Wednesday, November 4, 2015

“ကြို့ပင်လည်းတုံး ဝံလည်းဆုံး အရင်းရှုံးနိုင်ငံရေးမဖြစ်စေနဲ့”



“ပွဲကြည့်ကောင်း၍ ထောင်ကျသူ”

မန္တလေး ဗဟိုအကျဉ်းထောင်၌  ဖိုးလှကြီးဆိုသူ အကျဉ်းသား တစ်ယောက် ရှိလေသည်။ သူသည် တ.မ.အ (တပ်မတော်အက်) ဥပဒေဖြင့် ထောင်ကျလာသူဖြစ်သည်။ သူ့အား ဖိုးလှကြီးဟုအများက ခေါ်ကြသော်လည်း ဖိုးလှကြီးဟူသောအမည်မှာ သူ၏အမည်အရင်း မဟုတ်ပေ။ သူသည် ချောက်ရေနံမြေဇာတိဖြစ်သောကြောင့် လည်းကောင်း၊ အသားညိုညို အရပ်အမောင်းကောင်းကောင်း၊ မေးရိုးကားကား၊ ရိုးရိုးကုတ်ကုတ်ဖြစ်သဖြင့် သခင်ဖိုးလှကြီးနှင့် တူသောကြောင့်လည်းကောင်း သူ့အားဖိုးလှကြီးဟု ခေါ်ကြခြင်းဖြစ်၏။  အမည်အရင်းကား သိန်းတန်ဖြစ်၏။
သူသည် ငွေကြေးပြည့်စုံသူဖြစ်သော်လည်း ထောင်ရောက်သည့် နေ့မှစ၍ မိသားစုနှင့်လည်းကောင်း၊ မိဘဆွေမျိုးများနှင့်လည်းကောင်း အဆက်အသွယ်ဖြတ်ကာ မဟော်သဓာ အိုးထိန်းသည်လို မထင်မရှား နေလေသည်။ ထို့ကြောင့် အကျဉ်းသားအများစုက ''ရုပ်မပေါက်'' ဟုဆိုကာ အဆက်အဆံ မလုပ်ကြပေ။ သူသည် ကျွန်ုပ်တို့နေထိုင်ရာ အမျိုးသား တိုက်ဆောင်သို့ ပေါ်တာအဖြစ်နှင့် ရောက်လာခြင်း ဖြစ်၏။ ဆန်ပြုတ်နှင့် ထမင်းဟင်း ဝေခြင်း၊ တောင်ယာလုပ်ခြင်း၊ ရေထမ်းခြင်းစသည်ဖြင့် စုံလင်အောင် လုပ်ရလေသည်။
သူသည် ကျွန်ုပ်တို့တိုက်သို့ ရောက်လာသောအခါ ဆေးရုံမှ ဆင်းကာစဖြစ်၍ အလွန်ပိန်လေသည်။ သူဆေးရုံသို့ ရောက်လာရပုံ မှာလည်း အတော်ဆန်းလေသည်။ ရဲဘက်အလုပ်စခန်းတွင် မိသားစု ထောက်ပံ့မှုမရသောကြောင့် အာဟာရချို့တဲ့ကာ အားပြတ်ပြီး ဖျားနာ လာလေသည်။ သတိရတစ်ချက် မရတစ်ချက်ဖြင့် အလုပ်နား၍ ဆေးကုသနေစဉ် ညွှန်မှူးခရီးစဉ်နှင့် ကြုံရလေသည်။ မေတ္တာ၊ ကရုဏာပြည့်ဝစွာဖြင့် လူသားချင်းစာနာမှု အပြည့်အဝရှိသော ညွှန်မှူးကြီးဦးညီစိုးကိုယ်တိုင် ကားဖြင့်တင်ခေါ်လာကာ မန္တလေး ထောင် ဆေးရုံသို့ တင်ပို့ကုသခဲ့လေသည်။
ဖိုးလှကြီးကား သူ့ကိုယ်သူ ဘယ်ရောက်နေမှန်းလည်းမသိ။  ဘယ်မှာနေမှန်းလည်း မသိ။ တစ်လောကလုံး ဘာဆိုဘာမျှမသိဘဲ   မေ့မြောရင်းလိုက်ပါလာရာ သူသတိရသည့်အခါတွင်မှ မန္တလေးထောင် ဆေးရုံမှာ ရောက်နေကြောင်း သိရလေသည်။
ရိုးသားသောကြောင့် လည်းကောင်း၊ သနားစဖွယ်ဖြစ်သော ကြောင့်လည်းကောင်း သူ့အား ကျွန်ုပ်က မနက်တိုင်း လက်ဘက်ရည်နှင့် အီကြာကွေးတိုက်ကျွေးပေသည်။
သူသည်ထောင်နှစ်နှစ်ကျသူဖြစ်ရာ နေသားပင် ၁၆လ ကျော်ခဲ့လေပြီ။ သူ့အမှုတွဲနှစ်ယောက်မှာ ရဲဘက်မှပင် လွတ်မြောက်သွားပြီ ဖြစ်သော်လည်း သူကား မလွတ်သေးပေ။ ကျန်းမာရေးအရ ဆေးနား ရက်များအတွက် လျှော့ရက်မရသောကြောင့် သူတစ်ယောက်သာ ကျန်နေခဲ့ခြင်းဖြစ်၏။
ကံကောင်းသည်ဟု ဆိုရမည်လော မသိပေ။ လွတ်ငြိမ်း သက်သာခွင့်ပေးသည့် အခိုက်နှင့်ကြုံရလေသည်။ အမည်၊ အဘအမည်၊ ထောင်ဝင်နံပါတ်၊ ပုဒ်မ၊ ပြစ်ဒဏ်အားလုံး တိုက်ဆိုင်စွာဖြင့် လွတ်လူစာရင်း ရောက်လာလေသည်။ သူသည် ပျော်မြူးသွားပြီး ထမင်းဇလုံမှအစ ပန်းကန်ခွက်ယောက်၊ အိပ်ရာခင်း၊ စောင်စသည့် အသုံးအဆောင် ပစ္စည်းများကို အတူနေအခန်းသားများအား ပေးပစ်လိုက်လေသည်။
ထောင်မှူးက လွတ်လူများကို ခေါ်၍ နှုတ်ဆက်ရာ သူလည်း တန်းစီ၍နှုတ်ဆက်ရလေသည်။ ထို့နောက် မိန်းဂျေးလ်တွင် ထပ်မံတန်းစီရပြန်လေသည်။ မိန်းဂျေးလ်၌ တန်းစီနေစဉ် အမည်စာရင်း သုံးကြိမ်ခေါ်ရာ သုံးကြိမ်စလုံး သူ့အမည်ပါလေသည်။ ဤသို့တန်းစီ စောင့်ဆိုင်းနေစဉ် ကျွန်ုပ်တို့အား နှုတ်ဆက်ကြောင်း လူကြုံဖြင့် မှာလိုက်လေသည်။
ကံဆိုးသည်ဟု ဆိုရမည်လော မသိပေ။ နာမည် သုံးကြိမ် ခေါ်ပြီးမှ သူ့ကို ''ခဏနေဦး''ဟုဆိုကာ လူတန်းကြီးထဲမှ ခွဲထုတ်သွား လေသည်။ ဤသို့ဖြင့် နေ့ ၁၂ နာရီအထိ ညောင်ပင်အောက်တွင် ထိုင်စောင့်နေစဉ် တန်းတင်ချိန်ဖြစ်သောကြောင့် မူလအဆောင်သို့  ပြန်လာရလေတော့၏။ သူ၏ထောင်မှူးကား အကျရုံးသို့ သွားမေး ပေးသေး၏။ သို့သော် ထောင်မှူးလည်း ဘာမျှမတတ်နိုင် ဖြစ်ခဲ့ရပေ သည်။ သူ့အဖြစ်ကား ထီပေါက်ပါလျက် လက်မှတ်ပျောက်သူအဖြစ်နှင့် တူလှပေသည်။
သို့သော် တစ်လပင် မနေလိုက်ရပေ။ ဖိုးလှကြီး လုံးဝ လွတ်သွားပေသည်။ သူလွတ်သည့်ရက်နှင့် ကျွန်ုပ်တို့ ထောင်ဝင်စာ တွေ့သည့်ရက် တိုက်ဆိုင်နေ၍ ကျွန်ုပ်၏ ညီဖြစ်သူ မောင်ဝင်းညွန့်အား  ဆိုင်ကယ်ဖြင့် လိုက်ပို့ခိုင်းလိုက်လေသည်။
သူ၏ လွတ်ရေးက ထူးခြားသလို သူကျလာပုံကလည်း ထူးခြားပေသည်။ သူ့ကို ထောင်ချသူကို သူကပြန်၍ တုံ့ပြန်ပုံမှာ ထို့ထက်သာ၍ပင် ထူးခြားပေသေး၏။
သူတို့တပ်တွင် လက်ကျန်လူဟောင်းဟူ၍ သူတို့ သုံးယောက် သာ ရှိ၏။ သူတို့သုံးယောက်လုံး တပ်ကြပ်ကြီးများဖြစ်ကြ၏။ တပ်ရင်းမှူးကြီးကား သူတို့သုံးယောက်အပေါ် အမြင်မကြည်ပေ။  ရန်ငြှိုးရန်စနှင့် အပြစ်အနာအဆာရှိ၍  အမြင်မကြည်ခြင်းမဟုတ်ဘဲ သူ၏ အကြောင်းကို ကုန်စင်အောင်သိထားသူများဖြစ်၍ အမြင် မကြည်ခြင်းဖြစ်ပေသည်။ ထို့ကြောင့် သူတို့သုံးယောက်အား အပြစ်ရှာသည့် အနေဖြင့် အမြဲတမ်းစောင့်ကြည့်နေလေတော့၏။ 
တစ်နေ့တွင် သူတို့ သုံးယောက်ပွဲကြည့်သွားကြ၏။ မူလက ပွဲဈေးသို့ အပျော်သဘောဖြင့် လျှောက်လည်ရုံသာ စိတ်ကူးခဲ့သော် လည်း ဇာတ်ပွဲတွေ့သည့်အခါ တောသားပီပီ ပွဲငတ်ငတ်ဖြင့် အလင်းပေါက် ကြည့်မိကြပေသည်။
သူတို့ တပ်သို့ ပြန်ရောက်သည့်အခါ တာဝန်ပျက်ကွက်မှုဖြင့်  အချုပ်ခန်းထဲ တန်းဝင်ရပေတော့၏။ သူတို့သုံးယောက်က တပ်ရင်းမှူးကြီးကို တောင်းပန်ကြ၏။ တစ်ကြိမ်တစ်ခါအမှားကို ခွင့်လွှတ်စေလိုကြောင်း၊ တပ်အချုပ်မှာ ပြစ်ဒဏ်ပေးရုံ ဒဏ်ခတ်ရုံမျှဖြင့် သာ ကျေနပ်စေလိုကြောင်း တောင်းပန်ကြခြင်းဖြစ်၏။ သူတို့သုံးယောက် အနက် ဖိုးလှကြီးတောင်းပန်မှုက ပို၍ ရင်နင့်ဖွယ်ကောင်းလေသည်။
သူသည် တပ်ရင်းမှူးကြီးအား ထိုင်၍ရှိခိုး၏။ ပြီးလျှင်တိုးရှိုး တောင်းပန်၏။ သူ၏ရင်သွေးကလေးငယ်များကို ငဲ့ညှာ၍လည်း ကောင်း၊ ကိုယ်ဝန်အရင့်အမာကြီး လွယ်ထားရသော ဇနီးသည်အပေါ် လူသားချင်း စာနာသောအားဖြင့်လည်းကောင်း သူ့အားတပ်တွင်း ပြစ်ဒဏ်သာပေး၍ ထောင်မချစေခြင်းငှာ အနူးအညွတ်တောင်းပန်ရှာလေသည်။
နောက်ဆုံးတွင် သူတို့သုံးယောက်လုံးသည်'တ.မ.အ'ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ်စီ ကျသွားလေတော့၏။

“အတုံ့အလှည့်”
အမိန့်ချပြီးသောအခါ ဖိုးလှကြီးက တပ်ရင်းမှူးကြီးအား ဤသို့ပြောလေသည်။
''အဘ ကျွန်တော်တို့က (၂)နှစ်ပဲကျတာ။ အဘအလှည့်ကျ အနှစ်(၂ဝ) ကျစေရမယ်''။ သူတို့သုံးယောက်စလုံးသည် အချုပ် ကာလမှာပင် ကြိုတင်၍ ဆိုင်ရာသို့တိုင်စာများရေးပို့ခဲ့ကြပြီး ဖြစ်၏။
ဤသို့ဖြင့် သူတို့သုံးယောက်စလုံးသည် အရပ်ဘက်ထောင်သို့ ရောက်ပြီး မကြာမီ သူတို့တိုင်ထားသည့် ကိစ္စနှင့်ပတ်သက်၍ ဆိုင်ရာအဖွဲ့၏ စစ်ဆေးမေးမြန်းမှုကို ခံရလေသည်။ ထို့နောက် အရပ်ဘက်ထောင်မှ တပ်သို့ခဏပြန်ကာ စစ်ခုံရုံး၌ တိုင်ကြားသူအဖြစ် အစစ်ခံကြရ ပြန်လေသည်။
ထိုအချိန်တွင် သူတို့အားလုံးသည် တပ်ရင်းမှူးကြီးနှင့် မျက်နှာချင်းဆိုင် ထိုင်ရလေသည်။ တပ်ရင်းမှူးကြီးအား လက်ထိပ် ခတ်ထားလေသည်။ တပ်ရင်းမှူးကြီးသည် စစ်ကြောရေးအဖွဲ့အား  ထိုင်ရှိခိုးရုံတင်မကဘဲ ကလေးတစ်ယောက်လို ငိုယိုတောင်းပန် လေသည်။
ဖိုးလှကြီးကား တပ်ရင်းမှူးကြီးအဖြစ်ကိုကြည့်၍ ''တို့ တုန်းက မငိုဘဲ ရှိခိုးတောင်းပန်ရုံသာ လုပ်ခဲ့ကြ၏။ သင်းကျ တော့ ရှိခိုးတောင်းပန်ရုံတင်မကဘဲ ယောက်ျားကြီးတန်မဲ့ ငိြုေ<ွကး ရပြီမဟုတ်လား'' ဟု စိတ်ထဲမှကြိတ်၍ ဝမ်းသာနေလေသည်။
ကာလဝိပါက် နောက်ပိုးတက်သည်ဟု ဆိုရပေမည်။ တပ်ရင်းမှူးကြီးက မည်သို့ပင် ငိုယိုရှိခိုး တောင်းပန်စေကာမူ ပြစ်မှုထင်ရှားသဖြင့် တပ်ရင်းမှူးကြီးအား စစ်ခုံရုံးက ထောင်ဒဏ် နှစ်(၂ဝ)ချမှတ်လိုက်လေတော့၏။
ဖိုးလှကြီးကား ဤမျှဖြင့်ပင် မကျေနပ်နိုင်သေးပေ။ တပ်ရင်း မှူးကြီးထံ ထောင်ဝင်စာ သွားတွေ့လိုက်သေး၏။ ထောင်ဝင်စာ လာသည်ဆို၍ မိသားစုလာသည်အထင်နှင့် ဖီးလိမ်းပြင်ဆင်ကာ ထောင်ဝင်စာခန်းထဲသို့ ဝင်လာသော တပ်ရင်းမှူးကြီးသည် သူ၏ မိသားစုကို မတွေ့ရဘဲ သူ၏ရန်သူတော်နံပါတ်တစ်ဖြစ်သော ဖိုးလှကြီး ကို တွေ့ရသောအခါ ရှက်လည်းရှက်၊ ဒေါသလည်းထွက်လေသည်။ တပ်ရင်းမှူးကြီး၏ ဆူပူကြိမ်းမောင်း အော်ဟစ်ငေါက်ငန်းသံသည် ထောင်ဝင်စာခန်းတစ်ခန်းလုံး ဟိန်းထွက်သွားလေတော့၏။ ဖိုးလှကြီး လည်း အောင်နိုင်သူတို့၏ မျက်နှာထားမျိုးဖြင့် ပြုံးဖြီးဖြီးနှင့် ပြန်လာခဲ့လေသည်။
ဖိုးလှကြီး လွတ်မြောက်သွားသည်မှာ ၂ဝဝ၆ ခုနှစ်ကဖြစ်ရာ  ယခုဆိုလျှင် လေးနှစ်ပင်ပြည့်ခဲ့လေပြီ။ ကျွန်ုပ်သည် ဖိုးလှကြီးကို သတိရသည့်အခါတိုင်းတွင် သူ၏ဆရာ တပ်ရင်းမှူးကြီးကိုပါ တွဲ၍ မြင်ယောင်မိလေသည်။ သူတို့ ဆရာတပည့်ဖြစ်အင်ကို တွေးမိသည့် အခါတိုင်း၌လည်း အောက်ပါ ''မဃဒေဝဆုံးမစာ''ကို သတိတရဖြင့် ရွတ်ဆိုမိလျက်သား ဖြစ်နေခဲ့၏။
မဆွရှေးတွင်၊ ဝံကြို့ပင်တို့၊ ဖွဲ့ကျင်ရန်ငြိုး၊ သေပျက် ကျိုးအောင်၊ အဲခိုးကြံငြား၊ လက်သမားအား၊ ချောစား မြှောက်တင်၊ ပြောကြားလျှင်သော်၊ ကြို့ပင်လည်းတုံး၊ ဝံလည်းဆုံး၍၊ နှစ်ဦးလုံးသာ၊ ပျက်စီးစွာ၏။
သတ္တဝါချင်းချင်း၊ မေတ္တာကင်းလျက်၊ ပျက်လျှင်းစိမ့်ငှာ၊ မချမ်းသာအောင်၊ ဘယ်ခါသော်မှ၊ မကြံရတည့်၊ ကိုယ်က သူ့ကို၊ မလိုဣဿာ၊ ကြံတုံပါက၊ မှန်စွာသူလည်း၊ တစ်နည်းနည်းဖြင့်၊ လက်ချည်းမခံ၊ မကောင်းကြံ၍၊ ကြို့ဝံတမျှ၊ ပျက်ကုန်ကြလိမ့်။    ။ (မဃဒေဝ။ ၂၄၆)
မှန်ပါသည်။ ကြို့ပင်စောင့်နတ်နှင့် ဝံကောင်တို့ တစ်ဦးနှင့် တစ်ဦး ရန်ငြှိုးဖွဲ့ခြင်းကြောင့် ပျက်စီးရပုံကို ငါးရာ့ငါးဆယ်နိပါတ် တော်၌ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပေသည်။

“ဖန္ဒနဇာတ်”
ဟိမဝန္တာတောအရပ်၌ ကြို့ပင်ကြီးတစ်ပင်ရှိ၏။ ဝံကောင် တစ်ကောင်သည် ထိုကြို့ပင်ကြီးအောက်၌ လာ၍အိပ်လေ့ရှိ၏။ တစ်နေ့သောအခါတွင် လေတိုက်၍ ကြို့ပင်ကိုင်းခြောက်တစ်ခုသည် ဝံကောင်ပေါ်၌ ကျသွား၏။ ဝံကောင်သည် ရုတ်တရက်အလန့်တကြား  ထပြေးလေ၏။ ထို့နောက် နောက်သို့လှည့်၍ ကြည့်ပြန်လေ၏။ ထိုအခါ ခြင်္သေ့၊ ကျားစသည့် အန္တရာယ် တစ်စုံတစ်ခုကိုမျှ မမြင်လေသော် ကြို့ပင်စောင့်နတ်အပေါ် အထင်အမြင်လွဲကာ ရန်ငြှိုးဖွဲ့ရှာလေတော့၏။
ဝံကောင်သည် ကြို့ပင်ကို လက်ဖြင့် ပုတ်ခတ်ခါ-
''နင့်သစ်ပင်၏ အရွက်ကိုငါမစား။ နင့်သစ်ခက်ကို ငါမချိုး။ ဤသစ်ပင်၌ တစ်ပါးသောသားကောင်တို့နေသည်ကို နင်သည်းခံ နိုင်၏။ ငါတစ်ယောက်ကိုမူကား နင်သည်းမခံနိုင်။ ငါ့အား အဘယ် အပြစ်ရှိသနည်း။ နင့် သစ်ပင်ကို အမြစ်နှင့်တကွ နုတ်စေ၍ အပိုင်းပိုင်းပြတ်စေအံ့''ဟု ခြိမ်းခြောက်ကာ လူတစ်ယောက်ကို စုံစမ်း ရှာဖွေတော့၏။
တစ်နေ့သောအခါ၌ လှည်းရထားလုပ်သော လက်သမား တစ်ယောက်သည် ကြို့ပင်အနီးသို့ ရောက်လာသည်ကို ဝံကောင် တွေ့သွားလေ၏။ ထိုအခါက ဝံကောင်က-
''ပိတောက်ပင်၊ ရှားပင်၊ အင်ကြင်းပင်၊ ထောက်ကြံ့ပင်တို့သည် မခိုင်ခံ့ပါ။ ကြို့ပင်သည်သာ  လှည်းရထားအကွပ်အလို့ငှာ ခိုင်ခံ့၏။ ထို့အပြင် အကန့်၊ လှည်းဘီး၊ ပုံတောင်းစသည်တို့အတွက်လည်း သင့်တော်၏''
ဟု အကြံပြုကာ ကြို့ပင်ကြီးကို ညွှန်ပြလေတော့၏။
လက်သမားတို့သည် ကြို့ပင်ကြီးကို ဖြတ်အံ့သောငှာ အားထုတ်လေသော် ကြို့ပင်စောင့်နတ်သည် ဤသို့အကြံဖြစ်လေ၏။
''ငါသည် ဝံကောင်၏အပေါ်၌ တစ်စုံတစ်ခုကိုမျှ မချမိ။ သည်ဝံကောင်သည် အရာမဟုတ်သည်၌ ရန်ငြှိုးဖွဲ့၏။ ငါ့ ဗိမာန်ကို ဖျက်ဆီး၏။ တစ်ခုသော ဥပါယ်တံမျဉ်ဖြင့် ဤဝံအား ဤလက်သမားကိုပင်လျှင် ဖျက်ဆီးစေအံ့''
ထိုသို့ကြံပြီးလျှင် လူယောင်ဖန်ဆင်း၍ လက်သမားတို့ထံသို့ သွားကာ ဤသို့အကြံပြုလေသည်။
''ဝံရေကိုခွာ၍ လက်လေးသစ် အတိုင်းအရှည်ရှိသော အကွပ်၌ သံပြားပတ်သကဲ့သို့ အကွပ်ဝန်းကို ရစ်သည်ရှိသော် အကွပ်သည်လည်း အလွန်ခိုင်ခံ့သည် ဖြစ်လတ္တံ့။ များစွာသော ရထားတန်ဖိုး ဥစ္စာကိုလည်း ရလတ္တံ့။ ကြို့ပင်ကို ညွှန်ပြသော ဝံကောင်ကို လှည့်စား၍ ခေါ်ချေတော့''
ထိုအခါ လက်သမားတို့သည် ဝံကောင်နောက်သို့လိုက်၍-
''အသင်ဝံ သင်ပြအပ်သော သစ်ပင်ကို အဘယ်အရပ်၌ ဖြတ်စေအံ့နည်း'' ဟု မေးလေ၏။
ဝံကောင်သည်လည်း ပြန်လိုက်လာ၍ ဖြတ်သင့်သည့်အရပ် နေရာကို နှုတ်သီးဖျားဖြင့်ခတ်၍ ညွှန်ပြလေ၏။
ထိုအခါ လက်သမားတို့သည် ဝံကောင်ကိုလည်းသတ်၍ ကြို့ပင်ကိုလည်းဖြတ်ကာ ယူဆောင်သွားလေတော့၏။
ဤသည်ကိုကြည့်၍ မဃဒေဝ၌ ''ကြို့ပင်လည်းတုံး၊ ဝံလည်းဆုံး''ဟု မိန့်ဆိုခဲ့ခြင်း ဖြစ်လေသည်။

“ဝင်းဝင်းနှင့် လုလု”
နိုင်ငံရေးလောက၌ Win Win Policy (သူနိုင်ကိုယ်နိုင် မူဝါဒ) Win Win Situation (သူနိုင်ကိုယ်နိုင်အခြေအနေ)သည် ထင်ရှားသော စကားရပ်များဖြစ်ကြ၏။ နှစ်ဦးနှစ်ဘက် ငြင်းခုံ နေရာမှ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကြောင့် ထွက်ပေါ်လာသော  ရလဒ်ကောင်းကို ဆိုလိုပေသည်။ (ဥပမာ-တောင်အာဖရိကမှ မင်ဒဲလားနှင့် ဒီကလပ်တို့၏ ဖြစ်ရပ်မျိုး ဖြစ်၏။)
ထို့အတူ Lose Lose Policy  (သူနာကိုယ်နာ၊ သူရှုံး ကိုယ်ရှုံးမူဝါဒ)၊ Lose Lose Situation (သူနာကိုယ်နာ၊ သူရှုံး ကိုယ်ရှုံး အခြေအနေ)လည်း ရှိပေသည်။ (ဥပမာ-ကျွန်ုပ်တို့နိုင်ငံ၌ ဖဆပလအကွဲ၊ ၁၉၆၂ခုနှစ် အခြေအနေနှင့် ရှစ်လေးလုံးအခြေအနေ တို့ ဖြစ်လေသည်။)
အဆိုပါ လု(စ်)လု(စ်) အခြေအနေအရ နှစ်ဦးနှစ်ဘက်လုံး နစ်နာဆုံးရှုံးရခြင်းကိုရည်ရွယ်၍ မန်လည်ဆရာတော်ကြီးက'ကြို့ပင် လည်းတုံး၊ ဝံလည်းဆုံး''ဟု ဆိုထားခြင်းဖြစ်ပေသည်။
လောကလူသားတို့၏ သဘောသဘာဝမှာ''ပါးရိုက်လျှင် နားကိုက်မည်'' ဟူသည့် စိတ်ထားမျိုး မွေးမြူတတ်ကြလေ့ရှိပေ သည်။  ကိုယ်က သူ့ကို ဒုက္ခပေးလျှင် သူကလည်း ကိုယ့်ကို ဒုက္ခ ပြန်ပေးပေလိမ့်မည်။ ဒုက္ခအကြီးအသေးသာ ကွာ၏။ နှစ်ဦးနှစ်ဘက်လုံး ဒုက္ခရောက်ကြမည်မှာ များစွာ သေချာလှပေသည်။

“လုလုကိုရှောင် ဝင်းဝင်းဆောင်”
ဖန္ဒနဇာတ်တော်လာ မြတ်စွာဘုရား၏ အဆုံးအမများကို အနှစ်ချုပ်ကြည့်မည်ဆိုလျှင်-
''အညမည ဝိဝါဒေန၊ အညမည မဃာတယုံ''
ကြို့ပင်စောင့်နတ်နှင့် ဝက်ဝံတို့သည် အချင်း ချင်း ခိုက်ရန်ဖြစ်ကုန် ငြင်းခုံသောကြောင့် အချင်းချင်း သတ်မိကြကုန်လေသည်။
''မယူရနစ္စံ နိစ္စန္တိ၊ ယထာ တေ ဣဿဖန္ဒနာ''
လူတို့သည်လည်း ဤသို့ခိုက်ရန်ဖြစ်ကုန်၊ ငြင်းခုံကြသော အားဖြင့် ဥဒေါင်းငှက်ကဲ့သို့ ကကြကုန်လေသည်။
ဥဒေါင်းငှက်ကလျှင် ခန္ဓာကိုယ်နောက်ပိုင်းသည် ဟာလာ ဟင်းလင်း ဖြစ်ကုန်၍ ရှက်ဖွယ်အင်္ဂါများ ပေါ်ကုန်သလို လူတို့ ငြင်းခုံရန်ဖြစ်လျှင် ငယ်ကျိုးငယ်နာများ ပေါ်ကုန်၍ ရှက်ဖွယ်အတိ ဖြစ်ကုန်ခြင်းကို ဆိုလိုပေသည်။
သမ္မောဒထ မာ ဝိဝဒထ၊ မာ ဟောထ ဣဿဖန္ဒနာ။
ချစ်သားတို့ ညီညွတ်ကြကုန်လော့။ ဝမ်းမြောက်ကြလော့။  ကြို့ပင်စောင့်နတ်နှင့် ဝက်ဝံတို့ကဲ့သို့ ခိုက်ရန်မဖြစ်ကြကုန်လင့်။
သာမဂ္ဂိမေဝ သိက္ခေထ၊ ဗုဒ္ဓေဟေတံ ပသံသိတံ။
ချစ်သားတို့ ညီညွတ်ခြင်းကိုသာလျှင် ကျင့်ကြကုန်လော့။  ထိုသို့ ညီညွတ်ခြင်းကို မြတ်စွာဘုရားရှင်တို့သည် ချီးမွမ်း တော်မူကြလေ၏''ဟူ၍ ဖြစ်ပေသည်။
ဖိုးလှကြီးနှင့် တပ်ရင်းမှူးကြီးတို့သည် အချင်းချင်း အပြန် အလှန် တရားစွဲဆိုခဲ့ကြခြင်းကြောင့် ''ကြို့ပင်လည်းတုံး၊ ဝံလည်း ဆုံး'' ဖြစ်ရလေသည်။ သူတို့ကို အကြောင်းပြု၍ နှစ်ဖက်မိသားစု များပါ ဒုက္ခရောက်ကြရလေသည်။
ထို့ကြောင့် လောကလူသားအားလုံးသည် ''ကြို့ပင်လည်းတုံး ဝံလည်းဆုံး''ရမည့် လုလုအခြေအနေမျိုး မရောက်ရလေအောင် အချင်းချင်း ခိုက်ရန်ဖြစ်ကုန်၊ ငြင်းခုံကြခြင်းမှ ဝေးစွာရှောင်ကြဉ်၍  ဘုရားချီးမွမ်းတော်မူအပ်သော ညီညွတ်ခြင်း၊ ပေါင်းစည်းခြင်း လမ်းစဉ်ကိုသာလျှင် ကျင့်သုံးလျှောက်လှမ်းကြစေလိုပေသည်။
ဝီရသူ(မစိုးရိမ်)
၂၁-၂-၂ဝ၁ဝ
ဤ စာမူသည် စာရေးသူ အိုးဘိုတောရ၌ သီတင်းသုံးစဉ် ၁၉-၂-၂ဝ၁ဝမှာ စတင်ရေးသားပြီး ၂၁-၂-၂ဝ၁ဝမှာ အပြီးသတ်သော စာမူဖြစ်ပါသည်။ ၂၄-၂-၂ဝ၁ဝရက်နေ့တွင် အကျဉ်းဦးစီးဌာနမှ ထုတ်ဝေသော နရသိန်မဂ္ဂဇင်းသို့ ထောင်ရုံးမှတစ်ဆင့် ပေးပို့ခဲ့သော  စာမူဖြစ်ပါသည်။ သို့သော် အရွေးမခံရပါ။ ရွေးကောက်ပွဲနှင့် တိုက်ဆိုင်နေ၍ သတိကြီးကြီး ထားနိုင်ကြစေခြင်း အကျိုးငှာ အတုမရှိ အမျိုးသားရေးဂျာနယ်မှာ ထည့်သွင်းဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
၂၇-၁ဝ-၂ဝ၁၅

19:23 PM



No comments:

Post a Comment