Saturday, March 11, 2017

ဝမ်းသာအားရ ပျော်ထားကြနော် သူများပျော်တဲ့အခါကျ စိတ်မဆိုးရဘူး ဟုတ်။

ဝမ်းသာအားရ ပျော်ထားကြနော်

သူများပျော်တဲ့အခါကျ စိတ်မဆိုးရဘူး 
ဟုတ်။
*********************************


ဦးဝီရသူကို တစ်နိုင်ငံလုံးမှာ တရားဟောခွင့် ၁ နှစ် ပိတ်
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် နာယကအဖွဲ့ဝင်ဆရာတော် ဦးဝိစိတ္တာဘိဝံသ(ဦးဝီရသူ)ဟာ ဘာသာတစ်ခုနဲ့ တစ်ခုအကြား အမုန်းတရားတွေပွားများပြီး ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်တဲ့ ဟောပြောမှုတွေ၊ နိုင်ငံရေးပါတီတွေအကြား ဘက်လိုက်ဝေဖန်ဟောပြောမှုတွေကို ဒေသအနှံ့အပြားမှာ ကြိမ်ဖန်များစွာပြုလုပ်နေတာကြောင့် မြန်မာနိုင်ငံအတွင်း တရားဟောခွင့် ၁ နှစ် ပိတ်လိုက်တယ်လို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ဦးဝီရသူရဲ့ ဟောပြောချက်တွေနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးမှာ ပွက်လောရိုက်နေတာကြောင့် မဟန ဆရာတော်ကြီးတွေက မနေ့က နေပြည်တော်မှာ အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်လိုက်တာလို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။
ဦးဝီရသူကို ပထမအဆင့်အနေနဲ့ ဆရာတော်ကြီးတွေက ဓမ္မစက်နဲ့ ထိထိရောက်ရောက် ဟန့်တားမှာဖြစ်ပြီး မရရင် အာဏာစက်ကို လွှဲပြောင်းပေးမှာဖြစ်တယ်လို့လည်း ၀န်ကြီး သူရဦးအောင်ကို က ပြောပါတယ်။
ဦးဝီရသူဟာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို ဖောက်ဖျက်ကျူးလွန်နေတာကြောင့် တရားဟောခွင့် ပိတ်ပင်လိုက်တာဖြစ်ကြောင်း မနေ့က ပြုလုပ်တဲ့ သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထအထူး အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဦးဝီရသူကို ၂၀၁၇ မတ်လ ၁၀ ရက်နေ့ကနေ ၂၀၁၈ မတ်လ ၉ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း တရားဟောခွင့် ပိတ်ပင်လိုက်ကြောင်းနဲ့ လိုက်နာမှုမရှိဘူးဆိုရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးဝီရသူကို မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့က ခေါ်ယူအသိပေးသွားမှာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာပါရှိပါတယ်။
ဓါတ်ပုံ - (မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် နာယကအဖွဲ့ဝင်ဆရာတော် ဦးဝိစိတ္တာဘိဝံသ(ဦးဝီရသူ) ကို တွေ့ရစဉ်)


No comments:

Post a Comment