Tuesday, October 27, 2015

“နဂါးနီအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် ဟောပြောပွဲကျင်းပ”


မန္တလေး၊ အောက်တိုဘာ ၂၇
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို (၂၇.၁၀.၂၀၁၅)ရက်နေ့၊ နံနက် (၈း၀၀)နာရီအချိန်၊ ဆ ရပ်ကွက်၊ ဂျပန်ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အသင်းတာဝန်ရှိသူများဖြစ်ကြသည့် အရှင်ဇဝန(နာယက)၊ အရှင်ဉာဏိဿရ(ဟောပြောတာဝန်ခံ)နှင် ဒေါ်ကြင်ကြင်မြိုင်(အတွင်းရေးမှူး)တို့ တက်ရောက်ကြပါသည်။ အရှင်ဉာဏိဿရနှင့် အတွင်းရေးမှူးဒေါ်ကြင်ကြင်မြိုင်တို့မှ အသိပညာပေး ဟောပြောခဲ့ပါသည်။
ဟောပြောပွဲပြီးနောက် အသင်းဝင်များအား စုဘူးငွေထုတ်ပေးခဲ့ရာ အသင်းဝင်(၄၀)ဦးအတွက် တစ်သိန်းခွဲကျပ်စီနှင့် (၁၄၃)ဦးအတွက် တစ်သိန်းကျပ်စီ ထုတ်ပေးခဲ့ပါသည်။
ဆ ရပ်ကွက်နဂါးနီစုဘူးသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် စုဘူးများအနက် ပထမဦးဆုံး စုဘူးဖြစ်ပါသည်။ ဆရာတော်မှ (၁.၉.၂၀၁၄)ရက်နေ့တွင် ဦးရေ (၅၀)အတွက် (၅)သောင်းကျပ်စီ (၂၅)သိန်းမတည်၍ တည်ထောင်ပေးခဲ့ရာ ယနေ့အချိန်တွင် အသင်းဝင်ပေါင်း (၁၈၃)ဦးအထိရှိလာပြီး တစ်သိန်းခွဲတန်း(၄၀)ဦးနှင့် တစ်သိန်းတန်း(၁၄၃)ဦး ဖြစ်ကြောင်း သိရသည်။
နဂါးနီစုဘူး၏ ငွေချေးစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး အတိုး(၅)ကျပ်ထဲမှ (၂)ကျပ်ကို စုဘူးအသင်းဝင်များအတွက် ကျန်းမာရေးရန်ပုံငွေ၊ (၃)ကျပ်ကို စုဘူးငွေတိုးချဲ့ထုတ်ပေးရန်နှင့် အသင်းဝင်သစ်များ တိုးချဲ့လက်ခံရန် စီးပွားရေးရန်ပုံငွေအဖြစ် စုဆောင်းပေးသည်ဟု သိရပါသည်။
နဂါးနီစုဘူးကို အခြေခံလူတန်းစားပြည်သူများ စီးပွားရေး လူမှုရေးနှင့် အသိပညာမြှင့်တင်ရေးအတွက် တည်ထောင်းထားခြင်းဖြစ်ပြီး ယနေ့အချိန်တွင် စုဘူးပေါင်း (၅)ဘူးအထိ တိုးချဲနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ဆရာတော်ဦးဝီရသူအနေဖြင့် ရပ်ကွက်တခုအတွက် သိန်း(၁၀၀)အထိ မတည်လှူဒါန်းသွားရန် ရည်ရွယ်ထားကြောင်းလည်း သိရပါသည်။
ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)

အတိုးပေါ် အတိုးဆင့်၊ အတိုးနှင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
အသောက်အစား၊ အပျော်ပါး၊ လောင်းကစားရှောင်ကြင်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။

(ဝီရသူ-မစိုးရိမ်) 




No comments:

Post a Comment