Friday, December 25, 2015

“အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) သဘောထားထုတ်ပြန်ချက်”


 ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၁၅-ခု၊ ကြာသပတေးနေ့၌ ထိုင်းနိုင်ငံ ကော့စမွေတရားရုံးက ကော့တောင်ကျွန်း (လိပ်ကျွန်း)လူသတ်မှုအတွက် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝေဖြိုး နှစ်ယောက်တို့အား သေဒဏ်ချက်မှတ်ခဲ့ပါသည်။

ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တရားခံများ၏ မိဘဆွေမျိုးများ စိတ်မကောင်းဖြစ်ရသလို မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးတို့ကလည်း အထူးပင် ထပ်တူထပ်မျှ ဝမ်းနည်း စိတ်မကောင်းဖြစ်ရပါသည်။

တရားစီရင်မှုနှင့်ပတ်သက်၍ မှန်ကန်တိကျသော စီရင်ဆုံးဖြတ်ချက်ဖြစ်ပါက အထူးပြောစရာမလိုသော်လည်း မဖြစ်သင့် မဖြစ်ထိုက်သော မမှန်မကန်ဆုံးဖြတ်မှုဖြစ်ပါက ကမ္ဘာအလယ်တွင် လူ့အခွင့်အရေးနှင့် ဒီမိုမရေစီစံနှုန်း သမိုင်းကြီးမားသည့် ထိုင်းနိုင်ငံ တရားစီရင်မှုအပေါ် သိက္ခာကျစရာ အမည်းစက်တစ်ခု ဖြစ်သွားနိုင်ပါသည်။ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုလည်း များစွာထိခိုက်ပျက်စီးစေနိုင်ပါသည်။

မည်သို့ဆိုစေ မြန်မာနိုင်ငံအစိုးရအပါအဝင် တာဝန်ရှိသူအားလုံးတို့ကလည်း အဆိုပါသေဒဏ်ချမှတ်မှုနှင့်ပတ်သက်၍ အကောင်းဆုံးဖြစ်အောင် ‘စွမ်းနိုင်ရာက ပါဝင်ဆောင်ရွက်ပေးကြပါ’ဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။
သေဒဏ်ချမှတ်ခံရသူ မြန်မာလူငယ်နှစ်ဦး၏ အနာဂတ်သည် ထိုင်းနိုင်ငံဘုရင်မင်းမြတ်နှင့် ထိုင်းနိုင်ငံအစိုးရတို့၏ မေတ္တာ ဂရုဏာတရား၊ အရှည်မြော်မြင် ဆင်ခြင်တုံတရားတို့အပေါ်၌ အဓိကမူတည်နေသဖြင့် အကောင်းဆုံးဖြစ်အောင် စဉ်းစားဆောင်ရွက်ပေးစေလိုပါသည်။

ထိုင်း မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အရှည်တည်တံ့ခိုင်မြဲနေစေရန်၊ စိုသောလက် မခြောက်စေဘဲ တွဲလက်များ အစဉ်ခိုင်မြဲစေရန် အိမ်နီးချင်းကောင်းပီသစွာ စာနာထောက်ထား သနားညှာတာသောအားဖြင့် ‘အကောင်းဆုံး ကူညီဆောင်ရွက်ပေးကြပါ’ဟု ထိုင်းနိုင်ငံဘုရင်မင်းမြတ်ကြီးနှင့် ထိုင်းနိုင်ငံအစိုးရတို့အား မြန်မာနိုင်ငံ ရဟန်း ရှင်လူ ပြည်သူတို့၏ကိုယ်စား အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့ကြီး(ဗဟို)က မေတ္တာရပ်ခံ ပန်ကြားကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

စာအမှတ်။   ၀၀၄၆/စီမံ-မဘသ/ ၂၀၁၅
နေ့စွဲ။    ၁၃၇၇-ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄-ရက်၊ (ဒီဇင်ဘာလ ၂၅-ရက်၊ ၂၀၁၅)သောကြာနေ့

ဘဒ္ဒန္တတိလောကာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ

ဥက္ကဋ္ဌ  အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)

No comments:

Post a Comment