Sunday, October 18, 2015

“ဦးဝီရသူ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အင်တာဗျူးအစီအစဉ် အခွေထုတ်၍ ဝေငှမည်”


မန္တလေး၊ အောက်တိုဘာ ၁၇
ကျော်ဝေမင်း-
မဘသ(အထက်မြန်မာပြည်)ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ဆရာတော်ဦးဝီရသူ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အင်တာဗျူးအစီအစဉ်အား အခွေထုတ်၍ ဒေသခံပြည်သူများထံသို့ အခမဲ့ ဝေငှသွားမည်ဖြစ်ကြောင်း အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)ထံက သိရသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခွင့်ရရှိသည့် စက်တင်ဘာ(၈)ရက်နေ့မှစတင်ကာ ဆရာတော်ဦးဝီရသူက ဦးဆောင်၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား အင်တာဗျူးအစီအစဉ် လုပ်ဆောင်ခဲ့သည်။
အဆိုပါလုပ်ဆောင်ခဲ့သည့် အင်တာဗျူးများကို အခွေထုတ်ကာ မြို့နယ်အလိုက် အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ဆရာတော်ဦးဝီရသူက မိန့်ကြားသည်။
“အခွေထုတ်ရုံပဲကျန်တော့တယ်။ ကျန်တာအားလုံးပြီးပြီ။ ဒီတစ်ပတ်အတွင်း ဖြန့်ဝေသွားမယ်။ ကော်မရှင်ကို အကြောင်းကြားဖို့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဦးဇင်းတို့က ပါတီအနေနဲ့လုပ်တာမှမဟုတ်တာ။ ပြည်သူတစ်ရပ်အနေနဲ့ လုပ်တာပါ”ဟု ဆရာတော်ဦးဝီရသူက ဆက်မိန့်ကြားသည်။
ယင်းသို့ အခွေထုတ်ရာတွင် မန္တလေးခရိုင်အတွင်းရှိ တစ်မြို့နယ်လျှင် အခွေတစ်ထောင်ခန့် ဖြန့်ဝေမည်ဟု ခန့်မှန်းထားပြီး စိတ်ဝင်စားမှုပိုမိုရှိလာပါက ဆက်လက်ထုတ်ဝေသွားမည်ဖြစ်သည်။
မန္တလေးတိုင်းအတွင်း ရွေးကောက်ပွဲဝင်ရောက်ယဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအား အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့က တွေ့ဆုံဆွေးနွေးထားပြီး ၎င်းတို့ဖြေကြားမှုအား မှတ်တမ်းတင်ထားကာ ပြည်သူများသိရှိစေရန်အတွက် Door To Door စနစ်ဖြင့် တစ်အိမ်တက်ဆင်း၍ ပြည်သူများ ရှင်းရှင်းလင်းလင်းသိကြစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆိုပါဆရာတော်က မိန့်ကြားသည်။

18.10.2015 မန္တလေးအလင်း သတင်းစာ

No comments:

Post a Comment