Sunday, July 22, 2018

“တရားဝင်အဖွဲ့အစည်းဖြစ်သည်ဟု ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)တုံ့ပြန်”


“တရားဝင်အဖွဲ့အစည်းဖြစ်သည်ဟု ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)တုံ့ပြန်”
=============================================

ရန်ကုန်၊ ဇူလိုင်-၂၂

တည်ဆဲဥပဒေများကို ကျူးလွန်ခြင်းမရှိသကဲ့သို့ သံဃနာယက လုပ်ထုံးလုပ်နည်းစည်းမျဉ်းနှင့်လည်း ငြိစွန်းခြင်းမရှိသည့်အတွက် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို) သည် တရားဝင် အဖွဲ့အစည်းဖြစ်သည်ဟု ပြောရေးဆိုခွင့်ရဆရာတော် ဒေါက်တာသောပါက (ဇေတ၀န်)က စံတော်ချိန်သို့ ဇူလိုင် ၂၂ရက်တွင် မိန့်ကြားသည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး(မဘသ)အဖွဲ့က အမည်ပြောင်းလဲထားသည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းသည်တရားမ၀င်အဖွဲ့အစည်းဖြစ်ကြောင်းနှင့် ယင်းအဖွဲ့အမည်ဖြင့် မည်သည့်အမှုကိစ္စကိုမျှ ဆောင်ရွက်ခြင်းမပြုရန် ဇူလိုင် ၂၀ ရက်တွင် ကမ္ဘာအေး
ကုန်းမြေရှိ ၀ိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည့် နိုင်ငံတော်သံဃမဟာနာယက(မဟန)၄၇ ပါးစုံညီ အစည်းအဝေးက ဆုံးဖြတ်ထားသည်။

ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းတွင်သံဃာအများစုပါဝင်နေသော်လည်း သံဃာသီးသန့်ဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ရဟန်းရှင်လူ ပါဝင်နေသည့်အတွက် သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းနှင့် ငြိစွန်းသည်ဟုမဆိုနိုင်ကြောင်း၊ NGO အဖွဲ့မျိုးသာဖြစ်၍ မည်သည့်အဖွဲ့အစည်းကမျှ ပယ်ဖျက်နိုင်စွမ်းမရှိကြောင်း ဖောင်ဒေးရှင်းက ဇူလိုင် ၂၁ ရက်တွင်ထုတ်ပြန်သည်။

ဘာသာရေး၊ သာသနာရေးနှင့် စီးပွားရေးသက်သက်ကိုသာ ကျင့်သုံးဆောင်ရွက်သော အသင်းအဖွဲ့များအနေဖြင့်မှတ်ပုံတင်လျှောက်ထားရန် မလိုအပ်သည့်အချက် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေတွင် ပါဝင်သည်။

ထိုအချက်ကို ကိုးကား၍လည်းအသင်းအဖွဲ့အနေဖြင့် တရားဝင်မှတ်ပုံတင်လျှောက်ထားခြင်း မရှိဟုဒေါက်တာသောပါက (ဇေတ၀န်)ကမိန့်ကြားသည်။

ဒါကြောင့်မို့ တရားဝင်နေတဲ့တည်ဆဲဥပဒေနဲ့ ညီညွတ်တဲ့အဖွဲ့ ဒီလိုအမြဲတမ်းသုံးတာဟု ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို) ပြောရေးဆိုခွင့်ရဆရာတော် ဒေါက်တာ သောပါက(ဇေတ၀န်)က မိန့်ကြားသည်။

သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် မညီညွတ်၍ ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းကို တရားမ၀င်အဖွဲ့အစည်းအဖြစ် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု မဟန (၄၇) ပါးစုံညီ အစည်းအဝေးတွင် နာယကအဖွဲ့ဝင် ဆရာတော်တစ်ပါးက ရှင်းလင်းကြောင်းဇူလိုင် ၂၀ ရက် ပြည်တွင်းထုတ် နေ့စဉ်သတင်းစာတစ်စောင်တွင် ရေးသားဖော်ပြထားသည်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး၊ ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်းဆိုင်းဘုတ်များကို ၄၅ရက်အတွင်း ဖြုတ်သိမ်းရန်လည်းမဟနအဖွဲ့ အစည်းအဝေးက တစ်ပါတည်း ဆုံးဖြတ်ခဲ့သည်။

ထိုဆုံးဖြတ်ချက်များကို မလိုက်နာပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင်သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ- ၂၀/၉၀ဖြင့် အရေးယူရန်၊လူပုဂ္ဂိုလ်ဖြစ်လျှင်သက်ဆိုင်ရာ တည်ဆဲဥပဒေဖြင့်အရေးယူရန် မဟနအဖွဲ့ အစည်းအဝေးက အတည်ပြုခဲ့သည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်းများ ဆက်လက်လုပ်သင့်၊ မလုပ်သင့်၊ ဆိုင်းဘုတ် ဖြုတ်သင့်၊ မဖြုတ်သင့်တို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အဖွဲ့ဝင်များထံမှ ဆန္ဒတောင်းခံထားပြီး ထိုဆန္ဒပြုချက်များအပေါ်သုံးသပ်၍ ရှေ့ဆက် မည်သို့ ဆောင်ရွက်မည်ကို ဗဟိုကဆုံးဖြတ်မည်ဟု ဒေါက်တာ သောပါက
(ဇေတ၀န်)က မိန့်ကြားသည်။

ဆရာတော်တို့ဆန္ဒကတော့မဖြုတ်သင့်ဘူး။ ဒီအတိုင်းပဲ ရပ်တည်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ဆရာတော်တို့က ဘယ်သူ့ကိုမှ နှောင့်ယှက်နေတာလည်း မဟုတ်ဘူး။ ဆန့်ကျင်ဘက်လုပ်နေတာလည်း မဟုတ်ဘူး။ အာဏာလုနေတာလည်း မဟုတ်ဘူးလေ။ ကိုယ်စွမ်းနိုင်တာကို ဘာသာ၊သာသနာအတွက် လုပ်တာပဲ။ ဆရာတော်တို့ မလုပ်နိုင်တဲ့အလုပ်တွေ လုပ်ဖော်ရတယ်လို့တောင်မှ မဟနဆရာတော်ကြီးတွေက ၀မ်းသာသင့်တာပေါ့ ဟု မန္တလေးတိုင်းဒေသကြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး၊
ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းဦးဆောင်ဆရာတော် ဦးဣန္ဒစက္ကာဘိဝံသက စံတော်ချိန်သို့ ဇူလိုင် ၂၂ရက်တွင် မိန့်ကြားသည်။




No comments:

Post a Comment