Wednesday, November 11, 2015

“ဦးနေမျိုးဝေကို ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်”


ရန်ကုန်၊ နိုဝင်ဘာ ၈
အမျိုးသားညီညွတ်ရေးပါတီ (UNC)၏ ဂုဏ်သိက္ခာထိခိုက်စေရန် ဘာသာရေးကိုအကြောင်းပြုပြီး မဲဆန္ဒရှင်များ မဲမထည့်ရန် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့မှုဖြင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေကို နိုဝင်ဘာ ၇ ရက်နေ့က တာမွေမြို့မရဲစခန်းမှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
အောက်တိုဘာလ ၂၈ ရက်နေ့က Nay Myo Wai အမည်ဖြင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အမျိုးသားညီညွတ်ရေးပါတီကို မဲမပေးရန် ကြက်ခြေခတ်သင်္ကေတပြုလုပ်ထားသောပုံနှင့် စာသားများကို ဖော်ပြခဲ့ပြီး ဘာသာရေးကိုအကြောင်းပြုကာ နိုင်ငံသားအချင်းချင်း စိတ်ဝမ်းကွဲစေမည့်စာများ ရေးသားဖော်ပြမှုကြောင့် ယင်းအကောင့်ပိုင်ရှင် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေကို အရေးယူပေးရန် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးပါတီ (UNC)ထံမှ သိရှိရသည်။
“ဆန္ဒမဲပေးမယ့်သူတွေကို အမြင်လွဲမှားစေအောင် အစ္စလာမ်ဘာသာဝင်တွေရဲ့ပါတီကို မဲမပေးဖို့နဲ့ ကျွန်တော်တို့ပါတီရဲ့ အမျိုးသားရေးမှသည် လူမျိုးစုံ သွေးစည်းရေးသို့ ဆောင်ပုဒ်ကို သွေးနှောရန်ဆိုပြီး ဖော်ပြခဲ့တာကြောင့် ဦးနေမျိုးဝေကို ဥပဒေအရ အရေးယူပေးဖို့ အမှုဖွင့် တိုင်ကြားခဲ့တာပါ”ဟု ယင်းပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါအမှုဖွင့် တိုင်ကြားခံရသူ ဦးနေမျိုးဝေကို တာမွေမြို့မရဲစခန်းမှ (ပ) ၁၂၇၁/၁၅၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးရန် ဆောင်ရွက်နေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
အဆိုပါအရေးယူခံရမှုနှင့်ပတ်သက်၍ အမှုဖွင့်ခံရသူ ဦးနေမျိုးဝေကို မေးမြန်းရန် The Voice က တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း စက်ပိတ်ထားသောကြောင့် ဆက်သွယ်၍ မရခဲ့ပေ။

9.11.2015/ The Voice

No comments:

Post a Comment