ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၄)
“ ရေချိုး ဆွမ်းစား ကျင့်စဉ်”
(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်)
-------------------------------------------------
စာချပြီး၍ သဟာယကျောင်းသို့ ပြန်ရောက်သည့်အခါ ချွေးဒဏ်ခံ ကိုယ်ပတ်သင်္ကန်းလေးမှာ ချွေးအတော်စိုရွှဲနေပေပြီ။ ထိုကိုယ်ပတ်သင်္ကန်းလေးကို ချွတ်ယူကာ တစ်ကိုယ်လုံးအနှံ့ ချွေးများကို သုတ်ပစ်ပါသည်။ ချွေးခြောက်မှ ရေချိုးပါသည်။
စာဝါချသည်က မနက် ၉း၃၀နာရီမှ ၁၀း၃၀နာရီထိဖြစ်သဖြင့် နေ့ဆွမ်း ၁၁း၀၀နာရီအမီ ရေချိုးရပါသည်။ ရေချိုးနေစဉ် ၁၁း၀၀နာရီကျော်သွားတတ်သဖြင့် ရေချိုးခန်းထဲမှာ နာရီချိတ်ထားတတ်ပါသည်။ မစိုးရိမ်တိုက်သစ်တွင် နာရီစင်ကြီးရှိသော်လည်း ရေပိုက်ဖွင့်ထားချိန် ရေခပ်လောင်းနေချိန်တွင် နာရီစင်မှ အချက်ပေးသံ မကြားရတတ်ပါ။
ရေချိုးသည့်အခါ ဒူးခေါင်းမှစလောင်း၍ ချိုးပါသည်။ ရေမလောင်းမီ ရေငုံထားပါသည်။ ရေငုံပြီးမှ ဒူးခေါင်း ရေလောင်းချ၍ ရေချိုးခြင်းဖြစ်ပါသည်။ ရေချိုး၍မပြီးမချင်း နမောတေဂါထာ ရွတ်ဆိုပါသည်။ ရေချိုးပြီးမှ ဆီးသွားပါသည်။ ထိုသို့ ရေငုံခြင်းမှာ သွားကြံ့ခိုင်ရေးအတွက်ဖြစ်ကာ ရေချိုးပြီးမှ ဆီးသွားခြင်းမှာ ဆီးရောဂါနှင့် ကျောက်ကပ်ရောဂါ မဖြစ်စေလိုသောကြောင့် ဖြစ်ပါသည်။ ကျောင်းသားကျောင်းသူများအား သြဝါဒပေးလျှင်လည်း “ရေမချိုးခင် ရေသောက်ပါ၊ ရေချိုးနေစဉ် ရေငုံထားပါ၊ ရေချိုးပြီးမှ ဆီးသွားပါ”ဟု ကျန်းမာရေးနှင့်ပတ်သက်သည့် နည်းလမ်းကောင်းများ ပြောပြလေ့ရှိပါသည်။ မှန်ပါသည်။ ရေချိုးပြီးသည့်အခါ ငုံထားသည့်ရေများမှာ အလွန်အမင်းပူပြင်းနေသည်ကို တွေ့ရပါသည်။ ခံတွင်းမှထွက်သော အပူဓာတ်များကြောင့် သွားများ မထိခိုက်တော့ပါ။ သွားများမထိခိုက်အောင် ရေကအကာအကွယ်ပေးသွားခြင်း ဖြစ်ပါသည်။ ထို့အတူ ရေချိုးပြီးမှ ဆီးသွားသည့်အခါ ဆီးများအလွန်အမင်း ပူပြင်းနေသည်ကို တွေ့ရပါသည်။ ကိုယ်တွင်းအပူဓာတ်များက ဆီးအိမ်ကို မလောင်ကျွမ်းနိုင်တော့ပါ။ ဆီးအိမ်တွင် ဆီးများပြည့်နေသဖြင့် ကိုယ်တွင်းအပူဓာတ်များကြောင့် ဆီးအိမ်မထိခိုက်တော့ခြင်း ဖြစ်ပါသည်။ ဆီးအိမ်ရှိဆီးများက ဆီးအိမ်ကို အကာအကွယ်ပေးခြင်းဖြင့် ကျောက်ကပ်သို့ အပူဓာတ်မရောက်တော့ခြင်း ကျောက်ကပ်အပူဟပ်မခံရတော့ခြင်း ဖြစ်ပါသည်။
ရေချိုးပြီးလျှင် နွေးထွေးစွာ ပြန်နေတတ်ပါသည်။ နွေရာသီ မည်သို့ပင် ပူပြင်းစေကာမူ ကိုယ်ပတ်သင်္ကန်းကို ခြုံထည်ခြုံသလို ဦးခေါင်းနှင့်အပေါ်ပိုင်းမှာ ခြုံထားလေ့ရှိပါသည်။ ရေချိုးစဉ်က ဆုံးရှုံးသွားသောအပူဓာတ်များ ပြန်လည်ရရှိစေလို၍ ဖြစ်ပါသည်။ ဆွမ်းစားစဉ် ချွေးထွက်လာမှသာ ဦးခေါင်းပိုင်းခြုံထားသည်ကို ဖွင့်လို့ရပါသည်။ ရံဖန်ရံခါ မခြုံမိသည့်နေ့များဆိုလျှင် လက်မောင်းက အေးသလိုလို ရင်ဘတ်က ချမ်းသလိုလို ခံစားရတတ်ပါသည်။ ရေချိုးပြီး နွေးထွေးစွာနေခြင်း၊ ဆွမ်းစားပြန်မှ ကိုယ်ပတ်သင်္ကန်းကို ချွတ်ခြင်းတို့ ပုံမှန်ပြုလုပ်သည့်နေ့များ၌ အပူအအေးဖောက်ပြန်မှုမျိုး လုံးဝ မကြုံတွေ့ရပါ။
မစိုးရိမ်တိုက်သစ် နာယကဆွမ်းစားကျောင်း၌ ဆွမ်းဝိုင်းသုံးဝိုင်း ရှိပါသည်။ နာယကကြီးဝိုင်း၊ နာယကလတ်ဝိုင်း၊ နာယကငယ်ဝိုင်းဟူ၍ ဖြစ်ပါသည်။ စာရေးသူတို့က နာယကလတ်ဝိုင်း ဖြစ်ပါသည်။ အလတ်ဝိုင်း၌ နာယကဆရာတော်ငါးပါးနှင့် ဆွမ်းစားကျောင်းဘုန်းကြီးတစ်ပါး စုစုပေါင်း ခြောက်ပါးရှိပါသည်။
စားရေးသူသည် ဆွမ်းမစားမီ ဆင်ခြင်ခြင်း၊ ဆွမ်းစားနေစဉ် ရှုမှတ်ပွားများခြင်းများ ပြုလုပ်လေ့မရှိပါ။ လွတ်လပ်ပေါ့ပါးစွာ ဆွမ်းစားလေ့ရှိပါသည်။ ခရီးမထွက်ဘဲ ကျောင်းမှာအမြဲရှိလျှင် ဆွမ်းစားကျောင်းသို့သာ သွားစားလေ့ရှိပါသည်။ နာယကဆရာတော်များနှင့် အမြဲတန်းထိတွေ့နေချင်သောကြောင့် ဖြစ်ပါသည်။ စာရေးသူတို့ အလတ်ဝိုင်းက အရွှန်းအဖောက်ဆုံးဝိုင်း ဖြစ်ပါသည်။ လူစုံလျှင် အမြဲတန်း ရယ်ရွှင်စရာများ ကြားရတတ်ကာ တဝါးဝါးတဟားဟား ပွဲကျသည်က များပါသည်။ တစ်ပါးနှင့်တစ်ပါး စနောက်ခြင်း၊ ပုံပြင်အတိုအထွာများပြောခြင်း၊ ရုပ်ပြောင်ကာတွန်းများ ပြောခြင်းနှင့် အခြားစပ်မိစပ်ရာ ပြောကြခြင်း ဖြစ်ပါသည်။ လူမစုံလျှင် ရယ်စရာမရှိသဖြင့် ပျင်းရိစရာအတိ ဖြစ်နေတတ်ပါသည်။
စာရေးသူသည် အမျိုးသားရေးလုပ်သည့်အချိန်မှစ၍ အမဲသား ဆိတ်သား ရှောင်ကြဉ်ပါသည်။ စာရေးသူကို အကြောင်းပြု၍ အမဲသား ဆိတ်သား ဝယ်ယူကပ်လှူခြင်းမျိုး မကြုံစေလိုသောကြောင့် ဖြစ်ပါသည်။ ဝတ်သားလည်း မစားပါ။ ကျန်းမာရေးကြောင့် ဖြစ်ပါသည်။ အထူးသဖြင့် ဟောပြောရမည့်နေ့ရက်များ၌ ဝက်သားကို လုံးဝ မစားဖြစ်အောင် သတိဆောင်ထားပါသည်။ ဂိုဏ်းဂဏအယုံအကြည်ရှိ၍ ခြေလေးချောင်းရှောင်ကြဉ်ခြင်းမျိုး လုံးဝ မဟုတ်ပါ။ သို့ဖြစ်၍ ကြက်နှင့် ငါးကို ဦးစားပေး စားသုံးပါသည်။ ကြက်သားဆိုလျှင်လည်း စီပီကြက်ဖြစ်နေလျှင် လုံးဝ မဘုဉ်းပါ။
အများစုက ဒညှင်းသီးဆို အတော်ရှောင်ကြဉ်ပါသည်။ စာရေးသူက ဒညှင်းသီးဆို ပိုစားပါသည်။ ရှောင်ကြဉ်သူများက ‘ကျန်းမာရေးထိခိုက်စေသည်’ဟု ဆိုပါသည်။ စာရေးသူက ‘ကျန်းမာရေးနှင့် ညီညွတ်သည်’ဟု ပြန်ဖြေပါသည်။ ‘ကျောက်ကပ်ပျက်စီးစေသည်’ဟု ဆိုလာလျှင်လည်း ‘ကျောက်ကပ်သန့်စင်ပေးသည်’ဟု ပြန်ချေပါသည်။ ‘ဒညှင်းသီးစား၍ ဆေးရုံတက်ရသူများ ပေါလွန်းသည်’ဟု ပြောလာလျှင်လည်း ‘စားလို့ တက်ရသည်မဟုတ် များလို့တက်ရသည်’ဟု ပြန်ပြောကာ ဒညှင်းသီးကို အပုတ်ချသူများအဖြစ် အသရေဖျက်မှုနှင့် တရားစွဲမည်ဟု ပြန်စနောက်တတ်ပါသည်။ ထိုအခါ ဆွမ်းဝိုင်း၌ ဒညှင်းသီးပါလာတိုင်း စာရေးသူရှေ့သာ တွန်းပို့ကြပါတော့သည်။ စာရေးသူလည်း တို့စရာတစ်ပန်းကန်နှစ်ပန်းကန် ကုန်သည်အထိ တို့မြှုပ်ဘုဉ်းပေးပြတတ်ပါသည်။ ‘ အေး- ဖြစ်ရင် ကိုယ့်ဟာကိုခံနော်၊ ဒို့နဲ့မဆိုင်ဘူးနော်’ဟု သတိပေးတာမျိုး ကြုံရတတ်ပါသည်။ စာရေးသူကား မည်သည့်ဝေဒနာမျှ မခံစားရပါ။ အရွဲ့တိုက်စားခြင်းလည်း မဟုတ်ပါ။ ဆန့်ကျင်ဘက်ပြုမူခြင်းလည်း မဟုတ်ပါ။ ‘တန်ဆေး လွန်ဘေး’ဆိုသည့်အတိုင်း အလွန်အကျွံစားသုံးမိမှ ပြဿနာတက်တတ်ပြီး တစ်ခါတရံ အနည်းအကျဉ်းစားရုံဖြင့် ပြဿနာမဖြစ်တတ်ကြောင်း ပြလိုရင်းသာ ဖြစ်ပါသည်။
“ဒညှင်းသီးစား၍ ဆေးရုံတက်ရပြီဆိုလျှင် သင်ကံကောင်းသည်ဟု မှတ်လိုက်ပါ”ဟူသော ဆောင်ပုဒ်ကိုလည်း ပြောပြတတ်ပါသည်။ ဒညှင်းသီးကို ဒဏ်ညှင်းသီးဟု ခေါ်ပါသည်။ ကိုယ်တွင်းဒဏ်ကို ပြန်ညှင်းသည့်အသီး ဖြစ်ပါသည်။ ဒညှင်းသီးမှ အဆိပ်ဓာတ်များက ခန္ဓာကိုယ်တွင်းရှိ ဒဏ်ရာများကို ဆေးကြောပစ်ခြင်း ဖြစ်ပါသည်။ အနာနှင့်ဆေး တွေ့ထိမှုအားကြီး၍ ရောဂါပေါ်လာခြင်းကြောင့် ဆေးကုရခြင်း ဖြစ်ပါသည်။ ဒညှင်းသီးမစားလျှင် ရောဂါရှိမှန်း မသိနိုင်ပါ။ ရောဂါရင့်မှ ဆေးကုရလျှင် သိန်းရာချီကုန်ကျပါမည်။ ဒညှင်းသီးက ဖော်ထုတ်ပေးလိုက်သော ရောဂါများသည် မျိုးစေ့သာသာအပင်ပေါက်အဆင့်မျှသာ ရှိသဖြင့် လွယ်ကူစွာ ကုသနိုင်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဒညှင်းသီးကို အကြောင်းပြု၍ ဆေးရုံတက်ရပြီဆိုလျှင် ရောဂါကို ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်းကြောင့် ကံကောင်းသည်ဟု ဆိုခြင်းဖြစ်ပါသည်။
၎င်းသီအိုရီကို ခရီးသွားရာမှ ရရှိလာခြင်း ဖြစ်ပါသည်။ တိုင်းရင်းဆေးနည်းဖြင့် ကုသပေးနေသော ထားဝယ်မြို့မှ ညီတော်မောင် ပန်းသုံးဝဆရာတော်၏ နည်းလမ်းဖြစ်ပါသည်။ စာရေးသူက ဒညှင်းသီးကို ကြိုက်လွန်း၍ စားခြင်းမဟုတ်ပါ။ ကိုယ်တွင်းမှာ ရောဂါရှိ မရှိ သိချင်လွန်း၍ စားခြင်းမျိုးသာ ဖြစ်ပါသည်။
ဒညှင်းသီး သီအိုရီကို ရှင်းပြသည့်အခါတိုင်း မှတ်ချက်တစ်ခု အမြဲကြားရလေ့ရှိပါသည်။ ၎င်းမှာ ‘ဆန့်ကျင်ဘက်အမြင်ရှိသူ’ဟူ၍ ဖြစ်ပါသည်။ စာရေးသူသည် အများနှင့် တစ်သားတည်းမကျဘဲ အများနှင့်ဆန့်ကျင်ဘက်အတွေးအခေါ်ရှိသူဟု ဆိုလိုရင်း ဖြစ်ပါသည်။
ဆွမ်းစားကျောင်းမှ ပြန်လာသည့်အခါ လမ်းတစ်လျှောက်လုံး မေတ္တာပို့သလာပါသည်။ ဆွမ်းဒကာ ဒကာမများကို အာရုံယူ၍ မေတ္တာပို့သခြင်း ဖြစ်ပါသည်။ ဆွမ်းအုပ် ဆွမ်းပန်းကန်မှစ၍ ဆွမ်းဟင်းတစ်ခွက်စီသို့ စိတ်ညွှတ်ကာ ဆွမ်းပစ္စည်းနှင့် စပ်ဆက်သမျှ ကုသိုလ်ရှင် ခုနစ်ရက်သားသမီးအားလုံး ‘ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ’ဟု မေတ္တာစိတ် ပို့လွှတ်ခြင်း ဖြစ်ပါသည်။ သဟာယကျောင်းသို့ ပြန်မလာရဘဲ အစည်းအဝေးလုပ်လျှင်ဖြစ်စေ၊ ဆွမ်းကျောင်းမှအပြန် လမ်းသွားရင်း စကားပြောမိသည့်အခါမျိုး၌ဖြစ်စေ ပျက်ကွက်တတ်ပါသည်။ ထိုအခါမျိုး၌ နေ့ဘက်အနားယူသည့်အခါမှသာ မေတ္တာပို့သတတ်ပါသည်။
ရေချိုး ဆွမ်းစားကျင့်စဉ် ပြီးပါပြီ။
ဝီရသူ(မစိုးရိမ်)
22.4.2020

No comments:
Post a Comment