“ပြည်သူ့နီတိဘာသာရပ်နှင့်
ပတ်သက်၍ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့ကြီး၏ သဘောထားထုတ်ပြန်ချက်”
■■■■■■■■■■■■■■■■■■■■■■■■■■■
သဘောထား ထုတ်ပြန်ချက်
ယခုတလော အခြေခံပညာရေးအတန်းများအတွက်
ပြည်သူ့နီတိဘာသာရပ်တွင် ဘာသာကြီး ၄-ရပ်ဆိုင်ရာ
ဘာသာရေးမိတ်ဆက်များ ပါဝင်သည့်ကျောင်းသုံးစာအုပ်များကို အခြေခံပညာရေးကျောင်းများတွင်
သင်ကြားရန် ထုတ်ဝေနေကြောင်း စာနယ်ဇင်းများနှင့် Social Media များ၌ သတင်းများ တွေ့နေရသည်။
သက်ဆိုင်ရာအစိုးရကလည်း ပညာရေးဝန်ကြီးဌာနက ထုတ်ဝေခြင်းမဟုတ်ကြောင်း၊
CDNH အဖွဲ့ကသာ ထုတ်ဝေခြင်းဖြစ်ကြောင်းလည်း ရှင်းချက်ထုတ်နေကြသည်။
အဆိုပါ ပြည်သူ့နီတိဘာသာရပ်ကို ဘုန်းတော်ကြီးသင်ကျောင်းများတွင်
ပြည်သူ့နီတိသင်ကြားခြင်း အလုပ်ရုံဆွေးနွေးပွဲကို
CDNH အဖွဲ့နှင့် ဖောင်တော်ဦးဆရာတော်တို့ ဦးဆောင်၍ မန္တလေးမြို့ ဖောင်တော်ဦး
ဘ.ကကျောင်း၌ ၂ဝ၁၇-ခု၊ မတ်လ၊ ၂, ၃-ရက်နေ့များတွင် မိတ်ဆက်ရှင်းလင်းခဲ့ကြောင်းလည်း ခိုင်လုံသည့်ဓာတ်ပုံ
အထောက်အထားများနှင့် အင်တာနက်သတင်းများအရ သိရသည်။ အဆိုပါပြည်သူ့နီတိ ဘာသာရပ်ကို လက်မခံလိုကြသော
ဘ.က ဆရာတော်တို့ကဖော်ထုတ်လိုက်ခြင်းကြောင့် ယခုပြည်သူ့နီတိကိစ္စ ဟိုးလေးတကျော် ဖြစ်သွားရပါသည်။
အထူးအားဖြင့် အစ္စလာမ်များသည် ကမ္ဘာအနှံ့ သူ့တို့ဘာသာနှင့်
သူတို့ဘာသာဝင်များ နေရာရရေးကို ရနိုင်သည့်နည်းဖြင့် ဝင်ရောက်နေရာယူကြသည်ကို အထူးသတိထားဖို့
လိုသည်။
မည်သို့ဆိုစေ ယခုလို ဟိုးလေးတကျော် သတင်းထွက်လာခြင်းသည်ပင်
သက်ဆိုင်ရာအစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့မှာ တာဝန်ရှိနေပေသည်။ ယခုလက်ရှိတာဝန်ရှိသူများသည်
လူ့အခွင့်အရေးကို အကြောင်းပြပြီး မြန်မာနိုင်ငံ၏ ရှေးရိုးစဉ်လာ အမျိုး ဘာသာ သာသနာကို
တစ်နည်းတစ်လမ်းအားဖြင့် ဖျက်ဆီးနေသည့်သဘော ယခု လောလောဆယ် ဖြစ်ပေါ်နေသည့် အကြောင်းအရာများက
သက်သေခံနေသည်။
ယင်းပြည်သူ့နီတိဘာသာရပ်ကို အတန်းကျောင်းများတွင်
သင်ကြားရန် ရည်မှန်းထားကြောင်း၊ သင်ရိုးညွှန်းတမ်း မရေးဆွဲမီကတည်းက ပညာရေးဝန်ကြီးဌာန
သင်ရိုးညွှန်းတမ်းအဖွဲ့၊ ယူနီဆက်(ဖ်)၊ ဂျိုက်ကာအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပြီးမှ
ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပြည်သူ့နီတိသင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့ အကြံပေးဖြစ်သူ
ဦးငွေတိုးမှ မီဒီယာများသို့ ပြောကြားချက်အရ သိရသည်။ (Democracy Today 5.3.2017)
ပြည်သူ့နီတိဆိုသည်မှာ သက်ဆိုင်ရာလူ့အဖွဲ့အစည်း ပြည်သူများ
လိုက်နာကျင့်သုံးရမည့် အခြေခံ လူ့ကျင့်ဝတ်များ, လမ်းညွှန်ချက်များဖြစ်သည်၊ မြန်မာ့လူ့အဖွဲ့အစည်းသည်
တကောင်း, ပျူ, ကမ်းယံစသော မျိုးနွယ်စုများမှ ဆင်းသက်လာသော ပုဂံခေတ်မှစ၍ မြန်မာဟု ပေါ်ပေါက်လာသည်။
မြန်မာ့ခေတ်အဆက်ဆက် ကျင့်သုံးခဲ့သော, ပြဋ္ဌာန်းခဲ့သော ပြည်သူ့နီတိများ ရှိခဲ့ပြီးဖြစ်သည်၊
မြန်မာ့မြေပေါ်ရောက်လာသူတိုင်းသည် ရောမရောက်လျှင် ရောမလိုကျင့်ဆိုသည့်အတိုင်း မြန်မာ့ယဉ်ကျေးမှု,
မြန်မာ့ ပြည်သူ့နီတိများကို ဒေသခံမြန်မာများနှင့် သဟဇာတဖြစ် လိုက်လျောညီထွေမှုဖြစ်စေရန်
လိုက်နာကြရမည်သာ ဖြစ်သည်။
မြန်မာ့ရှေးရိုးစဉ်လာ ပြည်သူ့နီတိများကို နောက်မှရောက်လာသည့်
ဧည့်သည်များနှင့် လိုက်လျောညီထွေမှု ဖြစ်အောင် ပြင်ဆင်ပေးရမည်ဆိုသည်မှာ လုံးဝမဖြစ်သင့်ပါ။
ထို့ကြောင့် မြန်မာ့ရှေးရိုးစဉ်လာ ပြည်သူ့နီတိများကို ဖျက်ဆီး၍ ဘာသာတိုင်းနှင့် တန်းညှိပြီး
တစ်တန်းတစ်စား တည်းထားသော-
၁။ ယခုထုတ်ဝေနေသည့် ပြည်သူ့နီတိကျောင်းသုံးစာအုပ်ကို
လုံးဝလက်မခံကြောင်း, လုံးဝကန့်ကွက်ကြောင်း၊
၂။ အဆိုပါပြည်သူ့နီတိစာအုပ်ကို ဘ.ကကျောင်းအပါအဝင်
အတန်းကျောင်းများ၌ သင်ကြားနိုင်အောင် ဦးဆောင်စီစဉ်သူများကိုလည်း
လုံးဝကန့်ကွက် ရှုတ်ချပါကြောင်း၊
၃။ ထိုင်းနိုင်ငံတွင် ရှပ်နီ, ရှပ်ဝါစသည့် အချင်းချင်းကွဲပြားနေချိန်မှာ
ဘာသာခြား, လူမျိုးခြားများ နေရာဝင်ယူသွားသလို
မဖြစ်အောင် ယခုအချိန်မှာမြန်မာနိုင်ငံသားများသည် ဘယ်သူ သွေးခွဲခွဲ မကွဲပြားဘဲ
မြန်မာ့အမျိုးသားရေး စိတ်ဓာတ် ဦးတည်ချက်တူညီစွာ ညီညီညွတ်ညွတ်လက်တွဲသွားကြရန် အထူးလိုအပ်ကြောင်း၊
မြန်မာ့မျိုးချစ်ရဟန်း, ရှင်, လူ, ပြည်သူများ၏ ကိုယ်စား
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) အဖွဲ့ကြီးက သဘောထားထုတ်ပြန်လိုက်သည်။
ဦးဆောင်ဆရာတော်များ
မဘသ
(ဗဟို)
စာအမှတ် ၊
ဝဝဝ၃/ စီမံ-မဘသ/ ၂ဝ၁၇ နေ့စွဲ ၊ ၁၃၇၈-ခု၊
တပေါင်းလဆန်း ၁၁-ရက်
(မတ်လ ၈-ရက်၊ ၂ဝ၁၇) ဗုဒ္ဓဟူးနေ့


No comments:
Post a Comment