ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁)
“နံနက်ခင်းကျင့်စဉ် အာရက္ခတရားလေးပါး”
(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်)
-------------------------------------------------
စာရေးသူ မနက်အိပ်ရာနိုးသည့်အခါ ချက်ချင်းအိပ်ရာမထပါ။ နာရီကြည့်ပြီး
ခဏပြန်မှိန်းနေတတ်ပါသည်။ ထိုသို့ပြန်မှိန်းနေခိုက်မှာ ဂုဏ်တော်ပွားများနေတတ်ပါသည်။
ဂုဏ်တော်ပွားများနေတတ်သည်မှာ နေ့စဉ်နီးပါးဖြစ်ပြီး တစ်ခါတရံတွင်မူ နှလုံးခုန်သံကို
တရားရှုမှတ်နေတတ်ပါသည်။ အိပ်ရာနိုးလျှင်နိုးချင်း နှလုံးခုန်သံကို နားစွင့်တတ်ပါသည်။
နှလုံးခုန်သံ လုံးဝ မကြားရသည့်နေ့များက ပိုများသည်။ နှလုံးခုန်သံကြားရသည့်နေ့က လွန်စွာနည်းပါးလှပါသည်။
နှလုံးခုန်သံမကြားရလျှင် ဂုဏ်တော်ပွားများနေတတ်ပြီး နှလုံးခုန်သံကြားရသည့်နေ့တွင် နှလုံးခုန်သံကို
တရားမှတ်နေတတ်ပါသည်။ ငါးမိနစ် ဆယ်မိနစ်ကြာသည့်အခါ (ရံဖန်ရံခါ နာရီဝက်ကြာသည့်အခါ)မှ
အိပ်ရာထပါသည်။
အိပ်ရာထလျှင်ထချင်း နနွင်းနှင့်ပျားရည် တေထားသည့်ဆေးလုံးငါးလုံး
သောက်သုံးကာ ရေအဝသောက်ပါသည်။ အလွန်ဆုံးကြာလျှင် တစ်မိနစ်ခန့် ပုံမှန်အားဖြင့် စက္ကန့်သုံးဆယ်ခန့်တွင်
ဝမ်းသွားလေ့ရှိပါသည်။ ဝမ်းသွားသည်မှာ နည်းနည်းနောနောမဟုတ်ပါ။ အိုးပင်းတူ ဒလဟော ဖြစ်ပါသည်။
အားရပါးရ ဝမ်းသွားခြင်း ဖြစ်ပါသည်။ ဝမ်းသွားပြီးသည်နှင့်တစ်ပြိုင်နက်တည်း ရေခလုတ်ဆွဲချခြင်း(ရေလောင်းခြင်း)
လုံးဝ မလုပ်ပါ။ သွားထားသည့်ဝမ်းများကို သေချာစွာ ပြန်စစ်ဆေးပါသည်။ “ရောဂါဝမ်းလား၊ ရိုးရိုးဝမ်းလား၊
အစာမကြေတာများပါသလား၊ အစာကြေတာတွေပဲလား” စသည်ဖြင့် ကျန်းမာရေး
စစ်ဆေးမှုပြုလုပ်တတ်ပါသည်။ ၎င်းနောက် ထိုဝမ်းများကိုကြည့်ကာ အသုဘဘာဝနာ ဆင်ခြင်ပါသည်။ အခိုက်အတန့်မျှသာ
ဆင်ခြင်ခြင်းဖြစ်ပါသည်။
မျက်နှာသစ်သည့်အခါ ဂုဏ်တော်ပွားလျက် သစ်တတ်ပါသည်။ အရဟံ၊ အရ-ဟံ၊
အ-ရဟံ ဂုဏ်တော်သုံးပါးကို နှလုံးသွင်းရင်း မျက်နှာသစ်ခြင်း ဖြစ်ပါသည်။
မျက်နှာသစ်ပြီးသည့်အခါ ရေမေတ္တာပို့ပါသည်။ ရေကိုလက်ဝါးထဲသို့ နည်းနည်းချင်းလောင်းချပြီး
“ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ၊ ဤရေကဲ့သို့ ပူပင်သောက
ကင်းဝေးကြပါစေ”ဟု စိတ်ထဲမှာ ရွတ်ဆိုရင်း မေတ္တာရေ သွန်းလောင်းခြင်း
ဖြစ်ပါသည်။
ရေမေတ္တာပို့သည့်အခါ ခပ်သိမ်းသောသတ္တဝါများ၊ တစ်ဝန်းတစ်ရံတည်းနေ ရဟန်းရှင်လူနှင့်
နတ်ဒေဝါများ၊ ဆွမ်းဒါယကာ ဒါယိကာမများ (ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမများ)၊ မိဘဆရာ ဉာတကာ
ရဟန်းဒါယကာ ဒါယိကာမများသို့ မေတ္တာစိတ်ဖြန့်ကျက်၍ ပို့သခြင်းဖြင်ပါသည်။
ရေတစ်ဖလားကုန်သွားသည့်အခါ လျှာခြစ်တံဖြင့် လျှာသန့်ရှင်းရေးလုပ်ပါသည်။
ရေဖလားထဲတွင် ရေဖင်ကပ်ခန့်ထည့်ပြီး လျှာခြစ်တံကို လှုပ်ခါ ရမ်းခါ ဆေးကြောပါသည်။ အဆီနှင့်
အညစ်အကြေးများ ရေပေါ်မှာဝေ့နေသည်ကို တွေ့ရပါသည်။ ၎င်းကို သေချာစွာကြည့်ရှုကာ အသုဘဘာဝနာ စီးဖြန်းပါသည်။
“ငါ၏ခန္ဓာကိုယ်သည် သလိပ် ချွေး ပြီ နှပ် တံတွေး
ကျင်ကြီး ကျင်ငယ် စသော အညစ်အကြေးများနှင့် ပြည့်နှက်နေသည့် မသင့်မတယ် ရွံ့ရှာဖွယ် အသုဘအကောင်ပုတ်ကြီးပါတကား?
ရောဂါမျိုးစုံ စုပြုံ မြုံခဲနေသော ဒုက္ခအတုံးအခဲကြီးပါတကား”
“ဤရောဂါဝေဒါနာဖြင့်ပင် ကွေးသောလက် မဆန့်ခင်
ဆန့်သောလက် မကွေးခင် မုချသေနိုင်ပါသည်တကား၊ သေခြင်းတရားကို မည်သူမျှ မလွန်ဆန်နိုင်သလို
မည်သူမျှ မတားဆီးနိုင်ပါတကား”
ဤသို့ မိမိကိုယ်ခန္ဓာကို အသုဘရှုမှတ်ရင်း မရဏဿတိပါ တစ်ခါတည်း စီးဖြန်းတတ်ပါသည်။
အားလုံးပြီးသည့်အခါ ဖလားထဲ မျက်လုံးတစ်ဖက်စီ နှစ်ပြီး ‘နမော တေ’ဂါထာနှင့် ‘အရဟံ ဗဟိအန္တဇယံ’ဂါထာများ ပြီးဆုံးအောင် စိတ်ထဲမှာ ရွတ်ဆိုပါသည်။
ထို့ကြောင့် စာရေးသူ မနက်အိပ်ရာထ ရေချိုးခန်းဝင်လျှင် မိနစ်နှစ်ဆယ်ခန့်
ကြာတတ်ပါသည်။
ခရီးသွားသည့်အခါ အများနှင့်အတူ မျက်နှာသစ်ရသည့်အခါမျိုးတွင် ရေမေတ္တာပို့သနေပုံကို
မြင်တွေ့ကြလျှင် “အဲဒါ ဘာလုပ်တာတုန်း”ဟု အမေးခံရလေ့ရှိပါသည်။
စာရေးသူ ပြုံးပြလေ့ရှိပြီး ပြန်မဖြေမိပါ။
မျက်လုံးရေစိမ်သည်ကိုမူ တစ်ဦးစ နှစ်ဦးစ တားတတ်ကြပါသည်။ မျက်လုံးထိခိုက်မည်စိုးသောကြောင့်
ဖြစ်ပါသည်။ ရေမသန့်လျှင် မစိမ်ဖြစ်ပါ။ ရေသန့်မှသာ စိမ်ဖြစ်ပါသည်။
‘အာရက္ခတရားလေးပါး’ဆိုသည်မှာ
ဗုဒ္ဓါနုဿတိ မေတ္တာ စ၊ အသုဘံ မရဏဿတိ။
ဂါထာလာအတိုင်း ဖြစ်ပါသည်။ ၎င်းကို ‘စတုရာရက္ခတရား’ဟုလည်း ခေါ်ပါသည်။ အစောင့်အရှောက် တရားလေးပါးဟူလိုသော်။
နံနက်ခင်းကျင့်စဉ် ပြီးပါပြီ။
ပရိသတ်အားလုံး အာရက္ခတရားလေးပါးဖြင့် တစ်နေ့တာခရီးကို လုံခြုံအေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေ…
ဝီရသူ(မစိုးရိမ်)
7.4.2020

No comments:
Post a Comment