Thursday, August 13, 2020

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၉)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၉)

အားငယ်စရာ ဘုန်းကြီးဘဝနှင့် သိက္ခာပုဒ် အသေးအဖွဲလေးများ

(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်)

-------------------------------------------------

 

စာရေးသူ ပိုက်ဆံမကိုင်ပါ။ အကြောင်းကား အထင်သေး မခံနိုင်သောကြောင့် ဖြစ်ပါသည်။ ပိုက်ဆံ မကိုင်သော်လည်း စာရင်းတော့ ကိုင်ပါသည်။ နေ့စဉ် စာရင်းစစ်ပါသည်။ ဘဏ္ဍာထိန်း တပည့်များက ငွေစာရင်း နေ့စဉ် တင်ရပါသည်။ နေ့စဉ် ဝင်ငွေများကို တင်ပြရခြင်းပင်။ တရားပွဲမှ ပြန်လာပြီဆိုလျှင် ဓမ္မပူဇာငွေက မည်မျှ၊ နဝကမ္မငွေက မည်မျှဆိုသည်ကို ရက်စွဲများဖြင့် စာရင်းအတိအကျ စာရေးသူထံ တင်ရပါသည်။ ထို့အတူ သုံးငွေအဖြစ် လေယာဉ်လက်မှတ်ဖိုး၊ ကားခ၊ ဆီဖိုး၊ အအေးဖိုး ကျောင်းသားကပ္ပိယ ထမင်းဖိုး၊ လမ်းမှာ လှူခဲ့ ထောက်ပံ့ခဲ့သည့် ငွေပမာဏ စသည်တို့ကိုလည်း ခရီးစဉ်မှာ အတူပါလာသည့် တပည့်များက မှတ်ထားရပါသည်။ ၎င်းစာရင်းကို ငွေထိန်းသူထံ ပေးရပါသည်။ ခရီးစဉ်တစ်ခု ပြီးဆုံးတိုင်း ထိုသို့ အမြဲရှင်းရပါသည်။ ကျောင်းမှာနေလျှင်လည်း နဝကမ္မ အလှူငွေ၊ ဆွမ်းစား ဆွမ်းကပ် အခမ်းအနားမှ ရရှိငွေ၊ လောကအလင်းအတွက် သုံးစွဲငွေ၊ ပညာရေး အကယ်ဒမီအတွက် သုံးစွဲငွေ စသည်တို့ကို နေ့စဉ် တင်ခိုင်းပါသည်။ တစ်လစာ ခန့်မှန်းအသုံးစရိတ်သာ ချန်ထားပြီး ပိုနေသော ငွေများကို ဘဏ်အပ်ထားပါသည်။ ဓမ္မပူဇာငွေများကို ပညာရေး ပရဟိတနှင့် အလှူအတန်းအတွက်သာ သုံးစွဲပါသည်။ နဝကမ္မ အလှူငွေများကိုသာ စာရေးသူ အသုံးစရိတ်အဖြစ် သုံးစွဲပါသည်။ လချုပ် နှစ်ချုပ် စာရင်းများ အမြဲတင်ခိုင်းသလို တစ်နှစ်စာ ဝင်ငွေ ထွက်ငွေများကိုလည်း နှစ်စဉ် စာအုပ်ပြုစုထားပါသည်။ အကြောင်းမှာ စာရေးသူအား ခရိုနီက ထောက်ပံ့သည်၊ ခရိုပြာက ထောက်ပံ့သည် စသည်ဖြင့် ကောလာဟလ လွှင့်နေသူများ ရှိနေသဖြင့် မသင်္ကာသူများ တွေ့ကြုံလာလျှင် ချပြနိုင်လောက်သည့် အထောက်အထား တစ်ခု လိုအပ်နေသောကြောင့်ပင်။

 

ကိုယ်ရေးကိုယ်တာ ကိစ္စများအတွက် ဓမ္မပူဇာအလှူငွေများကို လုံးဝ မသုံးစွဲပါ။ နဝကမ္မ အလှူငွေများကိုသာ မိမိလိုအပ်ရာရာ ဝယ်ယူသုံးစွဲပါသည်။ ဥပမာ- မနက် အစောစာအတွက် နေ့စဉ် အာဟာရ ဝယ်ခြင်း၊ မွန်းလွဲပိုင်း အအေးအဖျော်အတွက် သစ်သီးဝလံများ ဝယ်ခြင်းစသည်တို့အတွက် နဝကမ္မ အလှူငွေများထဲမှသာ သုံးစွဲပါသည်။ မိမိအတွက် မည်မျှပင် လိုအပ်ပါစေ၊ ထိုလိုအပ်သည့် ပစ္စည်းကလည်း မည်မျှပင် အသုံးတည့်၍ အရေးပါနေပါစေ ဓမ္မပူဇာငွေဖြင့် လုံးဝ မဝယ်ပါ။ ဥပမာ- ဟန်းဆက် မကောင်းတော့သဖြင့် အင်တာနက်သုံး၍ မရတော့ပါ။ လုပ်ငန်းသုံး ဟန်းဆက်ကလည်း ဈေးကြီးလှပါသည်။ အလှူရှင်လည်း မပေါ်ပေါက်ပါ။ မည်သူ့ကိုမျှလည်း ပြောမပြပါ။ ရဟန်းဒါယကာ ကျောင်းဒါယကာများနှင့်လည်း အဆက်ပြတ်သွားပေပြီ။ ဖိတ်မန္တက ပြုထားသူများလည်း မရှိပါ။ မည်သည့် သူဌေးသူကြွယ်ထံမှလည်း အလှူမခံပါ။ ဟန်းဆက် အစုတ်ကလေးကိုသာ ခြွေတာသုံးစွဲနေပါသည်။

 

မြန်မာပြည်မှာ ဓမ္မကထိက ဆရာတော်များ များပြားစွာ ရှိပါသည်။ ဓမ္မပူဇာများဖြင့် ကျောင်းဆောက်သူ၊ ကားဝယ်သူ၊ ဇိမ်ခံပစ္စည်းဝယ်သူ စသည်တို့ကိုလည်း တွေ့ရပါလိမ့်မည်။ စာရေးသူကား ဓမ္မပူဇာငွေများကို တန်ဖိုးထားပါသည်။ မိမိ၏ ချွေးနှဲစာလေးများ ဖြစ်သော်လည်း မိမိကိုယ်ကျိုးအတွက် တစ်ပြားတစ်ချပ်မျှ မသုံးစွဲနိုင်ပါ။ ပရဟိတ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုကူညီရေး အတွက်သာ သုံးစွဲပါသည်။ ပြည်သူလူထုထံမှ ရရှိသောငွေများကို ပြည်သူလူထုအတွက်သာ သုံးစွဲမည်ဟု ခံယူထားပါသည်။

 

တပည့် ဒါယကာ ဒါယိကာမများနှင့် စပ်လျှင်လည်း “ပြည်သူ့စပွန်စာဖြင့် ပြည်သူကို အလုပ်အကျွေးပြုနေသည့် ပြည်သူ့ရဟန်းတော်တစ်ပါးဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောတတ်လေ့ရှိပါသည်။

 

ဘဏ်အပ်ရာ၌လည်း စာရေးသူ၏ နာမည်ဖြင့် မအပ်ပါ။ လောကအလင်း၊ နဂါးနီ စသည်ဖြင့် သူ့အဖွဲ့နှင့်သူ သူ့ခေါင်းစဉ်နှင့်သူ ကိုယ်စီကိုယ်စီ ဘဏ်စာအုပ်လေးများ လုပ်ပေးထားပါသည်။ ထိုစာအုပ်များကို ငွေထိန်းသူက သိမ်းထားရပြီး စာရေးသူ၏ ခွင့်ပြုချက်ရရှိမှသာ ထုတ်ခွင့် သွင်းခွင့် ရှိပါသည်။

 

စာရေးသူ ငွေမကိုင်ခြင်း၏ အခြားသော အကြောင်းတစ်ခုမှာ ပစ်မှတ်ထား၍ တိုက်ခိုက်ခံရမည့် အရေးပင် ဖြစ်ပါသည်။ မည်သူမျှ မကင်းနိုင်ကြမှန်းလည်း သိပါသည်။ ငွေကိုင်သည်ကို မည်သူကမျှ အပြစ်မမြင်ကြမှန်းလည်း သိပါသည်။ ဝိနည်းတော်နှင့်အညီ အပ်စပ်အောင် စီမံဖို့ မလွယ်ကူမှန်းလည်း သိပါသည်။ သို့သော် အခြားရဟန်းတော်များနှင့် စာရေးသူဘဝကား လုံးဝ မတူညီကြပါ။ စာရေးသူမှာ ရန်သူ ပေါများလှပါသည်။ အနီကြောက်ရ၊ အနက်ကြောက်ရ၊ ငမဲကြောက်ရ၊ ငရဲကြောက်ရ ဘဝမျိုး ဖြစ်နေသဖြင့် သူတို့ထောက်ကွက်မရစေရေးအတွက် ငွေနှင့်ပတ်သက်လာလျှင် အနည်းငယ်မျှပင် အမည်းစက် အစွန်းအထင်း မခံနိုင်သောကြောင့် ငွေမကိုင်ခြင်း ဖြစ်ပါသည်။ ငွေမကိုင်သော်လည်း စာရင်းကိုင်ပါသည်။ ငွေသေတ္တာကို ခုတင်အောက်ထား အိပ်ပါသည်။ နေ့စဉ် လစဉ် နှစ်စဉ် စာရင်းချုပ်ရသည့် စနစ်ဖြစ်သဖြင့် အဖိတ်အစင်လည်း လွန်စွာ နည်းပါးလှပါသည်။

 

အခမ်းအနားတစ်ခု၌ တိပိဋကဆရာတော်တစ်ပါးက ပုခုံးအောက်မှ လွယ်အိတ်ကို နှိုက်ကာ ကလေးတစ်ယောက်ကို မုန့်ဖိုးပေးနေသည်ကို တွေ့ရပါသည်။ အဆိုပါ နောင်တော်ကြီးဘုရားကိုလည်း လွန်စွာ လေးစားမိသွားပါသည်။ ကလေးချစ်တတ်သည်၊ ကလေးတွေကို တန်ဖိုးထားသည်။ မျိုးဆက်သစ်အဖြစ် အားထားသည်။ ဟိတ်ဟန်မရှိ ဖြူစင်သည်ဟု ခံယူမိကာ ကြည်ညိုသဒ္ဓါ တိုးပွားခဲ့ရခြင်း ဖြစ်ပါသည်။ သို့သော် စာရေးသူမှာ ငွေမကိုင် ငွေမပါသဖြင့် မုန့်ဖိုး မပေးခဲ့ရပေ။

 

အခြားဆရာတော်များက ဆင်းရဲသားပြည်သူများကို ငွေကြေး ထောက်ပံ့သည့် သတင်းဓာတ်ပုံများ၊ ကလေးငယ်များကို မုန့်ဖိုးပေးနေသည့် သတင်းဓာတ်ပုံများကို တွေ့ရသော တပည့် ကပ္ပိယများက စာရေးသူကို ထိုသို့ ဖြစ်စေချင်ပုံ ရပါသည်။ စာရေးသူက မုန့်ဖိုးပေးလျှင် ကိုယ်တိုင် မပေးဘဲ တပည့်များကို ပေးခိုင်းသောကြောင့် ဖြစ်၏။ “မည်သည့် ဆရာတော်က ကိုယ်တိုင်ပေးတာဟုလည်း လျှောက်ကြလေသည်။ စာရေးသူကား လုံးဝ ပြန်မပြောဖြစ်ပါ။ ကိုယ့်အကြောင်းနှင့်ကိုယ်ဟုသာ ဖြေသိမ့်မိပေသည်။ သို့သော် စာရေးသူလည်း ကိုယ်တိုင်ပေးခဲ့ရသည့် ဖြစ်ရပ်မျိုးလည်း ရှိခဲ့ပါလေသည်။ ကပ္ပိယ မပါသည့်အခါ ပရိသတ်ရှေ့ မငြင်းဆန်ကောင်းသည့် အခါမျိုး၌ကား ကိုယ်တိုင်ငွေကိုင်၍ လှူမျှခဲ့ရပါလေသည်။ ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့ပါပေ။

 

စာရေးသူ နေလွဲညစာ လုံးဝ မစားပါ။ ဝိနည်းဓိုရ်၍ မဟုတ်ပါ။ လူရိုသေ ရှင်ရိုသေ ဖြစ်စေလိုသောကြောင့်ပင်။ “ကမ္ဘာကျော်ကြီးလည်း ဘာမျှ မထူးပါဘူးကွာ ဆိုသော ဝေဖန်သံမျိုး မကြားလိုသောကြောင့် ဖြစ်ပါသည်။ တရားပွဲများ ကြွရောက်သည့်အခါ သူလို ကိုယ်လိုထင်ပြီး ဧည့်ခံခြင်းမျိုးနှင့် ကြုံရလျှင်လည်း အလွန်အမင်း ရှက်တတ်ပါသည်။ သို့သော် အားနာရသည့်အခါမျိုး၊ အများကို ငဲ့ရမည့် အခါမျိုး၌ အလိုက်တသိ လိုက်လျော တတ်ပါသည်။ ညစာ မစားသော်လည်း အာဟာရကား အပြတ်မခံပါ။ ညနေ သစ်သီးဖျော်ရည် အဝသောက်ပါသည်။ ညဦးပိုင်း စတုမဓု ဘုဉ်းပေးပါသည်။ တရားဟောခါနီး ပျားသံပုရာရည် မှီဝဲပါသည်။ ညအိပ်ခါနီး အင်ရှူးဝါး သောက်သုံးပါသည်။

 

၂၄ နာရီတွင် ဆွမ်း လုံးဝ မစားလိုက်ရသည့် နေ့များလည်း ရှိပါသည်။ ဆွမ်းသာ မစားရခြင်းပါ။ အခြား အာဟာရကား မှီဝဲခွင့် ရရှိပါသည်။ ကားဖြင့် သွားသည်။ဆွမ်းစားမမီနိုင်၊ လမ်းမှာ ဆိုင်မရှိ။ ထိုအခါ ငှက်ပျောသီး ပန်းသီး စသည့် သစ်သီးဝလံများဖြင့်သာ နေ့ဆွမ်းပြီးလိုက်ရပါသည်။ ကားပေါ်မှာပင် ကားစီးရင်း ဘုဉ်းပေးလိုက်ရခြင်း ဖြစ်ပါသည်။ နေ့ဆွမ်းအဖြစ် ဆွမ်းအစား သစ်သီးဘုဉ်းပေးလိုက်ရခြင်း ဖြစ်ပါသည်။ သစ်သီးဖြင့်သာ နေ့ဆွမ်းပြီးခဲ့ရသော်လည်း ပုံမှန် အလုပ်များကား လုံးဝ မရပ်နားပါ။ တရားဟောခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်း၊ မှာထား ညွှန်ကြားခြင်းများကိုမူ အလုပ်မပျက် ဆက်လက်လုပ်နိုင်ခဲ့ပါသည်။ အကြောင်းမှာ ပျားသံပုရာနှင့် စတုမဓု ကျေးဇူးကြောင့်တည်း။

 

ကံဆိုးသည့်နေ့မျိုးနှင့်လည်း ကြုံခဲ့ရပါသည်။ မနက်အစော ဆန်ပြုတ်သောက်ခဲ့သည်။ လေယာဉ်ပေါ်ရောက်မှ အဆာပြေ ထပ်စားမည် စိတ်ကူးခဲ့သည်။ ထိုနေ့ရောက်မှ လေယာဉ်နောက်ကျသွားသည်။ ရန်ကုန်ရောက်သည့်အခါ မွန်းလွဲသွားခဲ့ပြီ။ လေယာဉ်ပေါ်မှာလည်း ဆွမ်းမဆက်ကပ်။ ပုံမှန်အတိုင်း မုန့်လေးနှစ်ချပ်သာ ဝေသည်။ ရဟန်းသံဃာမှန်းလည်း သိသည်။ မွန်းလွဲလျှင် ဆွမ်းမစားရတော့မှန်းလည်း သိသည်။ ဆွမ်းချိန်မမီတော့မှန်းလည်း သိသည်။ သို့သော် လေယာဉ်မယ်က ဘာမျှ မမေး၊ သာမန် ခရီးသည်အတိုင်းပင် ဆက်ဆံသွားလေ၏။ ထို့နေ့က နေ့ဆွမ်း မစားလိုက်ရပါ။ သစ်သီးဖျော်ရည်ဖြင့် အစားထိုးပါသည်။ ဧရာဝတီ တရားပွဲလည်း ပုံမှန် ဆက်သွားပါသည်။ တရားဟော မပျက် ပရိတ်ပဋ္ဌာန်းလည်း မပျက်ပါပေ။

 

မြို့ထဲရွာထဲ ကြွသည့်အခါဖြစ်စေ အခမ်းအနားတက်သည့်အခါဖြစ်စေ အမြဲသင်္ကန်းရုံလေ့ရှိပါသည်။ကြည်ညိုဖွယ်ဆောင်စေလိုသောကြောင့် ဖြစ်၏။ အပြစ်ရှာတတ်သူများက ‘နိုင်ငံရေးဘုန်းကြီး သင်္ကန်းမရုံ ဘာမရုံနဲ့ဟု ဆီလိုအပေါက်ရှာတတ်ကြသဖြင့် ၄င်းတို့ကို အခွင့်အလမ်းမပေးသောအားဖြင့် ထောက်ကွက်မရအောင် စောင့်ထိန်းခြင်း ဖြစ်ပါသည်။ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ မိမိနှင့်အတူ ကြွရောက်သူများကိုလည်း သင်္ကးရုံဖို့ အမြဲတိုက်တွန်းတတ်ပါသည်။ ထိုသို့တိုက်တွန်းနေသည့်ကြားမှပင် စစ်တွေလေဆိပ်မှာ ဂိုဏ်းစတားပုံစံမျိုး သရုပ်ဖော်ခံခဲ့ရပေသေး၏။ လေယာဉ်ပေါ်မှအဆင်း စာရေးသူတစ်ပါးသာ သင်္ကန်းရုံထားပြီး အခြားသံဃာများက သင်္ကန်းမရုံမိကြပါ။သံဃာအများအပြားလည်းဖြစ် သင်္ကန်းများကလည်း လေထဲလွင့်ပျံနေသဖြင့် မီဒီယာများ အကြိုက်တွေ့သွားခြင်း ဖြစ်ပါသည်။ ထိုသို့သော အကြောင်းများကြောင့် စာရေးသူက အမြဲသင်္ကန်းရုံခြင်း ဖြစ်ပါသည်။ ဤသည်ကို အသိအမှတ်မပြုနိုင်သူများက ‘တက်တူးကို ဖုံးလွှမ်းလို၍ ဟုဆိုကာ အကုသိုလ်အဖြစ်ခံ၍ ပြစ်မှားနေကြပေသည်။ တက်တူးများက ဖျက်ပြီးသွားပါပြီ။

 

စာရေးသူ သွားလေရာမှာ ရေနွေးဘူးပါသကဲ့သို့ အိပ်ရာဝင်သည့်အခါတိုင်းလည်း ဒုကုဋ် (နှစ်ထပ်သင်္ကန်းကြီး) ကို အနားထားပါသည်။ ရဟန်းဘဝ သင်္ကေတ ရဟန်းဘဝ အမှတ်အသားဖြစ်၍ သင်္ကန်းကြီးနှင့် မကင်းမကွာ အမြဲနေပါသည်။ ခေါင်းအုံးပေါ်တင်ထားလျှင်ထား၊ ခေါင်းအုံးဘေး ချထားလျှင်ထားဖြင့် သင်္ကန်းကြီးနှင့် ညဥ့်မကင်းအောင် စောင့်ထိန်းပါသည်။ သို့ဖြစ်၍ တရားပွဲသွားလျှင်လည်း ကားပေါ်မှာ သင်္ကန်းကြီး တင်ထားပါသည်။ ယခုကဲ့သို့ ကိုယ့်ကျောင်း ကိုယ့်ကန်နှင့် မနေရသည့်အခါမျိုး၌ပင် သင်္ကန်းကြီးနှင့် ညဥ့်အကင်း မခံပါ။ ဝိနည်းဓိုရ်၍ မဟုတ်ပါ။ ရဟန်းဘဝ၏ အဆောင်အယောင်ဆို၍ ဤဒုကုဋ်သင်္ကန်းကြီးသာ ရှိသောကြောင့် ဖြစ်ပါသည်။

 

ညအိပ်ရာဝင်သည့်အခါ သင်္ကန်းကြီး မမြင်ရလျှင် တပည့်များကို မေးတတ်ပါသည်။ လက်ဆွဲအိတ်ထဲမှ မထုတ်ရသေးလျှင် ထုတ်ပေးကြပါသည်။ မေ့လာလျှင်မူကား လုံးဝ မတတ်နိုင်တော့ပါ။

 

အကပ်မခံဘဲလည်း မဘုဉ်းပေးပါ။ ဝိနည်းဓိုရ်လွန်း၍ မဟုတ်ပါ။။ မိမိကိုယ်ကို တန်ဖိုးထားသောကြောင့် ဖြစ်ပါသည်။ ဒန္တပေါဏ သိက္ခာပုဒ်ကို လိုက်နာဖို့ မဆိုထားဘိ နားလည်ဖို့ပင် မလွယ်ကူသော ခေတ်ကာလ ဖြစ်သောကြောင့် တပည့်ရဟန်းများ စီမံပြီးမှ ကပ္ပိယကို အကပ်ခိုင်းခြင်းသည် မအပ်စပ်မှန်း သိသော်လည်း သိသိကြီးနှင့် အကပ်ခံနေရသည်လည်း ရှိပါသည်။ အပ်စပ်အောင် စီမံဖို့ကား ပြည်ပမှာ မဆိုထားဘိ ပြည်တွင်းမှာပင် မလွယ်ပေ။ အကြောင်းမှာ မောင်ပဉ္စင်း ကိုပဉ္စင်းများ ဒန္တပေါဏသိက္ခာပုဒ်ကို နားမလည်သောကြောင့်ပင်။ အကပ်မခံဘဲ မသုံးဆောင်ကောင်းသလို မကပ်ခင်လည်း မထိကောင်း မကိုင်ကောင်းပါ။ အစာအာဟာရနှင့် ရိက္ခာများကို မကပ်သေးခင် ကိုင်ကြည့်ထိကြည့်လျှင် မစားကောင်းတော့ပါ။ မကပ်ရသေးသည့် အစာအာဟာရကိုလည်း မစားကောင်းပါ။ ကျေးဇူးရှင် မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးကား စာသင်သားများ မတော်တဆ ထိမိသွားသည်ကို မြင်လျှင်ပင် ရိက္ခာများ အိတ်လိုက်ပုံးလိုက် ပြန်လည် စွန့်ပစ်တော်မူပါသည်။ ဆန်အိတ် ပဲအိတ်များကို ကိုင်ကြည့်တော့မည့် အမူအရာ တွေ့လျှင်လည်း အပြေးအလွှားသွားကာ လက်ကို ပုတ်ချတော်မူပါသည်။ စာရေးသူသည် ဆရာတော်ကြီးကဲ့သို့ ဝိနည်းလေးစားနေခြင်း မဟုတ်သော်လည်း အကပ်ခံပြီးမှသာ ဘုဉ်းပေးသုံးဆောင်ပါသည်။ တပည့် ကပ္ပိယများ မေ့နေလျှင် အငတ်ခံပါသည်။ ဖျော်ရည်ခွက် စားပွဲပေါ် ရောက်နေသည့်တိုင် တရိုတသေ မကပ်လျှင် မဘုဉ်းပေးပါ။ ‘ကပ်ပါဦး၊ ကပ်ပါဟဟူ၍လည်း အကပ်မခိုင်းပါ။ သတိရ၍ ကပ်လျှင် ဘုဉ်းပေးပါသည်။ သတိမရ၍ မကပ်လျှင် လုံးဝ မတို့မထိပါ။ မာနကြီးသည်ဟု ဆိုလျှင်လည်း ဆိုနိုင်ပါသည်။ ဤသို့အားဖြင့် စားပွဲပေါ် ရောက်နေသည့် ယာမကာလိက အအေးအဖျော် စသည်ကိုပင် မသောက်လိုက်ရသည့် ညပေါင်းများစွာ ကြုံရပါသည်။ အလုပ်လုပ်ပြီး၍ အခန်းတံခါးဖွင့်သည်နှင့် ဖျော်ရည်ခွက် အဆင်သင့် တွေ့ရှိရသော်လည်း ကပ္ပိယကျောင်းသားက ကွန်ပျူတာ ကိုင်နေ၍ ကပ်ဖို့မေ့နေပါသည်။ အခန်းထဲ ပြန်ဝင်၍ အလုပ်လုပ်ပါသည်။ ဗိုက်ဆာသဖြင့် ပြန်ထွက်လာပါသည်။ ကျောင်းသားသိအောင် အသံပေးပါသည်။ ချက်ကောင်းဆဲ၊ ကြူကောင်းဆဲဖြစ်၍ လှည့်ပင် မကြည့်ပါ။ ဗိုက်ကလေးပွတ်၍ အခန်းထဲ ပြန်ဝင်သွားလိုက်ပါသည်။ ဗိုက်ပွတ်လိုက် ဖျော်ရည်ခွက်လှမ်းကြည့်လိုက်ဖြင့် ဓမ္မသံဝေဂ ယူခြင်းဖြင့် အချိန်ကို ကုန်လွန်စေခဲ့ရပါသည်။ ဘုန်းကြီးဘဝကား အမှန်တကယ် မလွယ်ကူလှပါ။ မိမိပိုင်ပစ္စည်းပင် ဖြစ်စေကာမူ ကပ္ပိယကပ်လှူမှ စားခွင့်ရှိပါသည်။ ကပ္ပိယ မကြည်ဖြူလျှင် ဘုန်းကံမည်မျှ ကြီးမားစေကာမူ ငတ်သေမည်သာ ဖြစ်ပါသည်။ “ဘုန်းကြီးဘဝဆိုတာ ကပ္ပိယသဒ္ဓါမှ စားသောက်ရတဲ့ ဘဝပါကွာ၊ ကိုယ့်ပစ္စည်းကိုယ် သူများ ကျွေးမှစားရတဲ့ ဘဝကြီးပါကွာဟု အမြဲသံဝေဂ ယူနေရပါသည်။ မကပ်ဘဲ စားလည်း မည်သူမျှ မသိပါ။ ထိုသို့ စားနေသူများ တစ်ပုံတစ်ပင် ရှိပါသည်။ ထိုသို့သာ စားသောက်နေပါက လဘက်ရည်ဆိုင် လာထိုင်သည့် စားသုံးသူကို စားပွဲထိုးက ဆက်ဆံသည့်အဆင့်သာ ရှိပါတော့မည်။ ဆရာ တပည့်ဟူ၍လည်းကောင်း၊ ဘုန်းကြီးနှင့် ကျောင်းသား ဟူ၍လည်းကောင်း နယ်စည်းခြားမှု မရှိနိုင်တော့ပေ။ ဆရာနှင့် တပည့်၊ ဘုန်းကြီးနှင့် ကပ္ပိယသည် စားသုံးသူနှင့် စားပွဲထိုး အသွင်မျိုးကား မဖြစ်သင့်ဟု လက်ခံထားပါသည်။

 

စာရေးသူကို ဖျော်ရည်ကပ်ရသည့် အလုပ်ကလည်း ပျင်းစရာ ကောင်းပုံရ၏။ ကျောင်းသားများလည်း တာဝန်ကိုယ်စီ ရှိကြသဖြင့် အလုပ်တစ်ဖက်နှင့် ဝေယျာဝစ္စ လုပ်နေကြရခြင်း ဖြစ်၏။ စာရေးသူက အခန်းထဲမှာ စာရေးနေ အလုပ်လုပ်နလျှင် စာရေးသူ ထွက်မလာမချင်း စောင့်နေကြရ၏။ အလုပ်ကို ပစ်ထား၍ မရသဖြင့် ဖျော်ရည်ကို စားပွဲပေါ်တင်ကာ စာရေးသူ အခန်းဖွင့်မှ ဆက်ကပ်ဖို့ ပြင်ဆင်ထားခြင်း ဖြစ်၏။ ကွန်ပျူတာအခန်းထဲမှာ အမြဲရှိသော ကျောင်းသားက အလိုက်တသိ ဆက်ကပ်လိုက်ရုံဖြင့် ကိစ္စအားလုံး ချောမွေ့သွားပေမည်။ ကွန်ပျူတာသမားက လိုင်းသုံးနေသဖြင့် ကပ်ရကောင်းမှန်း မသိချေ။ ဖျော်ရည်လာကပ်သူက ဘုန်းကြီးထွက်လာလျှင် ကပ်ပေးဖို့ မှာခဲ့သော်လည်း သတိမရသည်က များ၏။ ထိုင်ခုံပေါ်မှာ ထိုင်၍ စကားသံပေး မေးတန်မေးလျှင် သတိရလေမလားဟု အသံပြုခြင်း ထိုင်စောင့်နေခြင်းများ ပြုလုပ်နေသော်လည်း ဖုတ်လေသည့်ငပိပင်။ ထိုအခါ ဗိုက်ပွက်ကာ အခန်းထဲ ပြန်ဝင်သွားရလေ၏။ ထိုကဲ့သို့ အအေးငတ်၊ အင်ရှူးဝါးငတ်၊ ပျားသံပုရာငတ်သဖြင့် ရေသောက်ဗိုက်မှောက် အိပ်ခဲ့ရသည့်ညများကား မမှတ်မိလောက်အောင်ပင် များပြားလှပေသည်။ ထိုသို့သော အခက်အခဲများကြောင့် ကွန်ပျူတာခန်းထဲမှာ အမြဲနေသော တပည့်တစ်ပါးထံ ဆက်ကပ်ထားဖို့ မှာကြားရတော့၏။ ထိုတပည့်ကလည်း ဘုန်းကြီးဖြစ်သူအား “ဖျော်ရည်ကပ်ပြီးပြီ ဘုရားဟု လျှောက်ထားရမည်ကို အတော်ဝန်လေးပုံ ရလေသည်။ စာရေးသူကလည်း မမေး သူကလည်း မလျှောက်ထား ကပ်ပြီးသလော၊ မပြီးသလောလည်း မသိရသဖြင့် ယိုးဒယားပတ်ပျိုး အတိုင်းပင် ရှိပြန်၏။

 

ဤသို့ဖြင့် စာရေးသူမှာ အိုင်တီဆရာ ကပ္ပိယလေး သတိရသည့်အခါ သောက်ရပြီး သတိမရသည့်အခါ မသောက်ရသလို တပည့်ပဉ္စင်းလေး လျှောက်ထားသည့်အခါ သောက်ရပြီး မလျှောက်သည့်အခါ မသောက်ရပေ။ ထိုအခက်အခဲကို ဖြေရှင်းဖို့ရန်အတွက် ဖျော်ရည်စီမံပေးသူက အမြဲနေ မောင်ပဉ္စင်းကို ဖျော်ရည်ကပ်ပြီး “ကပ်ပြီးပါပြီ ဘုရားဟု စာရေးထားခဲ့လေသည်။ ထိုအခါမှ အဆင်ပြေသွားလေတော့၏။ သို့သော် အကပ်ခံပေးသူ မောင်ပဉ္စင်းက အလေးအနက်ထားဟန် မရှိပေ။ “မထူးပါဘူးကွာဟုများ ယူဆထားလေသလားမသိ။ စားပွဲပေါ် ဖျော်ရည်ရောက်သည်နှင့် အကပ်မခံဘဲ “ကပ်ပြီးပါပြီ ဘုရားဟူသော စာရွက်ကလေး ထောင်ထားလိုက်လေတော့၏။ စာရေးသူလည်း အဟုတ်ထင်မှတ်ကာ အမြဲ ဘုဉ်းပေးခဲ့လေသည်။ အဆိုပါ ပဉ္စင်းလေးက စာရေးသူရှေ့မှာ ပြုံးစိစိ လုပ်နေတတ်သလို ကွယ်ရာမှာ တစ်ခစ်ခစ် ရယ်နေတော့လေ၏။ လူရှေ့သူရှေ့ ရောက်ပြီဆိုလျှင်လည်း “ဖော်ရှိုးလိုလို “အပလာလိုလို အမြဲပြောလေသည်။ အကပ်မခံဘဲ စာရွက်ကလေး ထောင်ထားခဲ့သည်ကို ရည်ရွယ်ပုံရ၏။

 

စာရေးသူသည် ထိုအဖြစ်အပျက်မျိုး ကြုံတွေ့ရသည့် အခါတိုင်း စိတ်အားငယ်မိတတ်ပေသည်။ ဘုန်းကြီးဘဝကား အားငယ်စရာ လွန်စွာ ကောင်းသည်ပင်။ ကိုယ်ပိုင်ပစ္စည်း ဖြစ်သော်လည်း ကပ္ပိယ ကျွေးမှ စားရသည့် ဘဝမျိုးကြီး ဖြစ်လေ၏။

 

ရံဖန်ရံခါ၌ “ဘုန်းကြီးဘဝကို စိတ်နာတယ်ဟူ၍လည်းကောင်း၊ “စိတ်နာနာနဲ့ ချစ်နေမိတယ်ဟူသော သီချင်းစာသားများကိုလည်းကောင်း တပည့်များရှေ့တွင် တီးတိုး ရေရွတ်ပြမိတတ်ပါသည်။

 

ထိုသို့ အဆင်မပြေမှုများ တွေ့ကြုံရသည့်အခါတိုင်း ရိပ်သာဆရာတော်များကို အားကျမိ၏။ သီလရှင်များ ယောဂီများ ဝေယျာဝစ္စ လုပ်ကြသဖြင့် မည်သည့် အခက်အခဲမျှ မဖြစ်ပေါ်ကြပေ။ စာရေးသူဘ၀မှာကား တောသားကပ္ပိယ၊ တောသားကျောင်းသား၊ တောသားလူပျံတော်၊ တောသားမောင်ပဉ္စင်းများကြားမှာ သောက်ရတစ်လှည့် မသောက်ရတစ်လှည့် ဘဝမျိုးဖြင့် တိုက်ပွဲဝင်နေရသောကြောင့်တည်း။

 

အားငယ်စရာ ဘုန်းကြီးဘဝ နှင့် သိက္ခာပုဒ် အသေးအဖွဲလေးများ ပြီးပါပြီ။

 

ဝီရသူ(မစိုးရိမ်)

1.6.2020


No comments:

Post a Comment