောင်းသူမလေး မ၀င်းမော်ဦးကို အားကျနေသလော။ ၀င်းမော်ဦးနောက်သို့ လိုက်လိုလျှင်မူ
ဝင်းမော်ဦးမိသားစုကို ယနေ့ သန်းကြွယ်သူဌေး နိုင်ငံရေးသမားများက ပြန် ကြည့်လေသလော။
ဝင်းမော်ဦး ပေးဆပ်ရကျိုးနပ်သလော၊ ၀င်းမော်ဦးကို အားကျသင့်သလော။ မြန်မာပြည်မှာ နိုင်ငံရေးသမား
သွေးမြေကျခဲ့ဖူးသော အရေးအခင်း မည်မျှရှိလေသနည်း။ ကျောင်းသားခေါင်းဆောင် ဗိုလ် အောင်ကျော်ကော
ပါတီနိုင်ငံရေးသမားလော၊ ရွှေဝါရောင်မှာ သေခဲ့ရသူများကကော နိုင်ငံရေးသမားများလော။ နိုင်ငံရေးသမားတို့အကြောင်း
လေ့လာစေလိုပါ၏။ သူတစ်ပါးကိုတိုက်ခိုက်၍ နေရာယူရာ၌ ပြည်သူကို ထိုးကျွေး ပြီးမှ နေရာယူတတ်သည်မှာ
နိုင်ငံရေးသမားပင် ဖြစ်သတည်း။ တိုင်းပြည်ကောင်းစားရန်အတွက် နိုင်ငံရေးလုပ် လျှင် ကိစ္စမရှိ။
နိုင်ငံရေးသမားကောင်းစားရန်အတွက် နိုင်ငံရေးလုပ်လျှင် ပေးဆပ်ရကျိုးနပ်မည်မဟုတ်။ ထို့
ကြောင့် နိုင်ငံရေးသမားများနောက်သို့ လိုက်တော့မည်ဆိုလျှင် ဆင်ခြင်တုံတရားဖြင့် သုံးသပ်သင့်လှပေသည်။
မြှောက်ပေးလျှင် အဟုတ်ထင်၊ လူအုပ်မြင်လျှင် သွေးဆူတတ်သူများသည် နိုင်ငံသမားတို့၏ ပစ်မှတ်ကလေးများ
ဖြစ်နေတတ်၏။ ထို့ကြောင့် သတိပေးရခြင်း ဖြစ်ပါ၏။
ခုတ်ရာတခြား
ရှရာတခြား နိုင်ငံရေးသမားလေလော
နိုင်ငံရေးသမားများ၊ ၀န်ထမ်းများ၊ ဆန္ဒပြပြည်သူများကို
ပြောလိုသည်မှာ ရှစ်လေးလုံးအရေးအခင်း ကာလ တစ်လကျော်၊ နှစ်လနီးပါး အုပ်ချုပ်ရေးယန္တရားများ
လုံးဝရပ်ဆိုင်းသွားပြီး မင်းမဲ့တိုင်းပြည်ဖြစ်ခဲ့ရာ၌ မြန်မာပြည်ကြီး ပြန်လည်တည်ဆောက်၍
မရနိုင်သည့်အဆင့်ထိ ရောက်ခဲ့ကာ လုံးဝပျက်သုဉ်းသွားလေ သလော၊ သို့မဟုတ် ၀န်ထမ်းများ ဆက်လက်တောင့်ထားကာ
အလုပ်မထွက်၊ ရုံးမတက်ဘဲ စစ်အစိုးရယန္တရား သစ်ကြီး လုံးဝမလည်ပတ်နိုင်အောင် သပိတ်မှောက်ခဲ့ကြလေသလော၊
စစ်အစိုးရယန္တရားအသစ် လည်ပတ်ခဲ့ ချိန်တစ်လျှောက်လုံး၌ တောင်းပွဲ၊ တိုက်ပွဲများ ပြုလုပ်ခဲ့ကြသူများကြောင့်
ပြည်သူလိုလားသော ဒီမိုကရေစီ ရခဲ့ ကြလေသလော၊ အရာအားလုံးကိုစောကြောကာ အာဏာရှင်သက်ဆိုးရှည်အောင်
ပြုလုပ်ရာရောက်သည့် မှန်း ချက်နှင့် နှမ်းထွက်မကိုက်သော နည်းဗျူဟာမျိုးကို ရှောင်ကြဉ်ကြစေလိုပါသည်။
ဒီမိုကရေစီ အမှန်လိုလားသူ များဖြစ်လျှင် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်မှသာ လျှောက်လှမ်းလိုပေသည်။
ယခု နိုင်စီမံကောင်စီသည် ခေတ္တ ခဏ အာဏာထိန်းထားသည့် ယာယီအစိုးရသာ ဖြစ်ပါသည်။ အရေးပေါ်ကာလ
တစ်နှစ်ကြေညာပြီး ရွေး ကောက်ပွဲကျင်းပပေးမည်ဟု အကြိမ်ကြိမ်ကတိပေးနေပါသည်။ ရွေးကောက်ပွဲကျင်းပပေးရန်လည်း
ယခုက တည်းက စတင်အလုပ်လုပ်နေပါပြီ။ သန့်ရှင်းသောရွေးကောက်ပွဲကြီး ကျင်းပပြီးလျှင်လည်း
အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု ကတိပြုထားပါသည်။ ဖြောင့်တန်းစွာ ရွေးကောက်ပွဲကျင်းပပေးရေးနှင့်
ကြည်ဖြူ စွာ အာဏာလွှဲပြောင်းပေးရေးအတွက်သာ ၀ိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ကြရပါမည်။
ထိုသို့မဟုတ်ဘဲ ပါတီ စွဲ၊ ပုဂ်္ဂိုလ်စွဲသက်သက်ဖြင့် အမေစုမှ အမေစု၊ NLD မှ NLD ဆိုလျှင်တော့ ခုတ်ရာတခြား ရှရာတခြားဖြစ်ကာ
လိုချင်တာမရဘဲ မလိုချင်တာ ရရှိနိုင်ပါသည်။
နိုင်ငံရေးကို လေ့လာပါ။
နိုင်ငံရေးကို အစွဲကင်းစွာ သုံးသပ်ပါ။
အဖြေမှန်ကို ရဲဝံ့စွာပြပါ။
ပြည်သူ့အကျိုးစီးပွားကိုသာ ဦးတည်ပါ။
ပြည်သူအကျိုးပြု ပုဂ်္ဂိုလ်နှင့် အဖွဲ့အစည်းကိုသာ
အားပေးပါ။
ပြည်သူလူထု ထိခိုက်နစ်နာနိုင်သည့် နည်းလမ်းများကို
ရှောင်ကြဉ်ပါ။
ပြည်သူ့အပေါ် စေတနာထားပါ။
မိမိကိုယ်တိုင် ဓမ္မဓိဋ္ဌာန်ကျစွာ ရပ်တည်ပါ။
ပြည်သူကို အကျိုးမဲ့ဖြစ်စေသည့် မည်သည့်ဖိအား၊
တွန်းအားကိုမဆို သတ္တိရှိစွာရင်ဆိုင်ပါ။
နိုင်ငံရေးကို ဘောလုံးအသင်းအားပေးသလိုမျိုး
တစ်ဖက်သတ်အစွဲဖြင့် အားပေးခြင်းမျိုးကို သဘော မမှန် တောဆန်သောလုပ်ရပ်အဖြစ် ရှုမြင်တတ်အောင်
ဆင်ခြင်ပါ။
ချစ်ခြင်း၊ မုန်းခြင်း အစွန်းနှစ်ဖက်ကို
ရှောင်ကြဉ်ကာ ပြည်သူကို အကျိုးပြုသောပါတီ ငါ့ပါတီ၊
ပြည်သူကို အကျိုးပြုသောအစိုးရ ငါ့အစိုးရဟု
သဘောထားကာ ပြည်သူနှင့်တစ်သားတည်းဖြစ်အောင် နေတတ် ထိုင်တတ် ပြုမူပြောဆိုတတ်ပါစေ။
ဤသို့ဆိုလျှင် သင်သည် နိုင်ငံရေးသမားကောင်းတစ်ယောက်
ဖြစ်ပါပြီ။
ဤသို့ဆိုလျှင် သင်သည် မြန်မာ့သားကောင်းတစ်ယောက်
ဖြစ်ပါပြီ။
မြန်မာနိုင်ငံသူ၊ နိုင်ငံသားတိုင်း မြန်မာ့နိုင်ငံရေးကို
ပြစ်မျိုးမှဲ့မထင် သန့်ရှင်းစင်ကြယ်စွာ အားပေးကူညီ နိုင်ကြပါစေသော်။ ။
သင်္ဃန်းဖြူဆရာတော်
၂၃-၂-၂၀၂၁
No comments:
Post a Comment