ဂျကာတာ- အင်ဒိုနီးရှားနိုင်ငံ
အာချေးပြည်နယ်တွင် လက်နက်ကိုင် လူရာပေါင်းများစွာက ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို မီးရှို့လိုက်ပြီး
ပဋိပက္ခများဖြစ်ပွားခဲ့ရာတွင် လူတစ်ဦးသေဆုံးခဲ့ရပြီးနောက် ဒေသတွင်း တည်ငြိမ်အေးချမ်းစွာ
နေထိုင်ကြရန် တွစ်တာမှတစ်ဆင့် သမ္မတဂျိုကိုဝီက တောင်းဆိုတိုက်တွန်းလိုက်သည်။
၎င်းသည် ဒေသဆိုင်ရာအာဏာပိုင်များကိုလည်း
အကြမ်းဖက်မှုများမဖြစ်အောင် တားဆီးရေး၊ ပဋိပက္ခများကိုကိုင်တွယ်ရာတွင် မျှတ ပွင့်လင်းမြင်သာစွာ
ဆောင်ရွက်ရေးတို့ကိုလည်း ညွှန်ကြားထားသည်။
အာချေးတွင်
တုတ်များကိုင်ဆောင်ထားသည့် လူပေါင်း ၇၅၀ ခန့်က ဒေသခံ ခရစ်ယာန်ကျောင်းတစ်ခုကို မီးရှို့
ဖျက်ဆီးခဲ့ပြီး ဒုတိယဘုရားကျောင်းတစ်ခုကို ဖျက်ဆီးရန်ကျိုးစားရာတွင် ခရစ်ယာန်ဘာသာဝင်များနှင့်
ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့သည်။
“ဘုရားကျောင်းတစ်ခုကို
မီးတင်ရှို့ပြီးနောက် အကြမ်းဖက်အုပ်စုဟာ နောက်ထပ်ဘုရားကျောင်းတစ်ခုကို ထပ်ပြီးဖျက်ဆီးဖို့
ကြိုးစားခဲ့တယ်။ ဒေသခံ ခရစ်ယာန်တွေကလည်း ခုခံကာကွယ်ရင်း ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်တယ်။
လူတစ်ယောက်က ဦးခေါင်းကို လေသေနတ်ကျည်မှန်ပြီး သေဆုံးခဲ့ရပါတယ်”ဟု အာချေးပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ
ဟူစိန်ဟာမီဒီက အေအဖ်ပီအား ပြောသည။
ထိုထိပ်တိုက်ရင်ဆိုင်မှုများတွင်
ကျောက်တုံးများဖြင့် ပစ်ပေါက်မှုကြောင့် လူလေးဦး ဒဏ်ရာရခဲ့သည်။
ယခုအခါ ရဲနှင့်
စစ်တပ်ကို ဒေသတွင်း ချထားပြီး လုံခြုံရေးယူပေးနေကာ ဒဏ်ရာရသူလေးဦးတွင် တစ်ဦးမှာ စစ်သားဖြစ်ကြောင်း
ဟာမီဒီက ဆိုသည်။
သို့သော်
သေဆုံးသူနှင့် ဒဏ်ရာရသူသုံးဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးပေ။ ပြည်နယ်တောင်ပိုင်းတွင်ဖြစ်ခဲ့သည့်
ထိုပဋိပက္ခမှာ ပြီးခဲ့သည့်တစ်ပတ်က မွတ်စလင်လူငယ်အုပ်စုတစ်စုက ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ထားသည့်
ခရစ်ယန်ဘုရားကျောင်းများ ပြန်ဖျက်ပေးရန် အာဏာပိုင်များကို တောင်းဆိုခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး
အင်္ဂါနေ့ဖြစ်စဉ်တွင် လူ ၃၀ခန့်ကို မေးမြန်းစစ်ဆေးမှုများလုပ်ရန် ယာယီထိန်းသိမ်းထားကြောင်း
ဆိုသည်။
15.10.2015-
7Day သတင်းစာ

No comments:
Post a Comment