ရက်စွဲ။ ။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ(၂၈)ရက်
ယခုအခါ
မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မိုးကြီးလျှက်ရှိနေပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များရှိ မြို့နယ်အချို့တို့တွင်
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် လူ့အသက်များ
ဆုံးရှုံးနေရကြောင်း ကြားသိနေရ ပါသည်။ ထို့ပြင် မိုးရွာရေကြီးမှု၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ်
ရေထိန်းဆည်အချို့ ကျိုးပေါက်ခဲ့ရသလို အဓိကဆည်ကြီးများလည်း အန္တရာယ်ရှိနေပြီဖြစ်ပါသည်။
အချို့ဖြစ်စဉ်များတွင် ကားလမ်းများ၊ ရထားလမ်းများ ပိတ်ဆို့ရုံမျှမက တံတားများပါ ကျိုးပျက်မှုများ
ဖြစ်ပေါ်ခဲ့ပါသည်။ ထိုသို့သော ရေကြီးမှုများ၊ တောင်ကျရေများ ပြင်းထန်စွာကျဆင်းမှုများကြောင့်
ပြည်သူများ၏ အိုးအိမ်များနှင့် အသက်ဆုံးရှုံးမှုများပါ ပျက်စီးဆုံးပါးခဲ့သည်ကို ပြည်သူအများက
စိုးရိမ်တကြီး စောင့်ကြည့်ရသည့် အခြေအနေသို့ ရောက်လာခဲ့ပြီဖြစ်ပါသည်။
ကျွန်ုပ်တို့
အမျိုးသားဒီမိုကရေစီအင်အားစု NDF ခမောက်ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန်ဖြစ်သော်ငြားလည်း
ပြည်သူများ၏ အသက်အန္တရာယ်ဘေးထက် ပို၍ အရေးကြီးသည် မဟုတ်ဟု မှတ်ယူပါသည်။ ထို့ကြောင့်
ဤကဲ့သို့သော ဖြစ်ရပ်ဆိုးများကို ပြည်သူအများ ကြုံတွေ့ခံစားနေရသည့်အတွက် များစွာကြောင့်ကြခြင်းများနှင့်အတူ
နောက်ထပ်ဖြစ်ပေါ်မလာရေးကို ကြိုတင်ကာကွယ်မှုများ အချိန်နှင့် တပြေးညီ ဆောင်ရွက်ရမည်ဟု
ခံယူပါသည်။ ထို့ကြောင့် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများနှင့် နိုင်ငံတော်အစိုးရတို့မှ
ဆောလျင်ထိရောက်စွာ လူအား၊ ငွေအားနှင့် အုပ်ချုပ်ရေးဆိုင်ရာ ထိရောက်သောစွမ်း အားတို့ကို
အသုံးပြု၍ ဆောင်ရွက်ပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။
ယခုအထိ
ဆည်ရေများ ပိုမိုလျှံကျနေမှုကို တားဆီးနိုင်ရေးနှင့် ပြည်သူအများ၏ အသက်အိုးအိမ် ဆုံးရှုံးနေမှုတို့မှ
သက်သာခွင့်ရရေးကို တပ်မတော်တပ်ရင်းတပ်ဖွဲ့များနှင့် တသီးပုဂ္ဂလိကပြည်သူနှင့်အဖွဲ့အစည်းများက
အကူအညီပေးနေကြသည်ကို ကြားသိနေရပါသည်။ သို့သော်လည်း အတိဒုက္ခရောက်နေကြသော ရေဘေးသင့် ပြည်သူများအား
ထိရောက်သော အစားအသောက် အကူအညီ၊ နေရေးထိုင်ရေးအကူအညီ၊ ဆေးဝါးအကူအညီများကို နိုင်ငံတော်အစိုးရ၏
သီးသန့်ရံပုံငွေမှလည်းကောင်း၊ ရေအရင်းအမြစ်ထိန်းသိမ်းရေး ဦးစီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်ပေးမှု
စသည့်ဌာနဆိုင်ရာအသီးသီးသော ဝန်ကြီးဌာနများမှလည်းကောင်း၊ ထို့ပြင် ဤကဲ့သို့သော ရေဘေးသင့်ပြည်သူများအတွက်
ကုလသမဂ္ဂအစီအစဉ်နှင့် နိုင်ငံတကာအဖွဲ့အစည်းများ မှလည်းကောင်း၊ အကူအညီများပေးရန်နှင့်
လူမှုအဖွဲ့အစည်းများသို့ပါ သက်ဆိုင်ရာအာဏာပိုင်တို့မှ လှုံ့ဆော်တိုက်တွန်းရန် အထူးလိုအပ်သည်ဟု
NDF ပါတီမှ ရှုမြင်ပါသည်။
မိုးရွာသွန်းမှု
နောက်ထပ်ဖြစ်ပေါ်လာပါက စိုးရိမ်ရေမှတ် ကျော်လွန်တော့မည်ဖြစ်သော ဧရာဝတီ၊ စစ်တောင်းနှင့်
မူးမြစ်တို့၏ အနေအထားမှာလွန်စွာအန္တရာယ်ရှိမည့် အနေအထားသို့ ရောက်ရှိနေပါသည်။ ထို့ကြောင့်
ပြည်သူများအတွက် ကြိုတင်ကာကွယ်မှုများကို နိုင်ငံတော်အစိုးရမှ ထိရောက်စွာလုပ်ဆောင်ပေးပါရန်
တိုက်တွန်းတောင်းဆိုလိုက်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:
Post a Comment