ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃)
“ပြုပြင်သင့်သော အားနည်းချက်”
(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်)
-------------------------------------------------
ဘုရားမှတပါး မမှားသူမရှိဟု
ဆိုကြသည်။ ရှင်သာရိပုတ်မထေရ်ကြီး ယောဂီနှင့်လိုက်ဖက်သည့် ကမ္မဋ္ဌာန်းမပေးမိ၍ ဘုရားကပြုပြင်ပေးရသည့်ဖြစ်ရပ်
(တိတ္ထဇာတ်တော်)ကို သာဓကပြုပုံရပေသည်။မမှားသူဟူ၍ ‘ဘုရားရဟန္တာပဲရှိတယ်’ဟုလည်း ဆိုကြပြန်ပါသည်။ သာရိပုတ်မထေရ်ကြီးကား
နည်းလမ်းလွဲခြင်းသာဖြစ်သည်။ အမှားကျူးလွန်ခြင်းမဟုတ်။ စရိုက်နှင့်အကြိုက် တည့်အောင်မပေးနိုင်သည်သာ
ဖြစ်သည်။ တစ်စုံတရာအမှားကျူးလွန်ခြင်း မဟုတ်၊ စရိုက်နှင့်အကြိုက် အံဝင်ခွင်ကျရေးသည်
ဘုရားအရာဖြစ်၍ ဉာဏ်မမီခြင်းသာဖြစ်သည်။ ဘုရားကဲ့သို့ပြည့်စုံသူကား မဟုတ်။ ထို့ကြောင့်
‘ဘုရား ရဟန္တာမှ အမှားကင်းတာ’ဟု ဆိုလိုပုံရပေသည်။ ပုထုဇဉ်အမှားကို
ခွင့်လွှတ်နားလည်ပေးသည့်သဘောပင်။ ‘သူလည်းလေ လောကီသားပေမို့’ဟု
စာနာတတ်သောစာစုနှင့်အတူပင်။ ဤသည်ကိုရှု၍ လူတိုင်းအမှားမကင်းကြောင်းနှင့် ပြီးပြည့်စုံသူဟူ၍
မရှိကြောင်းကို သိရှိနိုင်ပေသည်။ စာရေးသူမှာလည်း အားနည်းချက်ရှိပေသည်။ အဆိုပါအားနည်းချက်ကို
အနီးနေတပည့်များက ပို၍သိကြပေသည်။
‘ဘုန်းကြီးရဲ့အားနည်းချက်က အဲ့ဒါပဲ’
‘ယုံလွယ်တတ်တယ်၊ သနားတတ်တယ်၊ အားနာတတ်တယ်’ဟု တပည့်တစ်ပါး ရေးသားထားသည်ကို တွေ့ရလေသည်။
မှန်ပါသည်။ စာရေးသူသည် ပုဂ္ဂိုလ်ရေးအရဆိုလျှင် အင်မတန်အားနာတတ်ပေသည်။ စော်ကားမော်ကား
ပြောကြားဖို့ဆိုသည်မှာ ဝေး၍ မောက်မောက်မာမာ ပြင်းပြင်းထန်ထန်ပင် မပြောကြားတတ်ပေ။ လိမ်မှန်းသိလည်း
မသိဟန်ဆောင်၍ နေတတ်၏။ အကောက်ကြံမှန်းသိလည်း မသိသလိုပင် နေတတ်၏။ မဖြောင့်မှန်သူမှန်းသိလျက်လည်း
ဖြောင့်မတ်ရိုးသားသူကို ဆက်ဆံသည့်အလား ရင်းနီးကျွမ်းဝင်စွာ ဆက်ဆံတတ်၏။ အားနာသည်လည်း
ပါ၏၊သူတစ်ပါးအရှက်ရမည်ကို မလိုလားသည်လည်း ပါ၏။ လူ့သိက္ခာမရှိသော်လည်း သူ့သိက္ခာကို လေးစားသည့်အနေဖြင့်
ဆက်ဆံပေးခြင်းလည်း ပါ၏။ အမျိုးဘာသာ သာသနာအတွက် မည်သည့်မျက်နှာ မည်သည့်အရာမျှ မထောက်ညှာတတ်သော်လည်း
ပုဂ္ဂိုလ်ရေးအရ အင်မတန်မျက်နှာပူတတ်သူ ဖြစ်ပါသည်။ လူ့အတ္တကို ထိပါးနိုင်သည့် အပြောအဆို
အမူအရာများကို အပြည့်အဝ စောင့်ထိန်းပါသည်။ သူခိုးမှန်းသိလျက် သူခိုးဟု အရိပ်အမြွက်မျှပင်
ပြောလေ့မရှိပေ။ သူခိုးအတ္တထိပါးနိုင်သောကြောင့်တည်း။ သူခိုးအရှက်ရနိုင်သောကြောင့်တည်း။
စာရေးသူတို့အမျိုးသားရေးလောက၌ ထင်ရှားသည့်အမျိုးသမီးတစ်ဦး ရှိခဲ့ဖူးပါသည်။
လူမျိုးတုအမည်နာမဖြင့် ကမ္ဘာက မြန်မာကိုအနိုင်ကျင့်လာသောအခါ မခံမရပ်နိုင်သော မျိုးချစ်များက
ဆန္ဒထုတ်ဖော်ပွဲများ ကျင်းပကာ တုန့်ပြန်ခဲ့ကြပါသည်။ အဆိုပါအမျိုးသားရေးပွဲများ၌ ပြည်ပသတင်းသမားများအား
အင်္ဂလိပ်လိုဖြေကြားသည့် အမျိုးသမီးတစ်ဦးဆိုလျှင် လူတိုင်းသိရှိကြပေမည်။ အဆိုပါအမျိုးသမီးမိသားစုက
စာရေးသူအား ပုံနှိပ်စက်အဟောင်းတစ်လုံး ရောင်းခဲ့ဖူးပါသည်။ ထိုစဉ်က စာရေးသူတို့အဖွဲ့မှာ
ပုံနှိပ်စက်မရှိသေးသဖြင့် ပုံနှိပ်စက်တစ်လုံး လိုအပ်နေချိန်လည်းဖြစ်၊ ဈေးလည်း သက်သာနေသဖြင့်
ဝယ်ယူလိုက်ပါသည်။ လည်ပတ်နေဆဲဖြစ်သည်။ လည်ပတ်နိုင်သည်အထိ တာဝန်ယူမည်ဆို၍ ယုံကြည်မှုတစ်ခုတည်းဖြင့်
ဝယ်ယူခဲ့သော်လည်း ယခုအထိ မလည်ပတ်နိုင်ခဲ့ပေ။ နှစ်ပေါင်းလည်း မနည်းတော့ပေ။ ပုံနှိပ်စက်မလည်ပတ်နိုင်သည်ကို
ဖြေသာသော်လည်း ငွေကြေးကိစ္စကို တစ်လုံးတစ်ပါဒမျှ ပြန်မဟဘဲ ယခုချိန်ထိ မသိကျိုးကျွံပြုလျက်
နေနိုင်ရက်အားသည်ကိုကား အံ့အားသင့်နေမိပေသည်။ ပုံနှိပ်စက်ဝယ်ပြီး မကြာခင်မှာပင် ၎င်းက
မက်ဆေ့ပို့လျှောက်ထားပါသည်။ ကျန်းမာရေးအတွက် ငွေအခက်အခဲရှိနေ၍ ခဏလောက်ကူညီပါ။ သို့သော်
မည်သူမျှ မသိစေချင်ပါဟူ၏။ စာရေးသူလည်း ငွေလွှဲပေးလိုက်ပေသည်။ ငွေသွားလွှဲသော တပည့်လေးထံမှာ
ရက်စွဲနှင့် မှတ်တမ်း ယခုထိရှိပါသည်။ သူမအကူအညီတောင်းသည့်အခါ စာရေးသူစဉ်းစားပါသည်။
သူ့ခမျာ အမျိုးသားရေးအတွက် ဥရောပမှ ပြန်လာရရှာ၏။ ကင်ဆာရောဂါဖြင့် ဆေးရုံးတက်နေသည့်တိုင်
အမျိုးများ လူမမာမေးသွားကြသည်ကို မတွေ့ရပေ။ ပစ်ထား၍ကား မသင့်။ ဤသို့ဖြင့် တပည့်လေးကို
ငွေလွှဲခိုင်းသည်အထိ အထမြောက်သွားခဲ့ပေသည်။ သနားလည်း သနားပါသည်။ အဝေးကြီးမှ ပြန်လာ၍
တစ်မျိုးသားလုံးအတွက် အလုပ်လုပ်ရှာသည်ဟု တွေးမိခြင်းကြောင့် သနားခြင်းဖြစ်၏။ လေးလည်း
လေးစားပါသည်။ ငွေကုန်ကြေးကျခံ၍ ကိုယ်ကျိုးစွန့် အနစ်နာခံသောကြောင့် ဖြစ်၏။ ထို့ကြောင့်
သူ့သတင်း သူ့ပုံလေးတွေ တက်လာတိုင်း မေတ္တာပို့ဆုတောင်းပေးနေမိပါသည်။ သူမ ဥရောပပြန်သွားပါသည်။
ကျန်းမာရေးကောင်းသွားပါပြီ။ အမျိုးသားရေးလုပ်ငန်းများ ဆက်လုပ်နေပါသည်။ ICJနှင့်ပတ်သက်၍
Liveလွှင့်ပြောကြားသည့် ရုပ်သံဖိုင်များလည်း တင်နေပါသည်။ မည်သည့်အရပ်မှာနေနေ၊ မည်သည့်ဘဝရောက်ရောက်၊
မည်သည့်အခြေအနေမျိုးပင်ဖြစ်ဖြစ် အမျိုးသားရေး လုပ်နေသဖြင့် ချီးကျူးဂုဏ်ယူနေမိပေသည်။
စာရေးသူမှာ သူမပုံမြင်တိုင်း ပုံနှိပ်စက်အစုပ်ကြီးကို သူနှင့်တွဲ၍
မြင်နေမိပေသည်။ သူမဗီဒီယိုဖိုင်ကြည့်ရတိုင်း ငွေကြေးအကူအညီတောင်းသံလေးကို ကြားယောင်နေမိပေသည်။
သူမသည် စာရေးသူကို ပြန်မကြည့်ပါ။ ပုံနှိပ်စက်မြင်တိုင်း တပည့်များက စာရေးသူကို လှောင်ပြောင်ကြပါသည်။
ထိုအခါ “မင်းတို့က ဒါပဲသိတာ၊ ငါ့မှာ ငွေငါးသိန်းတောင် အဆစ်ပါသွားသေး”ဟု ပြန်ပြောမိတတ်ပါသည်။ တပည့်များ ပို၍အံ့အားသင့်သွားကြပါသည်။
မှန်ပါသည်။ စာရေးသူဘဝမှာ “ငွေလည်းချေးပေးလိုက်ရသေး၊ ဘယ်သူမှမသိပါစေနဲ့”ဆိုသည့် သူ့အမိန့်ကို နာခံရင်း အောင့်အီးနေခဲ့ရသေး
ဆိုသည့်အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ဤသည်မှာ စာရေးသူ၏ အားနည်းချက်တစ်ခုပင်တည်း။
အခြားတစ်ခုလည်း ရှိပါသေးသည်။ မန်းမဟော်သဓာမြေကွက်ဂရမ်ချမပေးသည့်သတင်း
ထွက်ပေါ်လာသည့်အခါ ဦးပဉ္စင်းတစ်ပါးက ဖုန်းဆက်၏။ သမ္မတရုံးမှာ သူ့လူတွေရှိကြောင်း၊ သူ့လူတွေလုပ်ပေးနိုင်ကြောင်း၊
သူ့လမ်းကြောင်းနှင့်သူ သွား၍ရနိုင်ကြောင်း၊ သူ့လူတွေလုပ်ပေးခဲ့သည်မှာ မည်ရွေ့မည်မျှပင်ရှိကြောင်း၊
ထိုအထဲတွင် အထင်ရှားဆုံးမှာ အဆိုတော်မည်သူပင်ဖြစ်ကြောင်း အားတက်သရော ပြောလာခြင်းဖြစ်ပေသည်။
အမျိုးသားရေးကျောင်းတော်ကြီး တည်ဆောက်ရေးလုပ်ငန်းမှာ သူတို့လည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ချင်ပါသည်၊
ရစေရပါမည်၊ ရအောင်လုပ်ပေးပါမည်၊ အပ်သာအပ်လိုက်ပါဟုလည်း အာမခံလာပါသည်။ မန်းမဟော်သဓာဆောက်လုပ်ခွင့်အရေးသည်
အစိုးရမူဝါဒနှင့်သာ သက်ဆိုင်သည်ဖြစ်သောကြောင့် သမ္မတရုံးအဆက်အသွယ်ရှိသူ မဆိုထားဘိ ဝန်ကြီးအဆင့်ပင်
လုပ်မပေးနိုင်ပေ။ ထို့ကြောင့် စာရေးသူက ငြင်းပယ်လိုက်ပေသည်။ အကြိမ်ကြိမ်ဖုန်းဆက်၊ အကြိမ်ကြိမ်အာမခံကာ
လုပ်မပေးရလျှင် သေတော့မည့်ပုံစံမျိုး၊ လုပ်ပေး၍ ရရှိခဲ့လျှင် သူရဲကောင်းဖြစ်တော့မည်ဟု
ယုံကြည်နေသည့်ပုံစံမျိုးဖြင့် အကြိမ်ကြိမ်ချဉ်းကပ်လာသည့်အခါ စာရေးသူလည်း အားနာလာကာ
“သူတို့က အောက်ကျို့ခံကာ လာရောက်ကူညီပါလျက်”ဟူသောအတွေးက ကြီးမားစွာရိုက်ခတ်လာခဲ့ပါသည်။
ထို့ကြောင့် အဖွဲ့ကိုတိုင်ပင်ရလေသည်။ အဖွဲ့က ကိုယ်တိုင်သွားတွေ့ကာ အခြေအနေမဟန်၍ ပြန်လာကြလေ၏။
ပွဲစားခမဟုတ်သော်မှ စရိတ်စက ကျခံရမည်ဆို၏။ “စရိတ်စက စိုက်ပေးထားပါ။ အောင်မြင်လျှင်
ဆယ်ဆမကပါဘူး။ အဆတစ်ရာလည်း ပေးနိုင်ပါတယ်။ ပြန်ပေးပါမယ်”ဟု
ပြောသည့်အခါ ကားဆီဖိုးတောင်းလေ၏။ ကိုယ်တိုင်လာတွေ့မည်၊ နေပြည်တော်မှလာရမည်၊ စဥ့်ကူးဘက်မှ
လာရမည်၊ အသွားအပြန်ကားဆီဖိုးပေးဖို့သာ တောင်းဆိုပါသည်။ ရုံးအဝင်အထွက် လက်ဆောင်ပဏ္ဏာစသည့်
အခြားလိုအပ်ချက်ကိုမူ သူတို့သာစိုက်ထုတ်ပါမည်ဟု ဆိုလာ၏။ ၎င်းဦးပဉ္စင်းက ဖုန်းနံပါတ်အပြောင်းအလဲလည်း
မလုပ်ပါ။ နေရပ်လိပ်စာလည်း အမှန်ပါ။ သူ့ဖေ့စ်ဘုတ်အကောင့်ထဲဝင်ကြည့်သည့်အခါမှာလည်း ပုံအစစ်တင်ထားပါသည်။
အမျိုးသားရေးသမားဖြစ်ပါသည်။ မဘသညီလာခံ အမြဲတကရောက်သော်လည်း မဘသအဖွဲ့ဝင်မဟုတ်ပေ။ ထို့ကြောင့်
သံဃာအချင်းချင်း လိမ်လည်လိမ့်မည် မထင်၍ လာရောက်တွေ့ဆုံခွင့် ပေးလိုက်ပါသည်။ သူပြောသလို
အရာရှိများမဟုတ်ကြပါ။ ပွဲစားများသာ ဖြစ်ပါသည်။ သို့သော် ဆီဖိုးငါးသိန်းပေးလိုက်ရပါတော့သည်။
မန်းမဟော်သဓာကော်မတီမှ လူကြီးတစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေကြီးက တရားခံစစ်သလို
စစ်ဆေးမေးမြန်းသည်ကို မခံမရပ်နိုင်ဖြစ်သွားပုံရပါသည်။ မကျေမနပ်ဖြင့် ရင်ဖွင့်ကာ ဆီဖိုးလည်း
မတောင်း၊ ပွဲစားခလည်း မယူဘဲ အိတ်စိုက်လုပ်ပေးမည်၊ ရစေရမည်ဟု ထပ်မံအာမခံကာ စာရွက်စာတမ်းများ
ထပ်တောင်းလာသဖြင့် ပို့ပေးခဲ့သော်လည်း ယခုအချိန်ထိ ပေါ်မလာတော့ပေ။
‘လူကဲခတ် ညံ့ရကောင်းလား’ဟု တပည့်များက အပြစ်တင်ကြ၏။ ဒကာများက ‘တပည့်တော်တို့ရှိပါလျက်
အလိမ်ခံရတယ်ဆိုတာ ကြားမကောင်းပါဘူးဘုရား’ဟု လျှောက်ကြ၏။ ကိုယ့်အပြစ်နှင့်ကိုယ်ဖြစ်၍
ငြိမ်ခံနေရသော်လည်း အဆိုပါဦးပဉ္စင်းသည် ဖိုးတွမ်တီးမဟုတ်ပါ၊ လုပ်ပေးချင်စိတ်အားကြီးသူသာ
ဖြစ်ပါသည်။ သေချာပေါက် ရမည်ဟု ယုံကြည်မှုလွန်ကဲကာ ဖြစ်မြောက်စေလိုသော ဇောကပ်နေသူသာ ဖြစ်ပါသည်။
တွေ့ဆုံဖို့ ဆီဖိုးပေးရမည်ဟု ကတိတောင်းထားသောကြောင့် အလုပ်ဖြစ်မြောက်သည်ဖြစ်စေ မဖြစ်မြောက်သည်ဖြစ်စေ
ဆီဖိုးကား ပေးရမည်သာ ဖြစ်ပါသည်။ ဆီဖိုးပေးလိုက်ရခြင်းကို အလိမ်ခံရသည်ဟု မဆိုသာပေ။ ဤသို့သာ
ဖြေသိမ့်နေရပေသည်။ အမှန်မှာ အားနာခြင်း၊ ယုံကြည်လွယ်ခြင်းတည်းဟူသော ပင်ကိုယ်အားနည်းချက်၏
ရလဒ်တစ်ခုသာ ဖြစ်ပါသတည်း။
လူသားတိုင်း သဘောကောင်းကြပါသည်။ ထိုသို့သဘောကောင်းကြခြင်းမှာ အတ္တကို
မထိပါးခင်သာ ဖြစ်ပါသည်။ အတ္တကို ထိမှန်လာလျှင်ကား အစွယ်ကိုယ်စီ ထွက်လာကြစမြဲသာ ဖြစ်ပါသည်။
ဤသည်မှာ ပုထုဇဉ်သဘာဝဖြစ်ပါသည်။ ထိုကြောင့် စာရေးသူသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းအပေါ်
လေးစားစွာဆက်ဆံပါသည်။ အတ္တကိုထိပါးစေမည့်စကားမျိုးဆိုလျှင် လူရှေ့သူရှေ့မဆိုထားဘိ နှစ်ဦးတည်းရှိနေချိန်မှာပင်
ပြောလေ့မရှိပါ။ အတ္တကြောင့် ဒေါသကြီးရသည်။ အတ္တကြောင့် လောဘကြီးရသည်။ အတ္တကြောင့် မာနကြီးရသည်။
အညှိုးအတေးကြီးသူများ၊ ဝိသမလောဘသမားများ၊ မောက်မာမှုကြီးမားသူများသည် အတ္တကို မထိန်းချုပ်နိုင်သူများပင်
ဖြစ်ပါသည်။ အတ္တသည် ရာထူးကြီးလျှင် ကြီးသည့်အလျောက်၊ အာဏာကြီးလျှင် ကြီးသည့်အလျောက်၊
ဥစ္စာကြီးလျှင် ကြီးသည့်အလျောက်၊ လက်နက်ရှိလျှင် ရှိသည့်အလျောက် ပို၍အဆိပ်ပြင်းတတ်ပါသည်။
လောဘဒေါသနှင့် မာန်မာနတို့သည် လောင်စာကြီးလျှင် ကြီးသည့်အလျောက် လောင်အားကြီးမားတတ်သလို
မီးလောင်ရာလေပင့်လုပ်တတ်သော အတ္တကြောင့်လည်း ကူးစက်မှုအားကြီးတတ်ပါသည်။ အတ္တကို မထိန်းချုပ်နိုင်လျှင်
ရာထူးအာဏာနှင့် စည်းစိမ်ဥစ္စာများ မည်မျှပင်ကြီးမားများပြားစေကာမူ ကျရှုံးတတ်ပါသည်။ ထိုအခါ
အကျနာခြင်း အထိနာခြင်းများ ကြုံတွေ့ရကာ မရှုမလှ ခံစားရတတ်ပါသည်။ ထို့ကြောင့် မိုးကောင်းတုန်း
အကုန်မရွာဘဲ မိုးခေါင်သည့်အခါ အသုံးပြုရန် အနည်းအကျဉ်းတော့ ချန်ထားသင့်ပါသည်။ သို့မှသာ
နေ့ဖို့ညစာ ကျန်မည်ဖြစ်ပါ၏။ ခြိုးခြံချွေတာကြပါကုန်။
စာရေးသူ၏ တပည့်ရင်းမဟုတ်သည့် ဝန်းရံတပည့်လေးတစ်ပါး ရှိပါသည်။ အားနာသဖြင့်
ပညာအရည်အချင်း မမေးမိပါ။ ရဟန်းဘွဲ့များပင် ပီသစွာမဖတ်တတ်မှ စုံစမ်းကြည့်ရပါသည်။ ဘုန်းကြီးစာအရာမှာ
မူလတန်းအဆင့်ပင် မရှိရှာပါ။ အစက အဖွဲ့ရုံးမှာ အိပ်သော်လည်း နောက်ပိုင်းမှာ စာရေးသူကျောင်းမှာ
လာအိပ်ပါသည်။ မနက်အစောဆွမ်းစားလျှင် တစ်ပါးတည်းသာ စားလေ့ရှိသော်လည်း အာဂန္တုလာလျှင်ကား
အတူစားလေ့ရှိပါသည်။ တစ်ရက်နှစ်ရက် လာအိပ်သည်အထင်ဖြင့် ဆွမ်းအတူစားခွင့်ပေးထားခြင်းဖြစ်သော်လည်း
တစ်လ ကိုးသီတင်း အတူစားနေရပါသည်။ ကျောင်းမှာအမြဲနေမည်ဆိုလျှင် ကျောင်းနေတပည့်များနှင့်အတူ
စားစေချင်သော်လည်း ပြောမထွက်ပါ။ စားပုံသောက်ပုံကလည်း ဖိုးတော(တောထွက်ဦးပဉ္စင်းများ)နှင့်
တူနေသဖြင့် မနက်တိုင်း စိတ်အနှောင့်အယှက်ဖြစ်နေရပါသည်။ တပည့်များကိုပြောခိုင်းသော်လည်း
မရပါ။ စာရေးသူနှင့်အတူ စားရသည်ကိုပင် ဂုဏ်တစ်ခုလိုမှတ်ယူနေသဖြင့် တပည့်များနှင့်အတူ
မစားခြင်းဖြစ်ပါသည်။ စားစရာကား အတူတူပင်။ တပည့်များနှင့်အတူစားလျှင် ပို၍ပင်လွတ်လပ်ပါသေး၏။
သူ မတို့မထိသော အာဟာရများဆိုလျှင် ‘မတည့်လို့လား’ ‘မကြိုက်လို့လား’မေးကာ တည့်လျှင် ကြိုက်လျှင် သူ့အနားထိ တိုးပေးတတ်ပါသည်။
နှုတ်ဖြင့်လည်း ‘ဘုဉ်းပေး ဘုဉ်းပေး’ဟု တိုက်တွန်းတတ်ပါသည်။
သူ့ကြောင့် မိမိမှာ အနှောင့်အယှက်ဖြစ်ရကြောင်း သိစေလို၍ စကားမပြောခြင်း မျက်နှာထားတင်းခြင်းစသည့်
အမူအရာမျိုးပင် မပြုလုပ်ခဲ့ပေ။ ကလေကချေပင်ဖြစ်ပါစေ ချိုးနှိမ်၍မပြောတတ်သလို မောက်မာစွာဆက်ဆံခြင်းလည်း
မရှိပေ။ ဤသည်မှာ အလိုက်မသိ(မသိတတ်)သူတို့အတွက် အခွင့်ကောင်းတစ်ရပ် ဖြစ်သွားခြင်းဖြစ်ပေသည်။
တစ်နေ့သောအခါ မယ်တော်ကြီးတစ်ပါး ရောက်လာပေသည်။ ရောက်သည့်အခါတိုင်းလည်း ကျန်းမာရေးနှင့်ညီညွတ်ရာ
အာဟာရများ ကပ်လှူလေ့ရှိပါသည်။ နောက်တစ်နေ့မနက်အစော ဆွမ်းစားသည့်အခါ ဝန်းရံတပည့်လေးမလာသဖြင့်
မေးကြည့်ရာ မယ်တော်ကြီးက “ဆရာတော်နှင့် အတူမစားဖို့ လျှောက်ထားတယ်၊ ဦးဇင်းတွေနှင့်
အတူစားလိမ့်မယ်”ဟု လျှောက်ထားမှ သက်သာရာရသွားလေ၏။ ပြောမှသိ
ထိမှနာ ဆိုရိုးစကားသည် အလိုအလျောက်ဖြစ်ပေါ်လာသည့်စကား မဟုတ် ရှေးပညာရှိ လူကြီးသူမတို့၏
အတွေ့အကြုံတစ်ရပ်သာ ဖြစ်လေသည်။ မယ်တော်ကြီးကို ကျေးဇူးတင်နေမိ၏။
စာရေးသူသည် ပုဂ္ဂိုလ်ရေးမှာ အားနာတတ်သလို သူတစ်ပါးသိက္ခာကိုလည်း လေးစားလေ့ရှိပါသည်။
လူမှာ လူ့သိက္ခာရှိသည်။ ထို့ကြောင့် လူ့သိက္ခာကို ထိပါးနိုင်သည့်စကားမျိုး လုံးဝ ပြောလေ့မရှိပါ။
အပျိုကြီးမှာလည်း အပျိုးကြီးသိက္ခာနှင့် မုဆိုးမမှာလည်း မုဆိုးမသိက္ခာနှင့်၊ ဆင်းရဲသားမှာလည်း
ဆင်းရဲသားသိက္ခာနှင့်၊ ကပ္ပိယမှာလည်း ကပ္ပိယသိက္ခာနှင့် အားလုံး သိက္ခာကိုယ်စီရှိကြသည်သာ။
တောထွက်ဦးပဉ္စင်း(ဖိုးတော)ကြီးဆိုပြီးလည်း အထက်စီးမှ မပြောပါ။ ကလေကချေ သို့မဟုတ် ဂျလေဘီဖြစ်စေကာမူ
အထင်သေးသည့်အမူအရာပင် မပြဆိုမိပါ။ ရဟန်းအချင်းချင်းဆို ပြောစရာမလိုလောက်ပေ။ ပါရာဇိကချိုး(ဂျိုး)ကြီးဖြစ်စေကာမူ
သည်းခံပေါင်းသင်းလေ့ရှိပါသည်။ ဘကပညာရေးနှင့်ပတ်သက်၍ စာရေးသူနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သည့်
ညီတော်တစ်ပါးက စာရေးသူကို ယခုလို ပြောဆိုလာပါသည်။ “ဝီရသူကို ဘုန်းကြီးလို့ မသတ်မှတ်တဲ့
ကျောင်းဒကာ ဒကာမတွေ ရှိတယ်။ ဒါကြောင့် လုပ်ရကိုင်ရ ခက်တယ်”။ ဖိအားတစ်စုံတရာကြောင့် ကိုယ့်လိပ်ပြာကိုယ်မလုံဘဲ
ပညာရေးဆိုင်းဘုတ်ဖြုတ်ချပစ်သည်ကို ဖုံးကွယ်လို၍ အထက်ပါစကားကို ပြောဆိုခြင်းဖြစ်ပါသည်။
ကျူးလွန်သူ ဘာသာခြားက ကြောက်ရမည့်ကိစ္စ၌ အကျူးလွန်ခံရသည့် နစ်နာသူ ကာယကံရှင်က ကြောက်လန့်နေခြင်းသည်
မိမိသိက္ခာကို မိမိမယုံကြည်၍သာ ဖြစ်ပါသည်။ သို့သော် ထိုအကြောက်တရားကို ဖုံးကွယ်လို၍
စာရေးသူသိက္ခာကို တက်နင်းလိုက်ခြင်း ဖြစ်ပါသည်။ သူနှင့် မာတုဂါမပြဿနာ ဟိုးလေးတကျော်
ဖြစ်ခဲ့သည်မှာ သံဃာအများစု သိရှိပြီးဖြစ်ပါသည်။ ပါရာဇိကဂျိုးသမားကြီးက အထက်ပါစကားဖြင့်
စာရေးသူကို ကလေးတွေရှေ့ တိုက်ခိုက်သည်ကို မခံမရပ်နိုင်ဖြစ်ခဲ့သော်လည်း သည်းခံနိုင်ခဲ့ပါသည်။
သူ့သိက္ခာကို လေးစားသောကြောင့် ဖြစ်ပါသည်။ ရဟန်းသိက္ခာမရှိလောက်အောင် ပျက်စီးနေစေကာမူ
လူ့သိက္ခာတော့ ရှိသေးသည်သာ။ “ကျောင်းဒကာ ဒကာမတွေကိုပြောလိုက်ပါကွာ၊ မိန်းမလိုက်စားတဲ့
ပါရာဇိကဂျိုးကြီးကိုတော့ ဘုန်းကြီးလို့ အသိအမှတ်ပြုနိုင်သလား” ဤတစ်ခွန်းတည်းဖြင့် အောင်နိုင်သူကြီးဖြစ်နိုင်သော်လည်း
သူ့ခမျာ မခံမရပ်နိုင်ဖြစ်သွားမည်၊ ဆက်ဆံရေးအဖုအထစ်ဖြစ်သွားမည်၊ လုပ်ငန်းတွေ ရပ်ဆိုင်းသွားလိမ့်မည်
စသည်အထိ တွေးတောနိုင်လိုက်ခြင်းကြောင့် သည်းခံခဲ့ခြင်း ဖြစ်ပါသည်။ သူပြောသလိုလည်း မဟုတ်ပါ။
သူ၏ ကျောင်းဒကာ ဒကာမများက စာရေးသူကို ကျေးဇူးတင်နေကြပါသည်။ သူတို့ဘုန်းကြီး အထီးကျန်နေချိန်မှာ
ကူညီဖော်ရ၍ ကျေးဇူးတင်သည်ကတစ်ကြောင်း၊ သူတို့ကျောင်းဆောင်များ နေထိုင်သူမရှိသဖြင့်
နှစ်ပေါင်းများစွာ လူသူလေးပါးဆိတ်သုဉ်းနေရာမှ ပြန်လည်စည်ကားလာသောကြောင့် ကျေးဇူးတင်သည်ကတစ်ကြောင်းကြောင့်‘ခြေတော်ဦးခိုက်ခွင့်ပြုပါဘုရား’ ဟုခြေဖမိုးကို ဦးတိုက်သူများပင် ရှိခဲ့ပါသည်။
သို့သော်လည်း စာရေးသူမှာ လူရှေ့သူရှေ့ စော်ကားခံလိုက်ရပါတော့သည်။ ဤသည်မှာ အားနာလျှင်
ခါးပါတတ်သည် ဆိုသည့်အတိုင်း အားနာတတ်သောကြောင့် အစော်ကားခံရပုံ သာဓကတစ်ခုဖြစ်ပါသည်။
စာရေးသူ၏ ပင်ကိုယ်အားနည်းချက်တစ်ခုပင်။
စာရေးသူထံ အကူအညီလာတောင်းသည့်အခါ မရိုးသားသူဖြစ်စေဦးတော့ ‘အကယ်၍များ
အမှန်တကယ်အခက်အခဲတွေ့သူဖြစ်နေလျှင်’ ဟူသည့် အတွေးဖြင့် မကူညီဘဲ
မနေဝံ့ပေ။ အခက်အခဲတွေ့သူ မိမိထံရောက်လာပါလျက် မကူညီလိုက်ရကောင်းလားဟူသောအတွေးဖြင့်
နောင်တပူပန်ရမည့်အစား အလိမ်ခံလိုက်ရသည်က သက်သာသေးသည်မဟုတ်ပါလော။ ရိုးသားသော်လည်း အကြိမ်ကြိမ်အခါခါ
အကူအညီတောင်းလာသူဖြစ်နေလျှင် သူ့ခမျာလိုအပ်၍ပဲလေဟု နှလုံးသွင်းကာ အနည်းအကျဉ်းအားဖြင့်
ကူညီလိုက်သည်သာဖြစ်၏။ ‘ဆရာတော်- ခဏခဏလာလိမ်နေတာဘုရား’ဟု
တပည့်များက လျှောက်လျှင်လည်း ‘အဓိက ငွေလိုတာပဲမဟုတ်လား’ဟု
ပြန်ပြောဖြစ်လေ၏။ အကူအညီလာတောင်းသူအား အနည်းဆုံးအနေဖြင့် နှုတ်ဖြင့်စောင်မခြင်းဖြင့်ကား
ကူညီဖြစ်သည်သာဖြစ်ပါသည်။ မကူညီဘဲ မနေနိုင်ပေ။ ကူညီဖို့ အခွင့်အလမ်းမရလိုက်လျှင်လည်း
မကြာခဏ ပြန်မြင်နေလေတော့၏။ ၂၀၁၄ ရခိုင်ခရီးစဉ်တွင် ကျောင်းသားအရွယ်ကောင်လေးတစ်ယောက်
ငှက်ပျောခိုင်တစ်ဖက်တစ်ချက်စီ ထမ်းလာသည်ကို တွေ့ရပါသည်။ စာရေးသူကို ထီိးဖြူမိုးကာ စည်တော်များဖြင့်
ကြိုဆိုနေကြသဖြင့် ပရိသတ်ကို အာရုံစိုက်နေသည့်ကြားမှ မြင်တွေ့လိုက်ရခြင်းဖြစ်ပါသည်။
ဈေးကိုဖြတ်သွားရသဖြင့် လမ်းလျှောက်ရင်း ဘေးချင်းကပ်မြင်တွေ့လိုက်ရခြင်း ဖြစ်ပါသည်။
ချွေးတလုံးလုံးဖြင့် ဗိုက်ဆာနေသည့်အမူအရာ ငှက်ပျောခိုင် ဒိုင်သွားသွင်း၍ အဆင်မပြေ၍လော-
သို့တည်းမဟုတ် နောက်ကျနေ၍လော မပြောတတ်ပေ။ အမူအရာက ဒုက္ခရောက်နေမှန်း သိသာပေသည်။ ပိုက်ဆံမကိုင်သဖြင့်
ပေးစရာမပါ။ တပည့်များကို လှမ်းကြည့်လိုက်တော့လည်း လုံခြုံရေးယူသူကယူ ကင်မရာကိုင်သူကကိုင်နှင့်
အနားမှာမရှိကြ၊ လမ်းသွားရင်းဖြစ်၍လည်း ဆွဲငှာပေးဖို့ မသင့်လျော်သောကြောင့် လက်လျှော့ခဲ့ရပေသည်။
သို့သော် ယခုအချိန်ထိ အဆိုပါငှက်ပျောခိုင်ထမ်းပုံလေးကို မြင်ယောင်နေဆဲ ဖြစ်ပါသည်။
တစ်စုံတစ်ယောက်က အကူအညီတောင်းလာလျှင်
အမျိုးသားရေးအမြင်ဖြင့်ကြည့်မိကာ တစ်သီကြီးတွေးတောမိသည်က များလေသည်။ ‘သြော်…. သူ့ခမျာ’ဟုဆိုကာ မီးခိုးမဆုံး မိုးမဆုံး
တွေးတောမိရာမှ အလိမ်ခံရသည့်ဖြစ်ရပ်များလည်း မနည်းလှပေ။ ထို့ကြောင့် ငွေကြေးအကူအညီတောင်းပြီး
လှည့်မကြည့်သူက များလေသည်။ ဘုန်းကြီးအကြောင်း သိနေကြသည်ကိုး။ လေးငါးလစာ ကြိုတင်ထုတ်ယူပြီး
အလုပ်မလာသည့်ဝန်ထမ်းများ၊ အလုပ်မမှန်သည့်ဝန်ထမ်းများ၊ စာရင်းမရှင်းနိုင်သည့်ဝန်ထမ်းများလည်း
မနည်းလှပေ။ သူခိုးမှာလည်း လူ့သိက္ခာရှိသည်ဟူသော လက်စွဲဆောင်ပုဒ် ကျင့်သုံးသည့်ဘုန်းကြီးဖြစ်မှန်း
သိရှိထားသောကြောင့်တည်း။
အနီးနေစာပေသမား တစ်ယောက်ကို ကြော်ငြာတစ်ခုစုံစမ်းခိုင်းလိုက်သည်။
ထိုဌာနနှင့် ရင်းနှီးနေသူဖြစ်၍ ခိုင်းလိုက်ခြင်းဖြစ်သည်။ ဈေးနှုန်းပြောသည်။ ပိုက်ဆံပေးလိုက်သည်။
ပထမအကြိမ် ဖြတ်ပိုင်းတောင်းသည်။ အိမ်မှာကျန်ခဲ့သည်ဆို၏။ ဒုတိယအကြိမ် မေ့နေ၍ မရှာမိခဲ့ဟူ၏။
တတိယအကြိမ် ဝေ့နေပြန်သည်။ သဘောပေါက်လိုက်ပြီ။ ငွေပိုထုတ်သွားခြင်းဖြစ်လိမ့်မည်။ ဖုန်းတစ်ချက်ဆက်ရုံဖြင့်
ထိုဈေးနှုန်း သိနိုင်သော်လည်း မဆက်ဖြစ်ခဲ့ပါ။ အမှုမှန်ပေါ်ပေါက်သွားလျှင် အရှက်ရသွားမည်စိုးသောကြောင့်ပင်။
အကြိမ်ကြိမ်အလီလီ ဤသို့ကြုံရသော်လည်း စွပ်စွဲပြစ်တင်ဖို့ဝေးစွ “မင်းခိုးတာ ငါသိတယ်”အဓိပ္ပါယ်ဆောင်သည့် အကြည့်မျိုးဖြင့်ပင် မကြည့်ရက်ခဲ့ပါ။
သိက္ခာထိပါးမည်စိုးသည်လော အားနာသည်လော မပြောတတ်တော့ပေ။
နိုင်ငံရေးသမားတွေထဲမှာလည်း ညာစားတတ်သူရှိသည်။ စကားကို ချိုအောင်ပြောတတ်သည်။
စကားလုံးကို သိမ်မွေ့နူးညံ့စွာ သုံးတတ်သည်။ ဝေါဟာရလှလှလေးများလည်း သုံးတတ်သည်။ အယုံလွယ်သူအဖို့
အထင်ကြီးလေးစားမိသည်မှာ မဆန်းပေ။ အကူအညီလာတောင်းသဖြင့် ကူညီလိုက်ရသည်မျိုးရှိသလို အခမ်းအနားတစ်ခုတည်း
ငွေဆယ်သိန်းအကုန်ပြကာ စာရင်းအင်းမရှင်းသည့် နိုင်ငံရေးသမားမျိုးနှင့်လည်း ကြုံခဲ့ရပေသည်။
အနီးနေတပည့်များ၊ ဝန်းရံတပည့်များက သဘောမကျသော်လည်း အပြစ်မပြောရှာပေ။ ထိပ်ချမှ ဓားပြမှန်းသိသူများထဲတွင်
အယုံလွယ်သူများပါဝင်မည်မှာ အမှန်ပင်။ စာရေးသူဘဝမှာကား နောက်ကျောမှာလည်း ဒဏ်ရာနှင့်
နှာဖူးမှာလည်း ဒဏ်ရာနှင့်ဖြစ်၍ ဒဏ်ရာဗလပွနှင့် ဝီရသူအဖြစ် အရေထူလျက်ရှိပေတော့၏။
လူသားအားလုံး သနားတတ် အားနာတတ် အယုံလွယ်တတ်သူများအပေါ် အခွင့်ကောင်းယူ
အမြတ်ထုတ်ခြင်းမှ ရှောင်ကြဉ်နိုင်ကြပါစေ….. ။
‘ပြုပြင်သင့်သော အားနည်းချက်များ’ ပြီးပါပြီ
ဝီရသူ(မစိုးရိမ်)
19.6.2020

No comments:
Post a Comment