ကိုယ့်တိုင်းပြည်ရဲ့ ကံကြမ္မာကို
ကိုယ်ကိုယ်တိုင် ဖန်တီးနိုင်ခွင့်ပဲ။
ပြည်တွင်းရေးကို ဝင်စွက်ဖက်တဲ့
ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကိုမှ
ဂရုစိုက်နေစရာမလိုဘူး။
ဝီရသူ( မစိုးရိမ်)
26.3.2017
pm 5:39
------------------------------=--------------=------=-----
ကုလဆုံးဖြတ်ချက်ကို လက်မခံသည့် မြန်မာအစိုးရ ရပ်တည်ချက်ကို ရခိုင်အမျိုးသားပါတီ ထောက်ခံ
26-Mar-2017 tagged as ANP
ရန်ကုန်၊ မတ် ၂၅
ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းအချက်အလက်ရှာဖွေရေးအဖွဲ့ တစ်ဖွဲ့ကို မြန်မာနိုင်ငံသို့ ချက်ချင်းစေလွှတ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းအပေါ် မြန်မာအစိုးရက လက်မခံကြောင်း ထုတ်ပြန်လိုက်သည့်အပေါ် ရခိုင်အမျိုးသားပါတီက ထောက်ခံကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင်မှ နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ ချက်ချင်းလွှတ်ရန် မဲခွဲဆုံးဖြတ်ခဲ့သည့်အပေါ် မြန်မာအစိုးရက မတ် ၂၄ ရက်နေ့က သဘောတူ လက်ခံနိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ကုလသမဂ္ဂနိုင်ငံများ၏ ယခုလို ဖိအားပေးခြင်းကို လက်ခံနိုင်ခြင်း မရှိဘဲ နိုင်ငံတကာ ဖိအားကို ပြည်တွင်းအားနှင့် ပြန်လည်ခုခံသွားရမည် ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။
“အစိုးရက လက်မခံဘူးဆိုတာ ထောက်ခံတယ်။ ကျွန်တော်တို့တော့ ပြည်ပဝင်ရောက်စွက်ဖက်တာ လုံးဝလက်မခံဘူး။ ဖြစ်နိုင်ရင် ရခိုင်ပြည်နယ်ထဲက UN အဖွဲ့အစည်းတွေကို ထွက်စေချင်တယ်။ ကျွန်တော်တို့ကတော့ ပြတ်ပြတ်သားသားပဲ မည်သည့်စုံစမ်းစစ်ဆေးရေး အဖွဲ့ကိုမှ မလက်ခံဘူး” ဟု ၎င်းက ပြောကြားသည်။
အစိုးရ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်နှင့် ပတ်သတ်၍ ကြိုးပမ်းအားထုတ်မှု ပြုလုပ်နေပြီး လက်ရှိတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုဖီအာနန် ဦးဆောင်သည့် အကြံပေးကော်မရှင်နှင့် ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်တို့ကို ဖွဲ့စည်းထားပြီး ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်၏ အခြေအနေမှာ ထိလွယ်ရှလွယ် ဖြစ်နေပြီး လက်ရှိအခြေအနေတွင် နိုင်ငံတကာ အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းသည် အထောက်အကူ မဖြစ်သည့်အပြင် ပြဿနာရပ်ကို ပိုမိုကြီးထွားစေမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါကိစ္စနှင့် ပတ်သတ်၍ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဗဟိုအလုပ်အမှုဆောင် ဦးကျော်ငြိမ်းက လက်ရှိ ရခိုင်ပြည်နယ်အခြေအနေသည် ပကတိ သွေးရိုးသားရိုး အခြေအနေတွင် လွတ်လပ်သည့် ကော်မရှင်က အချက်လက်တွေ ရှာဖွေပေးမည်ကို လက်ခံနိုင်ရင် ပိုမိုအထောက်အကူပြုနိုင်ကြောင်း ပြောဆိုသည်။
“ဒါကတော့ နှစ်ပိုင်းပေါ့။ ကိုယ့်အိမ်တွင်းရေး ပြဿနာကို ဘယ်သူ့အကူအညီ တောင်းစရာလို့လဲ စိတ်ရင်းစေတနာနဲ့ ဖြေရှင်းရင်တော့ ဘယ်သူအကူညီမှ မလိုဘူး။ ဖြစ်နိုင်တဲ့ အဲဒီလို အခြေနေမှာ ကိုယ်တိုင်မထိန်းနိုင်မသိမ်းနိုင်ရင်တော့ အများကြည်ညှိလေးစားတဲ့၊ သြဇာရှိတဲ့၊ လူကြီးတစ်ယောက်ကို ရပ်တည်ဖြေရှင်းရတာပေါ့။ အန်ကယ်အမြင်ကတော့ ပြဿနာ အတိမ်အနက်ပေါ်မှာပဲ မှုတည်တယ်လို့ ပြောနိုင်မယ်။ ဒါလက်ခံရမယ်၊ လက်မခံသင့်ဘူး တရားသေ မပြောနိုင်ဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာလပိုင်းက ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် တပ်မတော်မှ စစ်ဆင်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂနိုင်ငံများက ယင်းဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပွားနေကြောင်း ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်လာကြခြင်း ဖြစ်သည်။
ခင်မြတ်မြတ်ဝေ

No comments:
Post a Comment