ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၁)
“စဏ္ဍာလနှင့် သမဏကျင့်စဉ်”
(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်)
-------------------------------------------------
စာရေးသူတို့မှာ စာလုပ်ဖော်(သူငယ်ချင်း) ငါးပါးရှိပါသည်။ အကြီးဆုံးသည်
ဆရာသမားလို နောင်တော်ကြီးလို အလေးဂရုပြုအပ်သူ ဖြစ်သောကြောင့် သူငယ်ချင်းဟု မဆိုသာပေ။
ရွယ်တူလေးပါးရှိရာတွင် နှစ်ပါးမှာ မစိုးရိမ်တိုက်သစ် နာယကဆရာတော်များဖြစ်ကာ ကျန်နှစ်ပါးမှာ
အခြားမြို့များရှိ စာသင်တိုက်များ၌ ပဓာနနာယကနှင့် ကျောင်းထိုင်စာချများအဖြစ် ပရိယတ္တိနယ်မှာ
ထင်ရှားကြပေသည်။ စာသင်သားဘဝမှာ သွားအတူ စားအတူ စာကျက်အတူဖြစ်သဖြင့် လွန်စွာရင်းနီးကြပေသည်။
လေးပါးလုံးမှာ ပင်ကိုယ်စရိုက်ကိုယ်စီရှိကြသော်လည်း တူညီသောအချက်မှာ အသောက်အစား လောင်းကစား
ကင်းကြခြင်းပင်။ လေးပါးလုံး ဆေးလိပ်မသောက်ကြပါ။ ကွမ်းလည်း မစားကြပါ။ တစ်လုံးနှစ်လုံး
သုံးလုံး မဆိုထားဘိ တရားဝင်နိုင်ငံတော်ထီပင် မထိုးကြပါ။ အသိမိတ်ဆွေအချို့က ချဲထီအကြောင်း
ပြောလာလျှင်(သို့မဟုတ်) ချဲဂဏန်းမေးလာလျှင် သူငယ်ချင်းတစ်ပါးက ယခုလို အမြဲပြန်ပြောတတ်ပါသည်။
“ငါတို့အားလုံး လက်တွေ့သမားတွေ၊ စိတ်ကူးယဉ်ရမည့်အလုပ်မျိုး
တစ်ပါးမှ မလုပ်ဘူး”
မှန်ပါသည်။ စာရေးသူတို့ သူငယ်ချင်းလေးပါးလုံး ယခုအချိန်ထိ ဘောလုံးမလောင်း၊
နှစ်လုံးမထိုး၊ ချဲမထိုးကြပါ။ သစ္စာဆိုလောက်သည်အထိ အလောင်းကစား ကင်းကြခြင်းဖြစ်ပါသည်။
စာသင်သားဘဝ ဆွမ်းခံအိမ်မှာ ချဲဂဏန်းပေးနေသည့် မောင်ပဉ္စင်းများကိုတွေ့လျှင်
အံ့သြနေတတ်ပေသည်။ ချဲထိုး ချဲရောင်း လောင်းကစားဒိုင်လုပ်နေသည့် ဘုန်းကြီးများအကြောင်း
ကြားရလျှင် အော့နှလုံးနာနေမိပါသည်။ “ဘုန်းဘုန်းပေးတဲ့ချဲ ပြုံးပြုံးလေးနဲ့မွဲ” “ဘုန်းဘုန်းပေးတဲ့ သုံးသုံးလေး ကုန်းကုန်းပြေးရကိန်း” ဤသည်မှာ သံဃာရပ်ဝန်းလာ သရော်ဆောင်ပုဒ်များဖြစ်ပါသည်။
သေချာ၍ ချီးမြှောက်သည်ကိုပင် ဘုရားမကြိုက်ပါ။ ရမ်းသမ်းပေး၍ မွဲကုန်သည်ဆိုလျှင်မူ ပြောစရာပင်မလိုပေ။
အချို့ဘုန်းကြီးများ ဝတ်စရာသင်္ကန်းကောင်းမရှိတော့လောက်အောင် ချဲထိုး၍ပြောင်သွားကြသည်ဟု
ဆိုပါသည်။ လူတွေကို လောဘဒေါသကင်းအောင် ဟောပြောဆုံးမမည့်သူများကိုယ်တိုင်က လောဘဦးစီးနေသည်ကို
တွေ့ရသဖြင့်လည်း ၎င်းတို့ကိုယ်စား ရှက်ရွံမိပါသည်။
စာရေးသူငယ်စဉ်က ထီပေါက်မှာအလွန်ကြောက်ပါသည်။ “ထီပေါက်ရင် ဘာလုပ်လို့
လုပ်ရမှန်းကို မသိလို့ ထီမထိုးတာပါ။”ဟု သီတင်းသုံးဖော်များအား
ပြောပြသည့်အခါ သူ့ပေး ငါ့ပေး စသည်ဖြင့် စုံနေအောင် ပြန်ပြောကြပေတော့၏။ အမှန်တကယ်ပင်
စာသင်သားတစ်ပါး ထီပေါက်ငွေများကို မည်သည့်လုပ်ငန်းအတွက် အသုံးချနိုင်ပါမည်နည်း။ အသုံးချစရာ
လုပ်ငန်းမရှိသဖြင့် ထီမထိုးခြင်းဖြစ်ပါမည်။ နောက်တစ်ချက်ကား ထီပေါက်လျှင် ယတြာကြေသွားမည်စိုးသဖြင့်
ထီမထိုးခြင်း ဖြစ်ပါသည်။ “ငွေအကြီးအကျယ်ဝင်ကိန်းရှိသည်”ဟုတစ်စုံးတစ်ဦးကပြောလျှင်
စာမေးပွဲအောင်တော့မည်ဟု မိမိဘာသာ အတိတ်ကောက်ကာ ကြိတ်သာယာနေတတ်ပါသည်။ အကြောင်းမှာ စာမေးပွဲအောင်လျှင်
စာအောင်သံဃာများအား တန်ဖိုးကြီးပဒေသာပင်များ မဲနှိုက်လှူဒါန်းကြသောကြောင့်တည်း။ ထီပေါက်လျှင်
အဆိုပါပဒေသာပင်များ ရရှိနိုင်သည့် စာမေးပွဲအောင်မည့် အခွင့်အလမ်း ပိတ်ဆို့သွားမည်စိုးသောကြောင့်တည်း။
ကျောင်းထိုင်နာယကအဖြစ် သာသနာ့တာဝန်ထမ်းဆောင်ခွင့်ရရှိသည့်အခါမှစ၍
သာသနာပြုရာမှာ ငွေကြေးက အခရာကျကြောင်း သိရှိခဲ့ရပါသည်။ ထိုအခါမှသာ လူတွေ ထီထိုးရခြင်းအဓိပ္ပါယ်ကို
သိရှိလာခြင်း ဖြစ်ပါ၏။ ထီပေါက်ချင်သော်လည်း ထီမထိုးဖြစ်ပါ။ ဆွမ်းကပ်ပွဲ အလှူပွဲများမှ
ထီလက်မှတ်များ ရလာလျှင် “ထီမထိုးဘဲ ပေါက်ချင်တာနဲ့ အတော်ပဲ”ဟု
ပြောပြတတ်ပါသည်။ ထီလက်မှတ်လာလှူလျှင်လည်း “ကျူပ်က ထီမထိုးဘဲ ပေါက်ချင်နေတာဗျ”ဟု ဝမ်းသာာအားရ ပြောပြတတ်ပါသည်။ စာရေးသူအမည်ဖြင့်
လစဉ်ထီထိုးပေးနေသည့် ထီလက်မှတ်အလှူရှင် ဒါယိကာမတစ်ဦး ရှိပါသည်။ ထီမထိုးဘဲ ပေါက်ခဲ့လျှင်ကား
ပညာရေး၊ ပရဟိတ၊ သာသနာပြုလုပ်ငန်း၊ အမျိုးသားရေးလုပ်ငန်း စသည် လုပ်စရာတွေ တစ်ပုံတစ်ပင်ကြီးပင်။
စာရေးသူ ကျောင်းသားဘဝ ငယ်စဉ်ကတည်းက ဆေးလိပ်မသောက်ခဲ့ဖူးပါ။ လူကြီးများက
ဆေးလိပ်မီးညှိခိုင်းလျှင်လည်း “မင်းမဖွာနဲ့”ဟု ပြော၍ ခိုင်းကြပါသည်။
ဆေးလိပ်ဖွာမိလျှင် သောက်ဖြစ်သွားမည်စိုးသောကြောင့် ဖြစ်ပါမည်။ စာရေးသူကလည်း လုံးဝ မဖွာပါ။
ဆေးလိပ်မသောက်သော်လည်း ဆေးလိပ်သောက်သည်အထင်ဖြင့် အတီးခံခဲ့ရဖူးပါသည်။ ကျောင်းမှအပြန်
အဝတ်အစားလဲကာ သူငယ်ချင်းများ ခြင်းခတ်ကြရာ စားရေးသူလည်း ဝင်၍ခတ်ပါသည်။ ထိုသို့ ခြင်းခတ်နေစဉ်
“ဗြောင်း”ဆိုသည့်အသံကြီးနှင့်တူ နားရင်းတစ်ဖက်လုံး
ပူထူသွားသဖြင့် လှည့်ကြည့်လိုက်ရာ စာရေးသူ၏ ဖခမည်းတော်ကြီး ဖြစ်နေပေသည်။ စိတ်ဆိုးမာန်ဆိုးဖြင့်
“ဆေးလိပ်မသောက်ရဘူးလို့ ငါပြောမထားဘူးလား”ဟု မာန်မဲပါမှ သဘောပေါက်သွားပေတော့သည်။
အကြောင်းမှာ စာရေးသူက ဒူးယားစီးကရက်ပုံစံ မုန့်တောင့်လေး ခဲထားသောကြောင့်တည်း။ မုန့်ကို
ဆေးလိပ်ထင်၍ နားရင်းတီးခြင်း ဖြစ်ပါသည်။ မုန့်မှန်းသိသွားသည့်အခါ အဖေမျက်နှာမထားတတ်တော့ပါ။
အများရှေ့မှာ မဆင်မခြင် တီးပစ်မိသည်ကိုး။ စီးကရက်ပုံစံမုန့်လေး ခဲသည်ကိုပင် ကြယ်တွေလတွေ
ပွင့်ထွက်သွားအောင် ဆော်ပလော်တီးလျှင် ဆေးလိပ်အစစ်ဖြစ်ခဲ့သော်..ဟူသည့်အတွေး စာရေးသူမှာ
စွဲထင်သွားခဲ့ပါတော့သည်။ ထို့ကြောင့်လည်း ဆေးလိပ်ဆိုလျှင် အနံ့ပင် မခံနိုင်တော့ပေ။
ဆေးလိပ်နံ့ရှုမိလျှင် ခေါင်းကိုက်တတ်ပါသည်။ ကွမ်းလည်း မစားတတ်ပါ။ ငယ်စဉ်အခါ၌ ကွမ်းယာအချိုတစ်ယာတလေ
စားဖူးပါသည်။ ယခုအခါ ကွမ်းယာအချိုစားသည့်ယဉ်ကျေးမှု မရှိတော့ဟု ဆိုလေ၏။ လွမ်းစရာပင်။
တစ်ယာတလေ စားမိသူပင် ကွမ်းချိုချိုကို လွမ်းမိနေတော့၏။ အရက်သောက်ဖို့ဆိုသည်မှာ ဝေလားဝေးပင်။
“ဆင်းတုတော် အရက်သောက်တယ်ဆိုရင် ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဝီရသူ အရက်သောက်တယ်ဆိုတာ လုံးဝ
မဖြစ်နိုင်ဘူး”ဟု အမြဲဂုဏ်ယူခဲ့သူဖြစ်ပါသည်။ “အရက်သမားတစ်ယောက်ယောက်က
ဇရပ်ထဲအရက်သောက်ပြီး ဆင်းတုတော်ကို အရက်ကပ်ရင် ကပ်နေမှာ၊ ဝီရသူကိုတော့ အရက်ကပ်လို့
မရဘူး”ဟု ပြန်လည်ရှင်းပြမှ သဘောပေါက်သွားကြသည်က များလေသည်။ သို့သော် စာရေးသူမှာ ဝဋ်ကြွေးအတော်ကြီးပုံရပါသည်။
ဆေးနံ့မခံနိုင်သူဖြစ်ပါလျက် ဆေးသမားအစွပ်စွဲခံနေရ၏။ အရက်နံ့မခံနိုင်သူဖြစ်ပါလျက် အရက်သမား
စွပ်စွဲခံနေရလေ၏။ နှစ်ထောင်ခုနှစ် စွန်းကာစက ဖြစ်ပါသည်။ သာသနမလဝိသောဓနီ(သာသနာ့အညစ်အကြေးသုဓ်သင်ရေး)အဖွဲ့ကို
စာသင်တိုက်ကြီးတစ်တိုက်မှ ဝိုင်းရိုက်လိုက်ကြပါသည်။ အဖွဲ့၏ကိုင်တွယ်ပုံကို မကျေနပ်၍
အကြမ်းဖက်မိသွားသည်ကို မပြောသာခဲ့သော်လည်း ထိုအဖွဲ့ကို ဝီရသူဦးဆောင်သည်၊ ထိုအဖွဲ့က
အရက်ပုံးတွေ ကားဖြင့်တင်ဆောင်လာသည်၊ ဝီရသူကိုယ်တိုင် အရက်ကို ပုံးလိုက်သောက်သည်ဟု သတင်းလွှင့်ခြင်းပင်။
မိမိအပြစ်ကို သူတစ်ပါးအပြစ်ဖြင့် ဖုံးကွယ်ခြင်းဖြစ်သော်လည်း စာရေးသူသည် ထိုအဖွဲ့ကို
ဦးဆောင်သူမဟုတ်ပါ။ ကားထဲမှာလည်း မပါပါ။ ၎င်းတို့ထံလည်း မရောက်ပါ။ အကြောင်းမှာ စာရေးသူက အငယ်တန်းစာမေးပွဲကြီးကြပ်ရေး
အတွင်းရေးမှူးအဖြစ် စာမေးပွဲစောင့်နေသောကြောင့် ဖြစ်ပါသည်။ ပို၍ဆိုးသည်က “ဝီရသူအရက်သောက်တာ
ငါကိုယ်တိုင်မြင်တာ”ဟု မိမိကိုယ်ကို သက်သေထူခြင်းပင်။ နားထောင်နေသူက
စာရေးသူ၏ သူငယ်ချင်းလည်းဖြစ်၊ ညီအရင်းလို ချစ်ခင်ရင်းနီးသူလည်း ဖြစ်နေ၍ “မဟုတ်သေးဘူးနော်”ဟု အကြိမ်ကြိမ်ပြန်ပြောမှ လျှောချသွားသောဟူ၏။
ထိုစဉ်က ‘ထေရဝါဒ တိုက်ပွဲ’စာအုပ် နာမည်ကြီးစဖြစ်၍
စာရေးသူ၏ ကလောင်အမည် ရေပန်းစားချိန် ဖြစ်ပါသည်။ စာအုပ်ဖတ်ရသူတိုင်းက ဝီရသူဆိုသည်မှာ
ထောင်ထောင်မောင်းမောင်း ညိုညိုမည်းမည်း မျက်နှာပေါက်ဆိုးဆိုးဟု ထင်ထားကြပါသည်။ သို့ဖြစ်၍
ဝိသောဓနီအဖွဲ့ ဦးဆောင်ဆရာတော်ကို ဝီရသူအထင်ဖြင့် ဝိုင်းရိုက်လိုက်ခြင်း ဖြစ်ပါမည်။
အင်တာနက်ခေတ်မဟုတ်သဖြင့် ဝီရသူကို မည်သူမျှ မမြင်ဖူးကြပါ။ စာနယ်ဇင်းများမှာလည်း စာရေးသူပုံ
မပါသဖြင့် ပုံမမြင်ဖူးဘဲ သင်္ကန်းအရောင်တူရုံမျှဖြင့် ဝီရသူဟု တစ်ထစ်ချမှတ်ယူကာ အကြမ်းဖက်လိုက်ခြင်း
ဖြစ်ပါမည်။
နောက်တစ်ခုကား မူးယစ်ဆေးကိစ္စပင်။ စာရေးသူက နံပါတ်ဖိုးကို ကြားသာကြားဖူးပါသည်။
မမြင်ဖူးပါ။ မှီဝဲဖို့ဆိုသည်မှာ ဝေးလာဝေးပင်။ အိုးဘိုရောက်သည့်အခါ ဆေးမှုအကျဉ်းသားများနှင့်
အင်တာဗျူးပါသည်။ ထိုအခါ ဘိန်းမည်းဟူသော ဝေါဟာရတစ်ခု ထပ်မံကြားဖူးလိုက်ရပါသည်။ ဟုတ်ပါပေမည်။
ဘိန်းဖြူရှိ၍ ဘိန်းမည်းရှိသည်မှာ သဘာဝပင်။ WY အမှတ်အသားပါသည့် ဆေးပြားလေးများ သတင်းမှာ
အမြဲတွေ့ရပါသည်။ အရပ်ထဲမှာ မမြင်ဖူးပါ။ မူးယစ်ဆေးဝါးမဆိုထားဘိ ဆေးလိပ်အနံ့ပင် မခံနိုင်သော
စာရေးသူကိုမှ “ဆေးသမား”ဟု စွပ်စွဲနေကြသည်မှာ အံ့သြစရာတစ်ခုပင်။
ဟောပုံပြောပုံကြည့်၍ စွပ်စွဲသည်၊ လက်ကဒဏ်ရာများကိုကြည့်၍ စွပ်စွဲသည်၊ တရားဟောရင်း တစ်ရှူးသုံးသည်ကိုကြည့်၍
စွပ်စွဲသည်များပင် ရှိကြလေသည်။ စာရေးသူသည် နှုတ်ခမ်းနှင့် နှာခေါင်းအဆီထွက်လျှင် မနေတတ်တော့ပါ။
တရားဟောလျှင်လည်း ၎င်းအဆီများကို တစ်ရှူးဖြင့် သုတ်လေ့ရှိပါသည်။ နှာခေါင်းကို တစ်ရှူးဖြင့်
သုတ်သည်ကိုကြည့်၍ တစ်ရှူးမှာ မူးယစ်ဆေးထုံထားသည်၊ ၎င်းကို တရားဟောရင်း ရှူရှိုက်ခြင်းဖြစ်သည်ဟု
ဝေဖန်စွပ်စွဲခြင်း ဖြစ်ပါသည်။ ၎င်းတစ်ရှူးကို စားပွဲပေါ်သို့ စာရေးသူကိုယ်တိုင် တင်ထားခြင်းမဟုတ်ပါ။
တပည့်ကျောင်းသားများကိုလည်း မတင်ခိုင်းပါ။ တရားပွဲကျင်းပသူများကသာ တင်ထားခြင်း ဖြစ်ပါသည်။
စာရေးသူတစ်ပါးတည်းအတွက် တင်ထားခြင်းမဟုတ်ပါ။ ဓမ္မကထိကဆရာတော်အားလုံးအတွက် တင်ထားခြင်းဖြစ်ပါသည်။
လက်ကဒဏ်ရာများကလည်း တက်တူးဖျက်ထားသည့် ဒဏ်ရာများဖြစ်ပါသည်။ ၂၀၁၂ခုနှစ်က မြို့တော်ဆေးရုံးမှာ
ခွဲစိပ်ကုသထားခြင်းဖြစ်ပါသည်။ ဆရာဝန်များ သူနာပြုများက ယခုထိ စာရေးသူတက်သည့် ဆေးရုံအခန်းနံပါတ်
မှတ်မိနေကြသေးသော်လည်း စာရေးသူကား မမှတ်မိတော့ပါ။
လူစိမ်းသူစိမ်းများ ရန်သူမုန်းသူများက
ဆေးသမား(ဆေးဘဲ) စွပ်စွဲသည်ကို ခံနိုင်ခဲ့ပါသည်။ မသိနားမလည်၍ နိုင်ငံရေးထိုးနှက်ချက်တစ်ခုဖြစ်၍
“ကိုယ်ကောင်းလျှင် ခေါင်းမရွေ့”သဘောမျိုးဖြင့် မိမိကိုယ်ကိုယ်
ဖြေသိမ့်နိုင်ခဲ့ပေသည်။ မိမိ၏ ဒါယကာ ဒါယိကာမများကပါ စူးစမ်းလာသည့်အခါ စိတ်မကောင်း ဖြစ်မိပါတော့သည်။
နှုတ်ဖြင့် တိုက်ရိုက်စွပ်စွဲလာသည့်အခါ ပို၍ခံစားရပါတော့၏။ စာရေးသူ အိုးဘိုမှာ နေရစဉ်ကတည်းက
ကြည်ညိုရင်းစွဲရှိသော ဒါယိကာမကြီးတစ်ဦးသည် စာရေးသူ၏ အဒေါ်ပမာ မိခင်ပမာ အားထားရသူဖြစ်ပါသည်။
နိုင်ငံခြားမှာနေသူဖြစ်၍ လိုအပ်သည်များကိုလည်း အမြဲတန်းထောက်ပံ့နိုင်သူဖြစ်ပါသည်။ မြန်မာပြည်ပြန်လာလျှင်လည်း
လှူဖွယ်ဝတ္ထုများ လိုလေသေးမရှိပါ။ ထိုဒါယိကာမကြီးက စာရေးသူထံ ဖုန်းဆက်ပါသည်။ “အရှင်ဘုရား
ဆေးဖြတ်နေပြီကြားရလို့ ဝမ်းသာတယ်ဘုရား” “ဟင် ကျုပ်က ဘာဆေးဖြတ်ရမှာတုန်း” “အရှင်ဘုရားကလည်း သိရက်သားနဲ့” “သြော်… ဒကာမကြီးကလည်း အဲဒီလို
ထင်နေတာလား၊ ကျန်တဲ့လူစွပ်စွဲတာ ခံနိုင်တယ်ဗျာ၊ ခင်ဗျားလို ဒကာမမျိုး စွပ်စွဲတာခံရတော့
ကျုပ်ဝမ်းနည်းမိတယ်”ဟု ပြောမိသွားပါသည်။ နိုင်ငံရေးသမားများ၏
အောင်မြင်မှုပင်။ ချီးကျူးမိပါသည်။ မူးယစ်ဆေးဆိုသည်မှာ ဘယ်ဆီနေမှန်းမသိရသည့် ဘုန်းကြီးတစ်ပါးကို
ဆေးသမားဖြစ်အောင် စွပ်စွဲရေးသားသြသော နိုင်ငံရေးသမားတို့၏ မေတ္တာတရားဖြန့်ဖြူးမှု၏ ရလဒ်တစ်ခုအဖြစ်
အသိအမှတ်ပြုကာ ချီးကျူးနေမိခြင်း ဖြစ်ပေသည်။ နိုင်ငံရေးဆိုသည်မှာ ဖခင်အရင်းကိုပင် ပြန်သတ်ရသော
လုပ်ငန်းမျိုးဖြစ်နေသောကြောင့်တည်း။ နိုင်ငံရေးသမား မကျူးလွန်ဝံ့သော အကုသိုလ်ဟူ၍ လုံးဝ
မရှိသောကြောင့်တည်း။
စာရေးသူငယ်စဉ်က “စဏ္ဍာလနှင့် သမဏ”ခေါင်းစဉ်တပ်၍ ဒဿနတစ်ခု
ရေးဖူးပါသည်။ “တောင်းတာချင်းအတူတူ စဏ္ဍာလက ကိုယ်ကျင့်တရားမရှိ၊ သမဏက ကိုယ်ကျင့်တရားရှိသည်။
စဏ္ဍာလက စရိုက်ကြမ်းသည်၊ သမဏက နူးညံ့သိမ်မွေ့သည်။ စဏ္ဍာလက ဣနြေ္ဒသိက္ခာမရှိ၊ သမဏက ဣနြေ္ဒသိက္ခာရှိသည်။
စဏ္ဍာလက တရားမရှိ တရားမသိ၊ သမဏက တရားရှိ တရားသိသည်”
စသည်တို့ ဖြစ်ပါသည်။ စာသင်ငယ်များအား စာချလျှင်လည်း စဏ္ဍာလနှင့် သမဏ ကွာခြားမှုကို ပြောပြလျက်
စဏ္ဍာလလိုမနေဖို့ အမြဲသတိပေးတတ်ပါသည်။
ဇိုးဘုန်းကြီးများ ဖိုးဘုန်းကြီးများ သတင်းကြားရလျှင် စိတ်မကောင်းပါ။
၎င်း၏ရွာနှင့် ဒကာ ဒကာမများကို သနားနေမိသလို သာသနာတော်အတွက်လည်း ရင်လေးနေမိပါသည်။ ကြားခဲ့ရသည့်
ဇိုး၊ ဖိုး စာရင်းတွင် မိမိသိကျွမ်းသည့် စာချအကျော် ဓမ္မကထိကအကျော် ရဲရဲတောက် အမေ့သားကြီးများ
ပါဝင်နေသည့်အခါ ပို၍ပင် ဝမ်းနည်းမိလေသည်။ ထို ဂျိုးကြီးများက စာရေးသူဆို အတော်ဆဲသောဟူ၏။
စာရေးသူ၏ ကိုရင်ဘဝ ဥပဇ္ဈာယ်ဆရာသည် စာရေးသူ၏ ဦးကြီးဖြစ်ပါသည်။ အမေကြီး(အဖွား)၏
မောင်အရင်း ဖြစ်ပါသည်။ အမေ့ဦးလေး စာရေးသူ၏ ဦးကြီးဖြစ်သူ ရွှေလှံထောင်ဆရာတော်ကား ဝေဘူဆရာတော်ကြီး၏
တပည့်ရင်းဖြစ်ပါသည်။ တရားယောဂီဖြစ်သည့်အားလျော်စွာ လောဘဒေါသခေါင်းပါးအောင် နေပြတတ်ပါသည်။
ကွမ်း ဆေး အရက်ကို အလွန်ရွံမုန်းပါသည်။ အာဂန္တုတစ်ပါး ဆေးလိပ်သောက်နေသည်ကို တွေ့လျှင်
အထူးအဆန်းဖြစ်နေတတ်ပါသည်။ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းကား ဧရာမအပြစ်ကြီးတစ်ခုပင်။
စာရေးသူလည်း ငယ်စဉ်ကတည်းက သန္နိဋ္ဌာန်ချထားခဲ့ပါသည်။ ကွမ်း ဆေး အရက်ကို သာမန်လူသားတွေတောင်
မမှီဝဲကြပါ။ ရဟန်းဘဝဆိုသည်မှာ လူသားတွေထက် မြင့်မြတ်သူဖြစ်ပါသည်။ ဝိနည်းသိက္ခာပုဒ်ကို
အသာထားလို့ ကွမ်းဆေးအရက်လောက်တော့ မဖြစ်မနေ ရှောင်ကြဉ်သင့်သည်၊ လူရိုသေ ရှင်ရိုသေအဆင့်လောက်တော့
နေဖို့သင့်သည်ဟု ခံယူထားခြင်းဖြစ်ပါသည်။ အလောင်းကစား အသောက်အစားကင်းသူကိုမှ အရက်သမား
ဆေးသမားဖြစ်ရလေအောင် “မေတ္တာတရား”တွေ ဖြန့်ဖြူးနေသည့် မီဒီယာ၊
အမဲ၊ အရဲ ဟူသော ပုလင်းတူဘူးဆို့များကို မချီးကျူးဘဲ မနေနိုင်ခြင်း ဖြစ်ပါတော့သတည်း။
“စဏ္ဍာလနှင့် သမဏကျင့်စဉ်”ပြီးပါပြီ
ဝီရသူ(မစိုးရိမ်)
14.6.2020

No comments:
Post a Comment