Thursday, October 15, 2015

“အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) သဘောထားထုတ်ပြန်ချက်”


တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် နေပြည်တော်၌ ပြည်တွင်းပြည်ပ အသိသက်သေများရှေ့မှောက်ဝယ် လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသဖြင့် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်မီးကြီး ငြိမ်းသွားသည်ဟု ငြိမ်းချမ်းရေးကို လိုလားသူ ရဟန်း ရှင် လူ ပြည်သူအားလုံးက ခံစားမိပါသည်။ တိုင်းပြည်နှင့် လူမျိုးအတွက် တကယ်စစ်မှန်သော သမိုင်းတင်ရမည့် အပြောင်းအလဲ၊ ပြည်ထောင်စုကြီး၏ မဟာအောင်ပွဲလည်း ဖြစ်သည်။ ကျည်ဆံများအစား ငြိမ်းချမ်းရေးပန်းများ ပွင့်လာသည်ဟု ခံစားရပါသည်။ ယခုလို ငြိမ်းချမ်းရေးပန်းများပွင့်အောင် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ပေးသူ အဘက်ဘက်မှ တာဝန်ရှိသူအားလုံးကိုလည်း ပြည်သူလူထုတစ်ရပ်လုံး၏ကိုယ်စား ပြည်ထောင်စုကြီး၏ တိုင်းပြုပြည်ပြု သူရဲကောင်းပုဂ္ဂိုလ်များအဖြစ် လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်စွာ ဂုဏ်ပြုအပ်ပါသည်။
ယခုလက်မှတ်ထိုးပွဲတွင် မပါဝင်ဘဲ ကျန်နေသည့်အဖွဲ့များလည်း မကြာမီ လက်မှတ်ထိုးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ သာစေ နာစေသဘောမထားဘဲ တိုင်းပြည်ညီညွတ်ရေးကို ရှေးရှုပြီး ငြိမ်းချမ်းရေးလက်မှတ်ထိုးနိုင်အောင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသ၍ ဆက်လက်ဆောင်ရွက်ကာ ပြည်ထောင်စုကြီးကို ထိန်းသိမ်းကာကွယ်ကြပါဟုလည်း တိုက်တွန်းအပ်ပါသည်။
မဘသအဖွဲ့ကြီးသည် လူတစ်စုကောင်းစားရေးအာဏာရှင်စနစ်မှ ပြည်သူလူထုအားလုံးကောင်းစားရေး၊ အမျိုးသားရေးလက္ခဏာမပျောက်သော ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေး ပြုပြင်ပြောင်းလဲမှုများကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေပါသည်။ ကိုယ်ရေးကိုယ်တာခံစားချက်များကို ရှေ့တန်းမတင်ဘဲ တာဝန်ရှိသူအားလုံးက အဆိုပါပြုပြင်ပြောင်းလဲမှုများကို တစိုက်မတ်မတ် ပြုလုပ်ပေးကြပါ ဟုလည်း မဘသအဖွဲ့ကြီး(ဗဟို)က လေးလေးနက်နက် ဂုဏ်ပြုတိုက်တွန်းကြောင်း သဘောထားထုတ်ပြန်လိုက်သည်။

စာအမှတ်။ ၀၀၄၂/ စီမံ-မဘသ/ ၂၀၁၅
နေ့စွဲ။ ၁၃၇၇ ခု၊ သီတင်းကျွတ်လဆန်း ၂ ရက်၊ (အောက်တိုဘာလ ၁၅ ရက်၊ ၂၀၁၅၊ ကြာသပတေးနေ့။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်

No comments:

Post a Comment