Thursday, August 20, 2020

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၀)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၀)

ကျောင်းသန့်ရှင်းရေး ကုသိုလ်တော်

(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်)

-------------------------------------------------

 

စာရေးသူသည် ငယ်စဉ်ကတည်းက သေနာသနဝတ် (ကျောင်းသန့်ရှင်းရေးကုသိုလ်)မြဲသူ ဖြစ်ပါသည်။ အခိုက်အတန့်သာ နေထိုင်ရသည့်ကျောင်း ဖြစ်စေကာမူ သန့်ရှင်းရေးဝတ်မပျက်ခဲ့ပါ။ တံမြက်စည်းလှည်းခြင်းအလုပ်ကို အမြဲလုပ်ပါသည်။ စာကျက်ရင်း ကြမ်းတိုက်ပါသည်။ သင်္ကန်းစုတ်ကို ခြေနှစ်ဖက်ဖြင့်နင်းထားပြီး တစ်လှမ်းချင်း ပွတ်ဆွဲလမ်းလျှောက်ကာ စာကျက်ခြင်း စာပြန်ခြင်းအလုပ်ကို လုပ်လေ့ရှိပါသည်။ ချောမွေ့ပြောင်လက်လာသော ကြမ်းခင်းများကိုကြည့်၍ ဓမ္မပီတိဖြစ်ရသလို မိမိမရောက်ခင်နှင့် မိမိရောက်ပြီး မကြာမီကာလတို့ကို ပြန်လည်သုံးသပ်ကြည့်မိသည့်အခါတိုင်းမှာလည်း အားရကျေနပ်မှု ရရှိခဲ့သည်သာ ဖြစ်ပါသည်။ယုတ်စွအဆုံး ညအိပ်ညနေ တရားဟောကြွရသည့်အခါမျိုးမှာပင် တဒင်္ဂတည်းခိုရာကျောင်းကို ကိုယ်တိုင်ကြမ်းတိုက်ခဲ့ပါသည်။ တပည့်များက တအံ့တသြဖြင့် ဝိုင်းဝန်းတားမြစ်ကြကာ ဝင်ရောက်ကြမ်းတိုက်ကြပါတော့သည်။ ထိုအခါ စာရေးသူက “ကြမ်းတိုက်တာလည်း    အမျိုးသားရေးပဲကွ၊ ကုသိုလ်လုပ်ငန်းမှန်သမျှ အမျိုးဘာသာ သာသနာခေါင်းစဉ်ထဲမှာ ရှိကြတယ်ဟု သြဝါဒပေးတတ်ပါသည်။

 

သဟာယမှာနေလျှင်လည်း မနက် ၅း၀၀နာရီ သံဃာတွေ စာကျက်နေချိန်မှာ စာရေးသူက တံမြက်စည်းလှည်းပါသည်။ ကျောင်းရှေ့က ရေနုတ်မြောင်းလေးကို အမြဲသန့်ရှင်းပေးပါသည်။ ပိတ်ဆို့နေသည့်အမှိုက်များကို ကိုယ်တိုင်ကြုံးလေ့ရှိပါသည်။ အမှတ်တမဲ့မြင်ရသူများက ရုတ်တရက်အံ့သြသွားကြသလို အမိအရ ဓာတ်ပုံရိုက်၍ လိုင်းပေါ်တင်တတ်သူများကိုလည်း တွေ့ရပါသည်။ ရေသန့်စက်မှ ထုတ်ပယ်လိုက်သော စွန့်ပစ်ရေများကိုလည်း အလဟဿ အဖြစ်မခံပါ။ ကိုယ်တိုင်ခပ်ယူကာ ကျောင်းရှေ့ရေဖြန်းခြင်း၊ သစ်ပင်ရေလောင်းခြင်းများ ပြုလုပ်တတ်ပါသည်။

 

ကွန်ပျူတာခန်းထဲမှာ အမြဲအလုပ်လုပ်လေ့ရှိသဖြင့် ပရိသတ် အဝင်အထွက်များသည့်အခါမျိုး၌ ကြမ်းပြင်မှာ ဖုန်ထူလေ့ရှိပါသည်။ ဖယောင်းကော်ဇောခင်းထားသဖြင့် ပို၍သိသာပါသည်။ အထူးသဖြင့် လမ်းလျှောက်တိုင်း ခြေဖဝါးယားခြင်းပင်။ ခြေဖဝါးယားလျှင် မနေတတ်တော့ပါ။ အမှိုက်မရှိသည့်အခန်းပင်ဖြစ်သော်လည်း ကြမ်းထတိုက်တတ်ပါသည်။ အဝတ်စုတ် အခင်းဟောင်း ခြေသုတ်အဝတ် စသည်တို့ကို ခြေဖြင့်နင်းကာ တစ်ကန့်ချင်းပွတ်ဆွဲပါသည်။ ပွတ်ဆွဲပြီးလျှင်လည်း ၎င်းအဝတ်ကို ပြန်စစ်ကြည့်ပါသည်။ ဖုန်တွေ တင်းကြမ်းပေတူးနေသည်ကို တွေ့ရပါသည်။ အောက်မှာထိုင်ရသည့် ဧည့်သည် အာဂန္တုများ မည်ကဲ့သို့ရှိမည်မသိ၊ စာရေးသူမှာကား ခြေဖဝါးယားသည့်အဆင့်ထိ ဖြစ်ခဲ့ရလေသည့် အညစ်အကြေးများပင်။

 

စာရေးသူ၏ ငယ်ဆရာဖြစ်တော်မူသည့် ကျောက်ဆည်မြို့ ရွှေလှံထောင်ကျောင်းဆရာတော်သည် ကျေးဇူးရှင်ဝေဘူဆရာတော်ကြီး၏ တပည့်အရင်းဖြစ်ပါသည်။ ထို့ကြောင့် စာရေးသူတို့အား ဝေဘူဆရာတော်ကြီး၏ သြဝါဒတရားတော်များကို မကြာခဏ ပြောပြလေ့ရှိပါသည်။ သန့်ရှင်းရေးကုသိုလ်နှင့်ပတ်သက်သည့် သြဝါဒတစ်ခုကား စာရေးသူအတွက် အဖိုးမဖြတ်နိုင်သည့် အနဂ္ဃရတနာတစ်ခု ဖြစ်ခဲ့ပါသည်။ “ဒါတွေကို မစင်ပုံကြီးတွေလို့ မအောက်မေ့ကြနဲ့၊ သံသရာအတွက် ရွှေတုံးကြီးတွေလို့ သဘောထားကြဟု မိန့်ကြားတော်မူနေပုံကို အာရုံပေါ်အောင် ဖူးမြော်နေမိပေသည်။ ဆရာတော်ကြီး မိန့်တော်မူသည့် သံသရာရွှေတုံးရွှေခဲကြီးတွေဆိုသည်မှာ မစင်ပုံများကို ဆိုလိုပါသည်။ မှန်ပါသည်။ ဇာတ်ပွဲ အငြိမ့်ပွဲရာသီတွင် ဝေဘူချောင်သွားရာလမ်းတစ်လျှောက်တွင် မစင်ပုံများကို မြင်တွေ့ရတတ်ပါသည်။ ထိုနေရာသို့ရောက်လျှင် နှာခေါင်းပိတ် အသက်အောင့်ကာ အပြေးအလွှားသွားကြရပါသည်။ အပြေးအလွှားသွားဖို့ မသင့်တော်သည့် ဆွမ်းခံသံဃာတော်များအဖြစ်ကား နေ့စဉ်ဘင်ပုတ်ငရဲကျသလိုသာ ဖြစ်နေပါတော့သည်။ သို့သော် မည်သူမျှ ရှင်းလင်းဖော်မရကြပါ။ ထိုအခြေအနေကိုရိပ်မိသော ဝေဘူဆရာတြော်ကီးကား ကိုယ်တော်တိုင် မစင်ကြုံးတော်မူပါသည်။ ဆရာတော်ကြီးကိုယ်တိုင် ရှေ့မှလုပ်ပြနေသည့်အခါ ဥပုသ်သည်များ တပည့်သံဃာများ လုံးဝ မနေသာတော့ပါ။ အားလုံးဝိုင်းဝန်းသန့်ရှင်းကြရပါတော့သည်။ ထိုအခါ ဆရာတော်ကြီးက မစင်ကြုံးရင်း “အခုသာ မစင်ဖြစ်နေတာဗျ၊ သံသရာမှာဆို ရွှေတုံးကြီးတွေ ဖြစ်ချင်ဖြစ်နေမှာဗျဟု မိန့်တော်မူခြင်း ဖြစ်ပါသည်။

 

ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး မစင်ကြုံးစဉ် ပြုံးတော်မူပုံ (ပြုံးပြုံးကြီးနှင့် သြဝါဒပေးတော်မူပုံ)ကို ပုံဖော်ဖူးမြော်မိသည့်အခါတိုင်း ကြည်ညိုမဆုံး ဖြစ်နေပါတော့၏။

 

ဆရာတော်ကြီးသည် မစိုးရိမ်ကျောင်းသားဟောင်းဖြစ်၏။ စာသင်သားဘဝကတည်းက သေနာသနဝတ် မြဲတော်မူသည်ဟု သီတင်းသုံးဖော်များက ပြောပြလေ့ရှိကြောင်းလည်း သိရှိရပါသည်။ ညစဉ် သံဃာတော်များ အိပ်မောကျနေချိန်တွင် ကုဋီသန့်ရှင်းရေးလုပ်ကာ ရေဖြည့်လေ့ရှိသည်ဟု ပြန်လည်သိရှိရခြင်းပင်။

 

ကျေးဇူးရှင် လယ်တီဆရာတော်ကြီးလည်း ထို့အတူပင် သံဃာတော်များ အိပ်မောကျနေချိန်တွင် ကုဋီသန့်ရှင်းရေးလုပ်ခြင်း၊ ရေဖြည့်ခြင်းများဖြင့် သံဃဝေယျာဝစ္စကုသိုလ် ညစဉ်ယူလေ့ရှိသည်ဟု သိရပါသည်။ တပည့်သံဃာများ သိသွားသည့်အခါ တပည့်များက တောင်းပန်လျှောက်ထား တားမြစ်ကြလေသည်။ ဆရာတော်ကြီးက “သံသရာအဆက်ဆက်က သားကျွန် မယားကျွန် ခံခဲ့ရပြီးပြီ၊ သာသနာတော်နှင့် ကြုံကြိုက်တုန်း သံဃာ့ကျွန်တော့ ခံခွင့်ပြုပါဟု မိန့်တော်မူသဖြင့် တပည့်များလည်း အားနာစိုးရွံ့စွာ ကုဋီတက်ကြရသောဟု ဆို၏။

 

စာရေးသူသည် ဝေဘူဆရာတော်ကြီး၏ သိဿာနုသိဿ (မြေးတပည့်)ဖြစ်လေရာ ဝေဘူဆရာတော်ကြီး၏ ဓမ္မအမွေ ခံယူထားပါသည်။ လယ်တီဆရာတော်ကြီးကို ကြည်ညိုသဖြင့် လယ်တီဆရာတော်ကြီး၏ သြဝါဒကို ဦးထိပ်ပန်ဆင်ထားပါသည်။ ထို့ကြောင့် ရောက်လေရာအရပ်မှာ သန့်စင်ခန်း သန့်ရှင်းရေး အမြဲလုပ်ပါသည်။ မစိုးရိမ်တိုက်သစ်ရောက်ကာစ စာသင်တန်းဘဝကတည်းက သံဃကုဋီ(အများသုံးအိမ်သာ)များကို အမြဲသန့်ရှင်းပါသည်။ လက်သုတ်ပုဝါများကို တစ်ပတ်လျှင်တစ်ခါနှုန်း လျှော်ဖွပ်ပါသည်။ အဖိတ်နေ့ညမှာ ဆပ်ပြာဖြင့် ရေစိမ်ထားကာ ဥပုသ်နေ့မနက် လျှော်ဖွပ် နေလှန်းပါသည်။ ခြောက်သွေ့သွားသည့်အခါ ကုဋီမှာ ချိတ်ဆွဲထားပါသည်။ စာသင်သံဃာများ ချမ်းသာစွာလက်သုတ်ခွင့်ရသွားကြပါသည်။ စိတ်ချမ်းသာဖွယ် ကုသိုလ်ပင်။

 

စာရေးသူ အကျဉ်းသားဘဝ အိုးဘိုမှ မြစ်ဆုံသို့ ပြောင်းရွှေ့ရသောအခါ အများသုံးအိမ်သာစနစ်နှင့် ကြုံတွေ့ရပါသည်။ လှောင်အိမ်အခန်းလေးထဲ နေရသောအခါ ဂံဖလား(ပလပ်စတစ်ဇလုံ)နှင့် အညစ်အကြေးစွန့်ရပြီး အခန်းဖွင့်ထားသည့်အခါ အများသုံးအိမ်သာ အသုံးပြုရပါသည်။ လူတစ်ထိုင်သာသာ အိမ်သာလေးဖြစ်ကာ တံခါးအစား ပုဆိုးစကို ခန်းဆီးသဖွယ် ကာရံထားပါသည်။ ခန်းဆီးဖွင့်ထားလျှင် အိမ်သာလူမရှိကြောင်း သိရပြီး ခန်းဆီးကာထားလျှင် လူရှိမှန်း သိရလေသည်။ အိုးဘိုမှပြောင်းလာကာစ အများသုံးအိမ်သာစနစ်နှင့် ကြုံရသဖြင့် ပျော်ရွှင်နေမိပေသည်။ သို့သော် သန့်ရှင်းမည့်သူမရှိသဖြင့် အိမ်မသာမယာ ဖြစ်နေလေတော့၏။ ထိုအခါ စာရေးသူက အိမ်သာသန့်ရှင်းရေးလုပ်ပါတော့၏။ သီးသန့်အကျဉ်းသားကြီးများက ဝိုင်းတားပါသည်။ “ဆရာတော် အမြဲဆင်း ရှိတယ်ဘုရား၊ သူ့လုပ်ခိုင်းပါဘုရား၊ သူလုပ်နေကျပါဘုရား။ဟူ၏။ အိမ်သာသန့်ရှင်းရေးအလုပ်သည် နိမ့်ကျသောအလုပ်ဖြစ်၍ ဘုန်းကြီးလည်းလုပ်စရာမလို၊ သူတို့လည်း လုပ်စရာမလို၊ အမြဲဆင်းလေး လုပ်လိမ့်မည်ဟု ယူဆထားပုံရပါသည်။ ‘အမြဲဆင်းဆိုသည်မှာ ရာဇဝတ်အကျဉ်းသားထဲမှ လပိုင်းနှစ်ပိုင်းလောက်သာ နေရမည့်သူတစ်ဦးဦးကို သန့်ရှင်းရေးလုပ်ဖို့ သီးသန့်လွှတ်ပေးထားသည့် သာမန်အကျဉ်းသားတစ်ဦး ဖြစ်ပါသည်။ အိုးဘိုအဆိုအရမူ ‘ပေါ်တာဟု ခေါ်ပါသည်။ “ပေါ်တာလုပ်တော့ ပေါ်တာကုသိုလ်ရတာပေါ့ဗျာ၊ ဘုန်းကြီးလုပ်တော့ ဘုန်းကြီးကုသိုလ်ရတာပေါ့ဟု ပြန်ပြောကာ နေ့စဉ်ကုသိုလ်ဝတ်တစ်ခုအနေနှင့် အိမ်သာသန့်ရှင်းရေးလုပ်ပါသည်။ ရောက်စတုန်းကလို ခန်းဆီးဖွင့် ကျောပေးမလုပ်တော့ဘဲ အိမ်သာတက်လျက် ခန်းဆီးကာထားလျက်ပင် ဆေးကြောခြင်း ရေလောင်းခြင်း ဆေးရည်ဖျန်းခြင်းများ ပြုလုပ်ကာ ရေပုံးဖြင့်ရေခပ်၍ ရေဖြည့်ပါသည်။ ဘုန်းကြီးကိုတားမရမှန်းလည်းသိ၊ အိမ်သာသန့်ရှင်းသွား အနံ့ဆိုးကင်းသွား၍ တက်ရသည်မှာလည်း အဆင်ပြေလာမှန်း သိသွားကြ၍ ထင်သည်။ လူတိုင်းကိုယ်စီ အိမ်သာသန့်ရှင်းရေးကုသိုလ် အရယူကြပေတော့၏။ အနံ့ဆိုးပျောက်အောင် အိမ်သာသုံးဆေးရည် မကြာခဏဝယ်ပေးရသည့်အဆင့်ထိ တိုးတက်လာလေတော့၏။ ညတာဝန်ကျ ဝန်ထမ်းများလည်း ညစဉ်လာရောက်အားပေးကြလေသည်။ “တိုက်အိမ်သာက သန့်ရှင်းသောကြောင့်ဟုဆို၏။ စာရေးသူတို့နေထိုင်ရာ တိုက်ဝန်းကို တိုက်ဆောင်ဟုခေါ်၍ သာမန်အကျဉ်းသားများနေထိုင်ရာအဆောင်ကို အိပ်ဆောင်ဟု ခေါ်လေသည်။ မြစ်ကြီးနားထောင်တစ်ခုလုံး စာရေးသူတို့တိုက်ဆောင်အိမ်သာသည် အသန့်ရှင်းဆုံးအိမ်သာအဖြစ် ဝန်ထမ်းလောကမှာ နာမည်ကြီးလာလေတော့၏။ စိမ်ချမ်းသာစရာ အမှတ်တရကုသိုလ်ကလေးပါပင်။

 

လေဆိပ် ယာဉ်ရပ်နားစခန်း စက်ဆီဆိုင် စသည်တို့သို့ရောက်လျှင်လည်း သူတပါးအညစ်အကြေးများကို ဆေးကြောသန့်စင်ပြီးမှ မိမိကိစ္စဖြေရှင်းပါသည်။ မိမိကိစ္စပြီးလျှင်လည်း သူတစ်ပါးအခက်မတွေ့ရစေရန် ပြောင်စင်အောင် ဆေးကြောသန့်စင်ပေးခဲ့ပါသည်။ ဖင်ထိုင်ကွင်း(ကရွတ်ခွေ)ပေါ်မှာ ရေတစ်စက်မျှ တင်ကျန်မနေစေရပါ။ အချို့နေရာများတွင် ရေပိုက်ခေါင်းဖွင့်ချကာ ကြွေခွက်နှင့်ကြမ်းပြင်ကို ဘရက်ရှ်ဖြင့် ပွတ်တိုက်ဆေးကြောတတ်ပါသည်။ ဆေးကြောလောက်အောင် မညစ်ပေလျှင် ရေပိုက်ခေါင်းဖွင့်ပြီး လက်ဆေးကန်ကို ရေဖြည့်ခဲ့ပါသည်။ နောက်လူများ အလွယ်တကူသုံးရသဖြင့် မိမိကုသိုလ်တိုးပွားလာပါသည်။

 

လောကအလင်းပညာဒါနကျူရှင်ကျောင်းရောက်သည့်အခါတိုင်းမှာလည်း အိမ်သာများရှိရာသို့ အမြဲသွားကြည့်လေ့ရှိပါသည်။ အိမ်သာသန့်ရှင်းရေးကို အထူးအလေးပေးပါသည်။ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများအတွက် သီးခြားစီခွဲခြားလုပ်ပေးထားသဖြင့် စာသင်ချိန်တွင် အိမ်သာသန့်ရှင်းရေးကုသိုလ်ယူ၍ အကောင်းဆုံးဖြစ်ပါသည်။ တပည့်များ ဒကာများက နောက်ဖေးသွားသည်ထင်၍ အိမ်သာသန့်ရှင်းရေးလုပ်နေသည်ကို မသိရှိကြပါ။ ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်းရောက်လျှင်လည်း အိမ်သာအမြဲသန့်ရှင်းပေးပါသည်။ ကျောင်းသားများကိုလည်း ခေါ်ယူလမ်းပြပါသည်။ ဝေဘူဆရာတော် လယ်တီဆရာတော်တို့၏ သြဝါဒများကို ပြန်လည်ပို့ချကာ မရွံဖို့ မပျင်းဖို့ သတိပေးပါသည်။ ကုသိုလ်ရကြောင်း၊ အကျိုးကြီးကြောင်း ဟောပြောတတ်ပါသည်။ ဆရာတော်ကိုယ်တိုင်လုပ်သည်ကို အမြဲတွေ့မြင်နေရသဖြင့် ကျောင်းသားများလည်း အားတက်သရော လုပ်ကြပါသည်။ မန်းမဟော်သဓာသို့ ရောက်သည့်အခါတိုင်း ကျူရှင်ကျောင်းအိမ်သာတက်ရသည်မှာ စိတ်ချမ်းသာစရာကောင်းလှပါတော့၏။

 

မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်း အိမ်သာများကား ထိုသို့မဟုတ်ပါ။ ကျောင်းသားဦးရေများပြားခြင်း၊ အိမ်သာအရေးအတွက် နည်းပါးခြင်း၊ ရေအခက်အခဲရှိခြင်း၊ ရေလောင်းအိမ်သာ မသုံးစွဲတတ်သည့် မဖွံ့ဖြိုးသည့်အရပ်ဒေသမှ ရောက်လာကြသော တိုင်းရင်းသားကလေးငယ်များ များပြားခြင်းတို့ကြောင့် ရေအိမ်သာများသန့်ရှင်းမှု လုံးဝမရှိပါ။ ကျောင်းသားများဖြစ်၍ ညစ်ပတ်သည်ထင်ကာ ကျောင်းသူအိမ်သာများကို လေ့လာကြည့်ပါသည်။ ပို၍ဆိုးပါသည်။ ရေရရှိအောင်လုပ်ပေးခြင်း၊ တံမြက်စည်းလှည်းခြင်း၊ အတုံးအတစ်များကို ရေလောင်းချပေးခြင်း၊ မိန်းကလေးသုံးပစ္စည်းအတိုအစများကို ဖယ်ရှားရှင်းလင်းပေးခြင်းအဆင့်ထိ ပြုလုပ်ခဲ့ရပါသည်။

 

စာရေးသူ ငယ်ရွယ်စဉ်အခါ  အိမ်သာသန့်ရှင်းရေး စလုပ်စဉ်က အကျိုးကြီးမှန်း မသိပါ။ အစတွင် သူတော်ကောင်းတရား လိုက်နာသောအားဖြင့် လုပ်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ နောက်ပိုင်းတွင် မကြည့်ရက် မမြင်ရက်သဖြင့် လုပ်ပေးမိခြင်းဖြစ်ပါသည်။ ထို့နောက်ပိုင်းတွင်ကား အိမ်သာမြင်လျှင် မဆေးကြောဘဲ မနေနိုင်လောက်အောင်အထိ ဖြစ်ခဲ့ရပါသည်။ သန့်ရှင်းပြီးသားဖြစ်နေလျှင်သော်မှ ရေပိုက်ဖွင့်ကာ ရေဖြည့်ထားခဲ့ရမှ စိတ်ကျေနပ်မှု ရနိုင်ပါတော့သတည်း။

 

လူတိုင်းက ရွံစရာဟု သတ်မှတ်ထားသည့် အရာများသည် ဘာသာတရားသမားများအတွက်မူ ရွှေတုံးရွှေခဲကြီးများ ဖြစ်နေတတ်ပါသည်။

 

လူတိုင်းက နိမ့်ကျသည့်အလုပ်ဟု သတ်မှတ်ထားသည့် သန့်ရှင်းရေးလုပ်ငန်းသည် သူတော်ကောင်းတွေအတွက်မူ ပါရမီမြောက်ကုသိုလ်လုပ်ငန်းကြီးတစ်ရပ် ဖြစ်နေပါတော့သည်။

 

လူတိုင်းက နှာခေါင်းရှုံ့ကြ ရွံရှာကြသည့် အိမ်သာများသည် ပါရမီရှင်များအတွက်မူ ဧရာမကုသိုလ်ရိပ်သာကြီး ဖြစ်နေပါတော့၏။

 

အိမ်သာသန့်ရှင်းရေးကုသိုလ်က ပေးစွမ်းနိုင်သော ကောင်းကျိုးများကို အောက်ပါအတိုင်း ရေးသားကြသော်လည်း ရည်ညွှန်းရာ အင်္ဂုတ္တိုရ် ဧကာဒသကနိပါတ်မှာ မတွေ့ရပေ။

 

ကုဋီ (အိမ်သာ) ဆေးကြောသန့်စင်ခြင်း အကျိုး(၁၁)ပါး

၁။ မိမိစိတ်လည်းကြည်လင်စေ၍ သူတစ်ပါးစိတ်ကိုလည်း ကြည်လင်စေခြင်း။

၂။ ပညာရှိသူတော်ကောင်းတို့၏ ချီးမွမ်းခြင်းကိုခံရခြင်း။

၃။ ဖြစ်ရာဘဝတွင် ချော့မွတ်နုညံ့သော အသားရေနှင့်ပြည့်စုံခြင်း။

၎။ ခန္ဓာကိုယ်သည် ပန်းရနံ့ကဲ့သို့ မွှေးပျံ့သောအနံ့ရှိခြင်း။

၅။ မျက်နှာအဆင်း ကြည်လင်ခြင်း။

၆။ စိတ်ညစ်ညူးဖွယ်ရာများနှင့် မကြုံရခြင်း။

၇။ စိတ်ချမ်းသာသဖြင့် ကျန်းမာရေးလည်းကောင်းခြင်း။

၈။ ပညာဉာဏ်ကြီးခြင်း။

၉။ အသက်ရှည်ခြင်း။

၁၀။ မတွေမဝေသေရခြင်း။

၁၁။ သေပြီးနောက် သုဂတိသို့လားရခြင်း

ဟူသောအကျိုး(၁၁)ပါးသည် ကုဋီဆေးကြောသန့်စင်ရခြင်း၏ အကျိုးပေတည်း။

( အင်္ဂုတ္တိုရ်၊ ဧကာဒသကနိပါတ်)။

 

ကျောင်းသန့်ရှင်းရေးကုသိုလ်တော် ပြီးပါပြီ။

 

ဝီရသူ(မစိုးရိမ်)

9.6.2020



No comments:

Post a Comment