Monday, March 13, 2017

"အင်ဒိုနီးရှားမှ ဗုဒ္ဓဘာသာဝင်များ ရှာရီယာဥပဒေအရ ကြိမ်ဒဏ်ဖြင့် ပထမဆုံးအပြစ်ပေးခံခဲ့ရ"

"အင်ဒိုနီးရှားမှ ဗုဒ္ဓဘာသာဝင်များ ရှာရီယာဥပဒေအရ ကြိမ်ဒဏ်ဖြင့် ပထမဆုံးအပြစ်ပေးခံခဲ့ရ"

အင်ဒိုနီးရှားနိုင်ငံတွင် အစ္စလာမ္မစ်ရှာရီယာဥပဒေပြဋ္ဌာန်းထားသည့် တစ်ခုတည်းသော ပြည်နယ်ဖြစ်သည့် အာချေးတွင် မတ် ၁၀ ရက်က ပထမဆုံးအကြိမ်အဖြစ် ဗုဒ္ဓဘာသာဝင်များ ကြိမ်ဖြင့် အပြစ်ပေးခံခဲ့ရကြောင်း သိရသည်။ ကြက်တိုက်သည်ဟု စွပ်စွဲခံခဲ့ရသော အမျိုးသားနှစ်ဦးသည် တင်းကျပ်သော အစ္စလာမ္မစ်စည်းမျဉ်း အရ ပြစ်ဒဏ်ပေးခံခဲ့ရခြင်းဖြစ်သည်။
အာချေးပြည်နယ် ဂျန်သိုမြို့တွင် လူနည်းစုဗုဒ္ဓဘာသာဝင် တရုတ်နွယ်ဖွားများဖြစ်ကြသည့် အသက် ၅၇ နှစ်အရွယ် အလမ်ဘင်ဆူဟာဒီနှင့် အသက် ၆၀ အရွယ် အမီဘင်အကင်တို့သည် ဒေသခံအစိုးရအရာရှိများနှင့် အရပ်သားဒါဇင်ပေါင်းများစွာတို့၏ရှေက၌ ကြိမ်ဖြင့် အရိုက်ခံရခြင်းဖြစ်သည်။ ထိုအမျိုးသားနှစ်ဦးသည် မျက်နှာများရှုံ့မဲ့လျက် ၄င်းတို့၏ နောက်ပိုင်းအားရိုက်ခဲ့သော ကြိမ်ဒဏ်ကိုးချက်နှင့် ခုနစ်ချက်ပြစ်ဒဏ်တို့ကို အသီးသီးခံယူခဲ့ကြသည်။
ထိုနှစ်ဦးတို့သည် ကြက်တိုက်မှုဖြင့် ဇန်နဝါရီလကတည်းက ဖမ်းဆီးခံခဲ့ရသောကြောင့် တစ်လကျော်ကြာ အချုပ်ထဲတွင်နေခဲ့ရသဖြင့် ကြိမ်ဒဏ်မှာ လျော့သွားခြင်းဖြစ်သည်။ "သူတို့ကိုဖမ်းတုန်းက ကြက်နှစ်ကောင်နဲ့ လောင်းကြေးငွေ ရူပီးရား ၄၀၀ ကိုလည်း သိမ်းဆည်းမိခဲ့ပါတယ်" ဟု အစိုးရရှေ့နေ ရီဗန်ဒီအဇစ်က ပြောကြားခဲ့ သည်။
တင်းကျပ်သည့် အစ္စလာမ္မစ်ဥပဒေပြဋ္ဌာန်းထားသော အာချေးပြည်နယ်တွင် အရက်သေစာသောက်သုံးခြင်း၊ လောင်းကစားလုပ်ခြင်း၊ လိင်တူဆက်ဆံခြင်း အစရှိသည့်ပြစ်မှုများအတွက် ကြိမ်ဖြင့်ရိုက်နှက် အပြစ်ပေးသည်မှာ မကြာခဏဖြစ်သည်။
သို့သော် ယခင်က မွတ်စလင်ဒေသခံများသာ ထိုကဲ့သို့ ကြိမ်ဒဏ်ခံရခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်၌ အာချေးပြည်နယ်၏ စည်းမျဉ်းစည်းကမ်းများကို အလုံးစုံပြုပြင်ခဲ့သည်။ ယင်းနောက်ပိုင်း မွတ်စလင်မဟုတ် သူများပင် အစ္စလာမ္မစ်ဥပဒေကို ချိုးဖောက်ပါက ရှာရီယာဥပဒေ သို့မဟုတ် အမျိုးသားဥပဒေဖြင့် စီရင်ခြင်းကို ခံရမည်ဟု သတ်မှတ်လိုက်သည်။
ယခုဗုဒ္ဓဘာသာအမျိုးသားနှစ်ဦးသည် အင်ဒိုနီးရှားအမျိုးသားဥပဒေဖြင့်လည်း ထောင်ဒဏ်ကျခံရနိုင်ခြေရှိသည်။ "ကျွန်တော်တို့ အာချေးမှာနေတာပါ။ ဒါကြောင့် ကျွန်တော်တို့ဒေသက စည်းမျဉ်းကို ကျွန်တော်တို့ လိုက်နာရမှာပဲ" ဟု အလမ်က ကြိမ်ဒဏ်ခံရပြီးနောက် မကြာမီမှာပင် အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
မတ် ၁၀ ရက်မှာပင် မွတ်စလင်တစ်ဦးသည်လည်း ကြက်တိုက်မှုဖြင့်ပင် ကြိမ်ဒဏ်ခုနစ်ချက်ချခံခဲ့ရသေးသည်။ အခြားအမျိုးသားတစ်ဦးမှာမူ ဆယ်ကျော်သက်သုံးဦးကို မတရားပြုကျင့်သည်ဟု စွပ်စွဲခံရမှုဖြင့် ကြိမ်ဒဏ် ၁၁၂ ချက် ချခံခဲ့ရသည်။
အင်ဒိုနီးရှားအစိုးရသည် ကာလရှည်ကြာ ခွဲထွက်ရေးပုန်ကန်ထကြွမှုများကို ငြိမ်သက်စေရန်အတွက် ဆူမတ်တြားကျွန်းပေါ်ရှိ အာချေးပြည်နယ်ကို ၂၀၀၁ ခုနှစ်က အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့သည်။ ထိုအချိန်မှ စ၍ အာချေးပြည်နယ်တွင် ရှာရီယာဥပဒေ စတင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။
Ref:AFP

Eaily Eleven ၂၀၁၇ မတ်လ ၁၂ တနင်္ဂနွေနေ့ထုတ် သတင်းစာမှ ကူးယူဖော်ပြသည်။

No comments:

Post a Comment