Saturday, March 11, 2017

အာဏာရှင်ကမှ ငဲ့ညှာခဲ့သေး

အာဏာရှင်ကမှ ငဲ့ညှာခဲ့သေး
*********-*********-******-*******-

မဟနအနေဖြင့် ညှိနှိုင်း၍မရမှသာ ဦးဝီရသူကို တရားဟောခွင့်ပိတ်ပင်ခြင်းမျိုး ပြုလုပ်သင့်ဟု မဘသဆရာတော်မိန့်ကြား

သတင်း ပြည်တွင်း
စိုးသူအောင်


3 hours 37 minutes ago Sat, 03/11/2017 - 11:38 Hits: 56277 times

ရန်ကုန်၊ မတ် ၁၁ ။ ။ နိုင်ငံတော်သံဃမဟာနာယက (မဟန) အဖွဲ့အနေဖြင့် မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ)ကို ခေါ်ယူသြ၀ါသပေးပြီး ညှိနှိုင်း၍မရမှသာ ယခုကဲ့သို့တရားဟောခွင့်တစ်နှစ် ပိတ်ပင်ခြင်းမျိုးလုပ်သင့်သည်ဟု ရှမ်းပြည်မြောက်ပိုင်း အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ အရှင်အင်္ကုရက မဇ္စျိမသို့မိန့်ကြားသည်။
"အဓိကတော့ ဒီလိုအပိုင်းတွေကို တွေ့ဆုံမေးမြန်းခေါ်ယူ သြဝါဒပေးမှုမရှိဘဲနဲ့ ဒီတိုင်းလုပ်လိုက်တာသည် သံဃာချင်းညီညွတ်မှုကို ပျက်ပြားစေတာပေါ့။ မဖြစ်သင့်ဘူးပေါ့။ ဒီလိုလုပ်မယ့်ကိစ္စကို မဟန ဆရာတော်ကြီးတွေအနေနဲ့ သြဝါဒခေါ်ပေးတာတို့ဘာတို့ ပြုလုပ်ပြီးမှ ညှိနှိုင်းလို့မရတဲ့အဆင့် သူတို့ဘက်ကလည်းထောက်ပြ။ တကယ် ဒီလိုအတိုင်းဟုတ်တယ် ပြုတယ်ဆိုလို့ရှိရင် မေးမြန်းပြောဆိုဆုံးမပြီးမှ လုပ်နိုင်ရင်တော့အဆင်ပြေတာပေါ့။ ဒီလိုလုပ်တယ်ဆိုရင် နှစ်ဖက် ထိပ်တိုက်တွေ့မှုတွေဖြစ်လာရင် တိုင်းပြည်ရဲ့ရှေ့ အနာဂတ်လည်း မကောင်းဘူးလေ။ ဦးဇင်းအနေနဲ့ မဟန ဆရာတော်တွေကိုမေတ္တာရပ်ခံချင်တာက တကယ်တန်းအနေနဲ့ ဒါကို သြဝါဒအနေနဲ့ ခေါ်ယူပေးပြီး ညှိနှိုင်းပြီးမှလုပ်သင့်တာပေါ့လေဒီလို ဒီလိုလုပ်လိုက်တာဆို ဒါကမကောင်းဘူးတော့မြင်တာပေါ့။ တစ်ဖက်သက်ကျတာပေါ့နော်" ဟု ဆရာတော်ကမိန့်ကြားသည်။
မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူသည် ဘာသာတစ်ခုနဲ့တစ်ခုကြား အမုန်းတရားပွားပြီး အဓိကရုဏ်းဖြစ်စေနိုင်သည့် ဟောပြောမှုများ၊ အမုန်းတရားကြီးထွားစေသည့် လှုံ့ဆော်မှုများ၊ တရားဥပဒေစိုးမိုးရေး အဟန့်အတားဖြစ်စေသည့် ဟောပြောမှုများနှင့် နိုင်ငံရေးပါတီများကြား ဘက်လိုက်ဟောပြောမှုများ ပြုလုပ်သောကြောင့် ၄၇ပါးစုံညီ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အထူးအစည်းအဝေးမှ မတ်လ ၉ရက်တွင် ဦးဝီရသူကို ၂ဝ၁၈ မတ်လ ၉ရက်အထိ တစ်နှစ်တိတိ တရားဟောခွင့် ပိတ်ပင်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။
အဆိုပါ ကြေငြာချက်ဖြင့် ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ (မဟန)နှင့်ဆရာတော် ဦးဝီရသူတို့ကို သို့ဆက်သွယ်မေးမြန်းရန် မဇ္ဈိမက ကြိုးပမ်းသော်လည်း မရရှိခဲ့ပေ။
ဆုံးဖြတ်ချက်ကို ဦးဝိစိတ္တာဝံသ (ဦးဝီရသူ)ကို မန္တလေးတိုင်းဒေသကြီး သံဃနာယက အဖွဲ့မှခေါ်ယူအသိပေးမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူသွားရန်လည်း ကြေငြာချက်တွင်ပါရှိသည်။
မတ်လ ၈ ရက်နေ့ ညတွင် ဘန္ဒန္တ ဝိစိတ္တာဘိဝံသက(ဆရာတော် ဦးဝီရသူ)အား မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ တာတပေါရွာတွင် တရားပွဲအား ခွင့်ပြုချက်မရသေးဘဲ ဟောပြောခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရရုံးမှသိရသည်။
ဆရာတော် ဦးဝီရသူသည် ၎င်း၏ တရားဟောပြောအချို့ ကြောင့် နိုင်ငံတကာရဲ့ ဝေဖန်မှုနှင့် စိတ်ဝင်စားမှုခံနေရသူလည်းဖြစ်သည်။


No comments:

Post a Comment