ဆရာတော်နှင့် ကျွန်တော်
==================
ဆရာတော်နှင့် ကျွန်တော် စတင်တွေ့ဆုံခွင့်ရခဲ့သည်က ၂၀၁၁ ခုနှစ်က ဖြစ်ပေသည်။ အတိအကျဆိုရသော် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်၊ စနေနေ့။
တွေ့ဆုံခဲ့ရသည်က တရားပွဲဓမ္မသဘင်တွင်လည်း မဟုတ်၊ ဘုန်းကြီးကျောင်းတွင်လည်း မဟုတ်ပေ။ ခေတ်အလျောက် ပေါ်ထွန်းလာသည့် အဓမ္မ၀ါဒဆိုးကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်တွန်းလှန် ဖယ်ရှားရန် ကြိုးစားရင်း အာဏာရှင်အစိုးရက မသင့်လျော်ရာ နရသိန် (အကျဉ်းထောင်) သို့ ပို့ဆောင်သီတင်းသုံးစေသော အခြေအနေတွင် ဖြစ်ပေသည်။
နရသိန်ပြောင်း၍ မြစ်ကြီးနားနရသိန်တွင် သီတင်းသုံးနေသည်ဟု ကြားသိရကတည်းကပင် ဆရာတော်ကို ဖူးမြင်ချင်စိတ် အထူးပင်ဖြစ်မိပေသည်။ သို့သော် ... သာမန်လခစားဝန်ထမ်းဘ၀ဖြင့် ရန်ကုန်မှ မြစ်ကြီးနားသို့သွားရန်မှာ လွယ်ကူလှသည်တော့ မဟုတ်။ ထို့ကြောင့်လည်း စိတ်ကသွားချင်သော်လည်း လက်တွေ့ဘ၀က မဖြစ်နိုင်သည့်အနေအထားပင်။
ဆရာတော်နှင့်အတူ မြစ်ကြီးနားနရသိန်တွင် မိုးပြာဦးဉာဏနှင့် ဇာဂနာတို့လည်း အကျဉ်းစံဘ၀ဖြင့် အတူရှိသည်ဟု သိရသောအခါ အနည်းငယ်သောစိုးရိမ်မှု ဖြစ်မိပေသည်။ တွေ့ဆုံဆက်ဆံရသူတိုင်းနီးပါး မိုးပြာဘ၀ ရောက်တတ်ကြောင်းကို တစ်ဆင့်စကားဖြင့် ကြားထားပေရာ ကျွန်တော်ကြည်ညိုသော ဆရာတော်လည်း ဘ၀တူချင်းစာနာ၍ ပြာသွားမည်ကို စိုးရိမ်မိခဲ့ပေသည်။
ဤအခြေတွင် အဓမ္မ၀ါဒ တိုက်ဖျက်ရေးအတွက် ကလောင်ထမ်း၍ တိုက်ပွဲဝင်နေသော ဆရာမ ၀င်းမာခင် (ဒေါ်ဝင်းမာ) နှင့် ကြီးကြီးမြ (ဒေါ်မြမြသွေး) တို့၏ ကူညီစောင့်ရှောက်မှုဖြင့် မြစ်ကြီးနားနရသိန်အတွင်းမှ ဆရာတော်ကို ဆွမ်းဆက်ကပ်လှူဒါန်းရန် အခွင့်ပေါ်ခဲ့လေသည်။ မြစ်ကြီးနားထောင်ပိုင်ကြီး ကိုးကွယ်သော အောင်တော်မူဆရာတော်၏ စောင့်ရှောက်မှုဖြင့် ဆရာတော်ကို ခက်ခဲစွာ ဖူးမြော်ခွင့်ရခဲ့သည်။
တစ်ကြိမ်တစ်ခါမှ အပြင်တွင် တွေ့ဆုံဖူးခြင်းမရှိသော ဆရာ-ဒကာ တွေ့ဆုံမှုသည် စိတ်လှုပ်ရှားဖွယ် အတိပြီးလေသည်။ ဖိုးသူတော်ဝတ်စုံကဲ့သို့ အဖြူရောင်ပိတ်စကို သင်္ကန်းကဲ့သို့ ပတ်ထားသော ဆရာတော်ကို ပထမဆုံးဖူးတွေ့ရသည်မှာ စိတ်ထိခိုက်ဖွယ်ရာပင်။ တစ်ကြိမ်မှတွေ့ဆုံဖူးသူမဟုတ်၍ ဆရာတော်ကလည်း ထူးဆန်းသလို ကြည့်နေခဲ့ပေသည်။
ဆရာတော်ကို ဖူးတွေ့လျှင်တွေ့ချင်း အရင်ဦးဆုံးပြုလုပ်မိသည်က ထိုင်ခုံမှအောက်သို့ဆင်း၍ သမံတလင်းနှင့် နဖူးထိသည်အထိ အားပါးတရ ရှိခိုးလိုက်မိပေသည်။ ပြီးမှ ...
"အရှင်ဘုရား ... တပည့်တော် မေတ္တာတံခွန်အသင်းကပါဘုရား ..."ဟု လျှောက်လိုက်ပေသည်။
"သြော် ... မေတ္တာရှင် လွှတ်လိုက်တာလား ..." ဆရာတော်က ပြန်မိန့်လေသည်။
"မဟုတ်ပါဘုရား ... တပည့်တော်တို့က မိုးပြာဂိုဏ်းကိုတိုက်နေတဲ့ မစိုးရိမ်စာသင်သားတို့ အဖွဲ့ကပါဘုရား ..."
"သြော် ... အရှည်ကြီးတို့အဖွဲ့ကလား"
ဆရာတော်နှင့် အပြန်အလှန် မိတ်ဆက်လျှောက်ထားပြီး ရန်ကုန်မှသည် မြစ်ကြီးနားနရသိန်ထိတိုင် အရောက်လာကာ လျှောက်ထားရသည့် မိုးပြာအဓမ္မအန္တရာယ်အကြောင်းကို စိုးရိမ်တကြီး လျှောက်ထားမိလေသည်။ ကျွန်တော်၏ စိုးရိမ်မှုကို ဆရာတော်က အထူးမစိုးရိမ်ရန် ပြန်လည်မိန့်ကြားပြီး မိုးပြာကြီးနှင့် ဆရာတော်တို့ ထောင်အတွင်းဆက်ဆံရေး အနေအထားကို မိန့်ကြားပါသည်။
သာမန် ထောင်ဝင်စာတွေ့သူများသည် ၁၅ မိနစ်ခန့်သာ တွေ့ရသော်လည်း ကျွန်တော့်အဖို့မှာမူ အောင်တော်မူဆရာတော်၏ ကိုယ်တော်တိုင် လိုက်ပါစောင့်ရှောက်မှုကြောင့် ထောင်ပိုင်ကြီးရုံးခန်းမှာပင် ဆရာတော်နှင့် မိနစ် ၃၀ မျှ တွေ့ဆုံလျှောက်ထားခွင့် ရခဲ့လေသည်။ ဆရာ-ဒကာ လွတ်လပ်စွာပြောနိုင်ရန် ထောင်ပိုင်ကြီးက ရှောင်ပေးခိုက် အန်တီဝင်းမာ၊ အန်တီမြသွေးနှင့် မေတ္တာတံခွန်အသင်းက စုဆောင်းကပ်လှူသည့် န၀ကမ္မ၀တ္ထုငွေအချို့ကိုလည်း လက်ရောက်ကပ်ခွင့် ရခဲ့ပေသေးသည်။
"တပည့်တော်တို့အသင်းအတွက် အမှတ်တရ သြ၀ါဒလေး ချီးမြှင့်တော်မူပါဘုရား"ဟု လျှောက်သောအခါ ... အေးဆေးတည်ငြိမ်သော လေသံဖြင့် ...
"သာသနာတော်အတွက် ... ရှင်သာရိပုတ္တရာလို မကျင့်ဘဲ ... ရှင်မောဂ္ဂလာန်လို ကျင့်တဲ့အတွက် ... လေးစားကြည်ညိုနေပါတယ် ..."ဟု မိန့်ကြားပါသည်။
ဘယ်သောအခါမှာ လွတ်မြောက်မည်မသိသော ဆရာတော်ကို ကျွန်တော်က လိပ်စာကတ်လေး ဆက်ကပ်သောအခါ ပိတ်စဖြူလေးအတွင်းသို့ လိပ်ကာ သိမ်းဆည်းလိုက်လေသည်။
အချိန်စေ့၍ ပြန်ကြွသွားသော ဆရာတော်၏ ကျောပြင်ကို ငေးကြည့်မိရင်း ... သာသနာတော်အတွက် အမုန်းခံဆောင်ရွက်ရင်း မသင့်လျော်ရာအရပ်သို့ ရောက်သည့်တိုင် ပေးဆပ်ခဲ့သော ... အမျိုးသားရေး ဆရာတော် (၀ါ) အဓမ္မ၀ါဒ တိုက်ဖျက်ရေးဆရာတော် (၀ါ) အရှင်ဝီရသူ၏ မေတ္တာတံခွန်အသင်းအပေါ် မိန့်ကြားခဲ့သည့် သြ၀ါဒတိုလေးကို အဖန်ဖန်ကြည်နူးရင်း သာသနာ့တာဝန်များကို ဆရာတော်ကဲ့သို့ အစွမ်းရှိသမျှ ထမ်းရွက်မည်ဟု နှလုံးသွင်းမိပါတော့သည်။ ။
(၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်၊ စနေနေ့က မြစ်ကြီးနားအကျဉ်းထောင်တွင် သွားရောက်ဖူးမြော်ခဲ့ရသည့် ဆရာတော် အရှင်ဝီရသူကို ဤစာဖြင့်ပူဇော်ပါသည်။ ယခင်အာဏာရှင်များနည်းတူ ဆရာတော်ကို ထပ်မံအကျဉ်းချရန် ကြံစည်နေသူများ၏ဘေးမှ ဆရာတော် လွန်မြောက်ပါစေသတည်း။)
လက်ယာ (မေတ္တာတံခွန်)
၁၁ မတ် ၂၀၁၇၊ စနေနေ့၊ ည ၁၂ နာရီ။



No comments:
Post a Comment