Wednesday, November 11, 2015

“ဦးကိုနီကို သမ္မတလောင်းအဖြစ်တင်မြှောက်ကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ဖော်ပြခဲ့သူနှစ်ဦးကို အမှုဖွင့်”


ရန်ကုန်။ နိုဝင်ဘာ ၈
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့မှ ထုတ်ပြန်ထားခြင်းမရှိဘဲ ဥပဒေအကြံပေး အဖွဲ့ဝင်ဦးကိုနီကို သမ္မတလောင်းအဖြစ် ရွေးချယ်တင်မြှောက်မည်ဟု ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့သော အမျိုးသားနှစ်ဦးကို အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း တိုက်ကြီးမြို့မရဲစခန်းထံမှ သိရသည်။
နိုဝင်ဘာလ ၄ ရက်နေ့က Ko Thar Gyi အမည်ဖြင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာနှင့် Aung Zin အမည်ဖြင့် ဖေ့ဘွတ်ခ်စာမျက်နှာတို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး ဦးကိုနီကို သမ္မတလောင်းအဖြစ် တင်မြှောက်ရန် ရွေးချယ်ထားသည်ဟု အရေးပေါ်ကြေညာစာတမ်းတစ်စောင်ကို ပြုပြင်ဖန်တီးကာ ဖြန့်ဝေခဲ့ကြောင်း၊ ယင်းဖြန့်ဝေသူများကို စုံစမ်းခဲ့ရာ အကောင့်ပိုင်ရှင်များမှာ အောင်ဇင်ဖြိုးနှင့် ဇော်မျိုးအောင်တို့ ဖြစ်ကြောင်း သိရသောကြောင့် ဖမ်းဆီးအရေးယူရန် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း တိုက်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီထံမှ သိရသည်။
“ဒေါ်အောင်ဆန်းစုကြည် မီဒီယာတွေနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးတဲနောက်ပိုင်းမှာ ပါတီအပေါ် အထင်လွဲများစေမယ့် မဟုတ်မမှန်သတင်းတွေ ထွက်ပေါ်လာခဲ့တယ်။ NLD အပေါ် လူထုယုံကြည်မှု ပျက်စေဖို့ ရည်ရွယ်ပြီး ဘာသာရေးအစွန်းရောက်စေမယ့် စာသားတွေနဲ့ အင်တာနက်ပေါ်မှာ ဖော်ပြနေတာကြောင့် မြို့နယ် ပါတီအဖွဲ့ဝင်တွေက တိုင်ပင်ပြီး ရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ။ ခရိုင်နှင့် ဗဟိုထံလည်း အမှုဖွင့်တိုင်ကြားထားကြောင်း သတင်းပေးပို့ထားပါတယ်”ဟု ယင်းပါတီမှ အောင်နိုင်ရေးအဖွဲ့ဝင် ဦးသန်းစိုးက ပြောကြားသည်။
အဆိုပါ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ဖော်ပြခဲ့သူနှစ်ဦးကို တိုက်ကြီး မြို့မရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ၃၄(ဃ)ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးအရေးယူရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုဝင်ဘာလ ၄ ရက် ည ၁၀ နာရီခန့်က NLD ပါတီအဖွဲ့အပေါ် အထင်အမြင်လွဲမှားစေမည့်စာများ ရေးသားထားသည့်စာရွက်များကို ရပ်ကွက် ကျေးရွာအချို့တွင် လိုက်လံဖြန့်ဝေခဲ့သော ပြည်ခိုင်ဖြိုးပါတီဝင် ၁၁ ဦးကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈ (ဂ) (ဃ)ဖြင့် တိုက်ကြီးမြို့မရဲစခန်းနှင့် ဥက္ကံနယ်မြေရဲစခန်းတို့တွင် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

9.11.2015/ The Voice

No comments:

Post a Comment