Monday, November 23, 2015

“ရှင်ကျန်းပြည်နယ် အစွန်းရောက်အကြမ်းဖက်အဖွဲ့ကို တရုတ်အာဏာပိုင်များဖြိုခွင်းမှုတွင် ၂၈ ဦးသေဆုံး”




ဘေဂျင်း၊ နိုဝင်ဘာ ၂၁
တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်ရှိ ကျောက်မီးသွေးတွင်းတစ်ခုကို တိုက်ခိုက်ခဲ့မှုအတွက် တာဝန်ရှိသူများကို အထူးတပ်ဖွဲ့ဝင်များက နှိမ်နှင်းခဲ့ရာ ၂၈ ဦးသေဆုံးခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ရှင်ကျန်းပြည်နယ်ကျောက်မီးသွေးတွင်းတိုက်ခိုက်ခံရမှုတွင် ပါဝင်ပတ်သက်သူများကို တရုတ်အထူးတပ်ဖွဲ့က ၅၆ ရက်ကြားမျှ စစ်ဆင်ရေးပြုလုပ်ကာ နှိမ်နှင်းခဲ့ရာ ၂၈ ဦးသေဆုံးခဲ့ပြီး တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း Xinhua သတင်းဌာနက ဆိုသည်။

အူဂါမူဆလင်အများစုနေထိုင်သည့် ရှင်ကျန်းပြည်နယ်တွင် လတ်တလောကာလများအတွင်း ဖြစ်ပွားခဲ့သော မတည်မငြိမ်မှုများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများနောက်ကွယ်တွင် နိုင်ငံခြားမှ အကြမ်းဖက်သမားများ အဓိကကြိုးကိုင်ခဲ့သည်ဟု တရုတ်အာဏာပိုင်များက ဆိုသည်။
“၅၈ ရက်ကြာမျှ ဆက်တိုက်ဆောက်ရွက်ခဲ့သည့် အထူးစစ်ဆင်ရေးတွင် ရှင်ကျန်းလုံခြုံရေးတပ်ဖွဲ့အနေနှင့် ပြည်ပအကြမ်းဖက်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင်ရှိသော အစွန်းရောက်အကြမ်းဖက်ဂိုဏ်းကို ကောင်းစွာဖြိုခွင်းပစ်နိုင်ခဲ့သည်။ ယင်းအကြမ်းဖက်ဂိုဏ်းမှ အဖွဲ့ဝင် ၂၈ ဦးကို အပြီးအပိုင် ကွပ်မျက်ပစ်ခဲ့ရသည်”ဟု ရှင်ကျန်း နေ့စဉ်သတင်းစာက ရေးသားဖော်ပြသည်။

စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သော ရှင်ကျန်းကျောက်မီးသွေးတွင်းတိုက်ခိုက်ခံရမှုတွင် လူပေါင်း ၅၀ ခန့် သေဆုံးခဲ့သည်ဟု အမေရိကန်အစိုးရထောက်ပံ့ RFA သတင်းဌာနက ဖော်ပြခဲ့သည်။

ယခုသတင်းပတ်အတွင်း ဖော်ပြခဲ့သော RFA၏ သတင်းတွင် ကျောက်မီးသွေးတွင်း တိုက်ခိုက်ခံရမှုနှင့် ဆက်စပ်ပတ်သက်နေသူ ၁၇ ဦး (အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင်)ကို တရုတ်လုံခြုံရေးတပ်ဖွဲ့က သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

တရုတ်အစိုးရသည် ရှင်ကျန်းပြည်နယ်နှင့်ပတ်သက်သော သတင်းများကို အထူးပင် ကြပ်မတ်ထိန်းချုပ်ထားသောကြောင့် ယင်းစစ်ဆင်ရေးနှင့်ပတ်သက်သော သတင်းအတိအကျကို အတည်ပြုရန် ခဲယဉ်းလျက်ရှိကြောင်း Reuters သတင်းဌာနက ဆိုသည်။

22.11.2015 - The Voice

No comments:

Post a Comment