"အမုန်းသံသရာကိုဖြတ်
အချစ်သံသရာကိုဆက်"
===========================
မြန်မာနိုင်ငံလုံးဆိုင်ရာ
အစ္စလာမ်ဓမ္မသတ်ပညာရှင်များအဖွဲ့ချုပ်(ဗဟို)၏ တိုက်တွန်းနှိုးဆော်လွှာကို လှိုက်လှဲစွာ ကြိုဆိုပါတယ်။
ဒီလို တာဝန်ယူ
တာဝန်ခံမည့် မူဆလင်ခေါင်းဆောင်ကောင်းတွေကို မျှော်လင့်တောင့်တနေတာ ကြာပါပြီ။
အခုဆိုရင်
မူဆလင်အဖွဲ့ချုပ်ကြီးကလည်း ကြေညာချက်တွေထုတ်ပြီး မိတ်ဆွေသဘောထားကို ပြသနိုင်ခဲ့ပါပြီ။
အခုဓမ္မသတ်အဖွဲ့ချုပ်ကလည်း
အခုလို နှိုးဆော်စာတွေထုတ်ပြန်လာတာ တွေ့ရတော့ အတိုင်းမသိ ဝမ်းမြောက်မိပါတယ်။
တစ်ဘာသာနှင့်တစ်ဘာသာ
အွန်လိုင်းပေါ်မှာ ငြင်းခုံနေကြတာ ပညာရှိမဆန်ပါဘူး။
အမြင်လည်းမတင့်တယ်ပါဘူး။
ဒီလိုပဲ ဆက်လက်ငြင်းခုံနေမယ်ဆိုရင်
အမုန်းသံသရာကြီး ဆုံးနိုင်တော့မှာမဟုတ်တော့ပါ။
ဒါကြောင့်
အချစ်သံသရာဖြစ်တဲ့ မေတ္တာတရားတွေ ပြသဖို့ လိုပါပြီ။
ကိုယ့်ဘာသာဝင်ကို
ကိုယ်ကိုယ်တိုင် တာဝန်ယူရပါမယ်။
ကိုယ့်ဘာသာဝင်ကို
ကိုယ်ကိုယ်တိုင် ဆုံးမနိုင်ရပါမယ်။
အဲဒီလို တာဝန်ယူဆုံးမမည့်အဖွဲ့အစည်းတွေအဖြစ်
မြင်ချင်နေတာကြာပါပြီ။
ပြည်တွင်းမူဆလင်အချို့
ပြစ်မှုကျူးလွန်တဲ့အခါတိုင်း မူဆလင်အဖွဲ့အစည်းအသီးသီးက ရှုတ်ချတာတွေ၊ ကန့်ကွက်တာတွေ၊
ဆန့်ကျင်တာတွေ ပြုလုပ်ပေးရပါမယ်။
ခြေမမကောင်းခြေမ၊
လက်မမကောင်းလက်မသဘောထားပြီး အရေးယူရပါမယ်။
နစ်နာသွားသူတွေအပေါ်
စာနာမှုအပြည့်အဝနှင့် တတ်စွမ်းသလောက် ကူညီစောင့်ရှောက်ကြရပါမယ်။
အဲဒီလိုဆိုရင်
သာမန်ရာဇဝတ်မှုကိုအကြောင်းပြုပြီး ကြီးမားတဲ့အဓိကရုဏ်းအဆင့်ထိ မရောက်နိုင်တော့ပါဘူး။
ဒါဆိုရင်
မြန်မာပြည်ကြီးငြိမ်းချမ်းပါပြီ။
မြန်မာပြည်ငြိမ်းချမ်းအောင်
မူဆလင်အဖွဲ့အစည်းများက မိတ်ဆွေကောင်းပီသကြောင်းကို ဦးဆောင်ပြသဖို့ လိုပြီဖြစ်ပါကြောင်း။
ဝီရသူ(မစိုးရိမ်)
19.9.2017
PM 8:36
========================================================
"မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဓမ္မသတ်ပညာရှင်များအဖွဲ့ချုပ်(ဗဟို)
မြန်မာနိုင်ငံသား အစ္စလာမ်သာသနာဝင်များထံသို့"
ဘူခါရီကျမ်းတွင်
တမန်တော်မြတ်က 
မိမိကြားသိလိုက်ရသောစကားကို
စူးစမ်းလေ့လာခြင်းမပြုဘဲ တစ်ဆင့်ပြန်လည်ဖောက်သည်ချခြင်းသည် လူသားအဖို့ မုသားဝါဒီဖြစ်ရန်လုံလောက်၏ဟု
မိန့်ကြားတော်မူထားပါသည်။
ယခုအခါ အင်တာနက်လူမှုကွန်ရက်စာမျက်နှာများတွင်
နှစ်ရှည်လများမှ ချစ်ကြည်ရင်းနှီးစွာ အတူတကွ နေထိုင်လာခဲ့ကြသည့် နိုင်ငံသားများအကြား
မလိုလားအပ်သော ပဋိပက္ခများဖြစ်ပေါ်လာစေရန် လုပ်ကြံသတင်းများ မဟုတ်မမှန်လှုံ့ဆော်မှုများ
ရေးသားဖြန့်ချိလာသည်ကို ဝမ်းနည်းစွာဖြင့် တွေ့မြင်နေရပါသည်။
ထိုသို့ရေးသားမှုများကို
ဖတ်ရှုပြီး လေ့လာစမ်းစစ်ခြင်းမပြုဘဲ ပြန်လည်ဝေမျှမှုပြုသူ၊ သို့မဟုတ် ပြန်လည်တုံ့ပြန်မှုပြုသူတို့သည်
တမန်တော်မြတ်၏ အထက်ပါမိန့်ကြားချက်အရ မုသားဝါဒီပင်ဖြစ်ပေသည်။ ယင်းမုသာဝါဒီ၏ မည်သည့်လုပ်ဆောင်ချက်တွင်မဆို
အလ္လာဟ်အရှင်မြတ်၏ ငြိမ်းချမ်းသာယာမှု မသက်ရောက်ဘဲ ဆိုးကျိုးများသာသက်ရောက်မည်ဖြစ်ပါသည်။
ထို့ပြင်အထက်ဖော်ပြပါ
မဟုတ်မမှန်လှုံ့ဆော်ရေးသားချက်အချို့တွင် နိုင်ငံသားများယုံကြည်ကိုးကွယ်သည့် ဘာသာတရားနှင့်စပ်လျဉ်း၍ပင်
အလွန်ကြမ်းတမ်းသောစကားလုံးများဖြင့် အပြန်အလှန်စော်ကားမှုများ ပြုနေသည်ကို အလွန်ဝမ်းနည်းစွာဖြင့်
တွေ့မြင်နေရပါသည်။
ကျမ်းတော်မြတ်ကုရ်အာန်(၆း၁၀၈)တွင်
အလ္လာအရှင်မြတ်က
အသင်တို့သည်
အလ္လာဟ်အပြင် အခြားအရာများအား ဆည်းကပ်ကိုးကွယ်သူများ(၏ကိုးကွယ်ရာများ)အား ဆဲရေးတိုင်းထွာမှု
အလျဉ်းမပြုကြလေနှင့် ထိုသို့ပြုမူခြင်းကြောင့် ယင်းတို့သည်လည်း အလ္လာဟ်အရှင်မြတ်အား
မသိသည့်အတွက် ရန်ငြိုးဖြင့်ဆဲဆိုကြပေလိမ့်မည်ဟု မိန့်ကြားတော်မူထားပါသည်။
ထို့အတူ တရံရောအခါက
တမန်တော်မြတ်သည် မိမိအဆွေတော်များအား အသင်တို့သည် မိမိတို့ ဖခင်များအား ဆဲဆိုခြင်းမပြုကြလေနှင့်ဟု
မိန့်ကြားတော်မူခဲ့သည်။ ဤတွင် အဆွေတော်များက အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည်
မိမိတို့၏ ဖခင်များအား အဘယ်သို့ဖြင့် ဆဲဆိုဝန့်ပါမည်နည်းဟု ပြန်လည်လျှောက်တင်ကြသည်။
ဤတွင် တမန်တော်မြတ်က မှန်ပါ့၊ အသင်တို့သည် မိမိတို့၏ ဖခင်များအား တိုက်ရိုက်တော့ဆဲကြမည်မဟုတ်။
သို့သော်အခြား သူတို့၏ ဖခင်အားဆဲဆိုသောအခါ ယင်း၏သားသမီးများက အသင်တို့၏ ဖခင်များအား
ဆဲဆိုကြလိမ့်မည်။ သို့ဖြင့်အသင်သည် မိမိဖခင်အဆဲခံရန် အကြောင်းခံဖြစ်သွားပေမည်ဟု မိန့်ကြားတော်မူခဲ့ပါသည်။
(အဗူဒါဝုဒ်ကျမ်း)
သူတစ်ပါး၏
ကိုးကွယ်ရာနှင့်ပတ်သက်၍ စော်ကားခြင်း၊ ပြန်လည်တုံ့ပြန်ခြင်းစသည်များကို ကျမ်းတော်မြတ်ကုရ်အာန်က
ပြင်းထန်စွာ တားမြစ်ထားပါလျက်နှင့် ၄င်းအမှုကိစ္စကိုကျူးလွန် သူသည် ကျမ်းတော်မြတ်ကုရ်အာန်၏အမိန့်ကို
ဖီဆန်သူပင်ဖြစ်သည်။ ကျမ်းတော်မြတ်ကုရ်အာန်၏ အမိန့်ကို ဖီဆန်ကျူးလွန်ခြင်းသည် ကြီးလေးသောအပြစ်ထိုက်ရုံသာမက
ထိုအမှုကိစ္စတွင် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်ငြိမ်းချမ်းမှု ကင်းမဲ့ပြီး ဆိုးကျိုးများသက်ရောက်မည်သာဖြစ်သည်။
ထို့ပြင်
အစ္စလာမ်ဘာသာဝင်များ အခြားသတိပြုအပ်သည့်ကိစ္စတစ်ရပ်မှာ-
အစ္စလာမ်သာသနာတော်၏
အမိန့်ပညတ်ချက်များသည် ကိစ္စရပ်(၂)ရပ်ပေါ်တွင်သာမူတည်၏။
(၁) အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်သည့်
တာဝန်ဝတ္တရားများဆိုင်ရာပညတ်ချက်များ၊
(၂) အဖန်ဆင်းခံအချင်းချင်းနှင့်စပ်လျဉ်းသည့်
တာဝန်ဝတ္တရာပိုင်းဆိုင်ရာပညတ်ချက်များ
လူတစ်ဦးသည်
အလ္လာဟ်အခွင့်အရေးနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာပျက်ကွက်မှုရှိခဲ့လျှင် ယင်းနှင့်စပ်လျဉ်း၍
ခွင့်လွှတ်မှုမရရှိနိုင်ဟု မိန့်တော်မူခြင်း မပြုထားပေ။ သို့သော်အဖန်ဆင်းခံအချင်းချင်းနှင့်
စပ်လျဉ်းသည့် တာဝန်ဝတ္တရားကိုသော်လည်းကောင်း၊ အခွင့်အရေးတစ်စုံတစ်ရာကိုသော်လည်းကောင်း၊
ပျက်ကွက်ချိုးဖောက်ခြင်းနှင့်ပတ်သက်၍ ကာယကံရှင်၏ ခွင့်လွှတ်မှုမပါဘဲ အလ္လာဟ်အရှင်မြတ်
လုံးဝခွင့်လွှတ်မည်မဟုတ်ကြောင်း အတိအလင်းမိန့်ကြားတော်မူထားပါသည်။
တစ်ဖန်အစ္စလာမ်သာသနာက
မိမိရထိုက်သည့် အခွင့်အရေးနှင့် မိမိပေးဆပ်ရမည့် အခွင့်အရေးစသည့်(၂)ရပ်တွင် မိမိပေးဆပ်ရမည့်အခွင့်အရေး/တာဝန်ဝတ္တရားများကို
ဦးစွာပေးဆပ်ရန်လမ်းညွှန်ထားပါသည်။ တစ်ပါးသူနှင့်ပတ်သက်ပြီး မိမိပေါ်ကျရောက်သော တာဝန်ဝတ္တရားများကို
မိမိကမှန်ကန်စွာ ဖြည့်ဆည်းခဲ့လျှင် မိမိအခွင့်အရေးများသည် အလိုလျောက် ရရှိလာမည်ဖြစ်သည်။
ဤသို့မဟုတ်ဘဲ
သူတစ်ပါးနှင့်ပတ်သက်၍ မိမိအပေါ်ကျရောက်သည့် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခြင်းမပြုဘဲ
မိမိရထိုက်သည့် အခွင့်အရေးကိုသာ တောင်းဆိုမှုပြုခြင်း၊ သို့မဟုတ် မိမိရထိုက်သည့် အခွင့်အရေးထက်သာပိုသော
အခွင့်အရေးတစ်စုံတစ်ရာကို တောင်းဆိုခြင်းသည်လည်း အစ္စလာမ့်တရားတော်နှင့် လုံးလုံးလျားလျား
ဆန့်ကျင်သော ကိစ္စရပ်ဖြစ်ပါသည်။
ကျမ်းတော်မြတ်ကုရ်အာန်(၄း၅၉)တွင်-
အို အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့
အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံကြကုန်။ ထို့ပြင် ရစူလ်တမန်တော်၏ အမိန့်တော်ကိုနာခံကြကုန်။
ထို့အပြင် အသင်တို့အနက် အကြီးအကဲဖြစ်သူ၏ အမိန့်ကို နာခံကြလေကုန်ဟု မိန့်ကြားတော်မူထားသည်။
အထက်ပါအမိန့်ပညတ်ချက်ရှိ
အသင်တို့အနက်အကြီးအကဲဟူသော စကားရပ်သည် သက်ဆိုင်ရာ ကဏ္ဍတိုင်း၏အကြီးအကဲကိုဆိုလိုခြင်းဖြစ်သည်။
အစ္စလာမ့်ဓမ္မသတ်ရေး၇ာနှင့်ပတ်သက်လျှင် ဓမ္မသတ်ပညာရှင်အကြီးအကဲ၏အမိန့်၊ ကျမ်းတော်မြတ်ကုရ်အာန်၏အကျယ်ရှင်းလင်းချက်နှင့်
ပတ်သတ်လာလျှင် သဖ်စီရ်ပညာရှင်အကြီးအကဲ၏အမိန့်၊ အတွင်းပိုင်းပြုပြင်ရေးနှင့်ပတ်သက်လျှင်
ဝိညာဉ်ပိုင်းဆိုင်ရာ အထူးကုအကြီးအကဲ၏အမိန့်၊ ကျမ်းမာရေးပိုင်းဆိုင်ရာနှင့်ပတ်သက်လျှင်
အထူးကုဆရာဝန်ကြီး၏အမိန့်လမ်းညွှန်ချက်၊ ထို့ပြင်နိုင်ငံတော်၏အမိန့်၊ ဥပဒေပိုင်းဆိုင်ရာနှင့်ပတ်သက်လျှင်
နိုင်ငံတော်ကိုအုပ်ချုပ်နေသည့် အကြီးအကဲများက ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေနှင့်အမိန့်ကို
နာခံရန်လည်းအကျုံးဝင်ပေသည်။
သို့ပါ၍ အထက်ဖော်ပြပါ
တရားတော်၏ထောက်ပြချက်များကို အထူးလေးနက်စွာ ဖတ်ရှုနားလည်ပြီး နိုင်ငံတော်အပေါ် အစဉ်ကျေးဇူးသစ္စာစောင့်သိခဲ့ကြသော
မြန်မာနိုင်ငံသား မွတ်စ်လင်မ်တို့၏ သမိုင်းအစဉ်အလာအတိုင်း နိုင်ငံတော်၏တည်ဆဲဥပဒေကိုလေးစားလိုက်နာကာ
နိုင်ငံသားပြည်သူများအားလုံးနှင့် ချစ်ခင်ညီညွတ်စည်းလုံးစွာ နိုင်ငံတော်နှင့်ပူးပေါင်း၍
အဖျက်အမှောက်မှန်သမျှအား ဆန့်ကျင်ပြီး မိမိတို့၏နိုင်ငံ့အရေးကို မိမိတို့နိုင်ငံသားများအားလုံး
တာဝန်သိပြည်သူများအဖြစ် အကောင်းဆုံးကြိုးပမ်းကြပါရန် အသိပေးနှိုးဆော်တိုက်တွန်းလိုက်ပါသည်။
ဥက္ကဋ္ဌ
မော်လာနာအဗ်ဒွရ်ရအူးဇ်
(မော်လမြိုင်၊
မွန်ပြည်နယ်)
(ရှုရဟ်တာဝန်ခံ)
မော်လာနာမုဟမ္မဒ်ဟာမီမ်(ကာစိမီ)
(ပျော်ဘွယ်)
(အထွေထွေအတွင်းရေးမှူး)
မော်လဝီ၊
ဂါဇီကရီးမ်ဘခ်ရှ်ဦးစိုးလွင်(မဟ်မူဒီ)
(ပန်းဘဲတန်း
ရန်ကုန်တိုင်းဒေသကြီး)



 
No comments:
Post a Comment