Sunday, December 20, 2015

“မုဒိတာရပ်ဝန်း (တဲတိုက်စာသင်ကျောင်းအလှူ)”


ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဗြဟ္မာ့အင်းကျေးရွာအုပ်စု၊ သရက်ကိုင်းကျိုးနယ်မြေ၊ ရှားဆေးဖိုတဲတိုက် မူလတန်းကျောင်းအိုလေး ပြင်ဆင်ဆောက်လုပ်ရန် လားရှိုးမြို့၊ ချမ်းသာရွှေဆိုင်နှင့် အေးမျက်မှန်ဆိုင် ဒေါ်အေး မိသားစုက အလှူငွေ (၅)သိန်းကျပ် လှူဒါန်းပါတယ်။

ရှားဆေးဖို စာသင်ကျောင်းလေးသတင်း အတွဲ(၂) အမှတ်(၃) (၂၅.၅.၂၀၁၅)ထုတ် အတုမရှိဂျာနယ်မှာ ဖတ်မိရာမှ ကျောင်းဆောက်လှူဒါန်းလိုစိတ် ပေါ်ပေါက်လာပြီး လားရှိုး ဒေါ်အေး မိသားစုက အလှူငွေ သိန်း (၂၀) လှူဒါန်းခဲ့ပါတယ်။
၎င်းသိန်း(၂၀)ကို သစ်လုံးများဝယ်၍ အကြမ်းထည်ဆောက်ပြီးသွားပေမယ့် အမိုးနှင့် အကာအတွက် လိုအပ်နေတာကြောင့် ထပ်မံလှူတာပဲ ဖြစ်ပါတယ်။ လက်သမားနှင့် အခြားလုပ်အားအတွက်တော့ ကုန်ကျစရာမရှိခဲ့ပါဘူး။ ရွာသူရွာသားတွေ ဝိုင်းဝန်းလုပ်အားပေးတာနဲ့တင် ပြီးစီးသွားတာပါ။

လားရှိုးမြို့ ချမ်းသားရွှေဆိုင်နှင့် အေးမျက်မှန်ဆိုင်ရှင် ဒေါ်အေး မိသားစုတစ်ဦးတည်းကုသိုလ်ဖြစ်တဲ့ စာသင်ကျောင်းလေး မကြာမီ မြင်တွေ့ရတော့မှာပါ။
မူရင်းသတင်းဟောင်းလေးနှင့် လက်ရှိ ဆောက်လုပ်ဆဲ ကျောင်းဆောင်လေးကို ပူးတွဲတင်ပေးလိုက်ပါတယ်။
------------------------------------------------------------------------------------------------------------------------------

“အညတရအရိုင်းပန်းခင်းလေးထဲက စေတနာ့ဥယျာဉ်မှူး”
===============================

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဗြဟ္မာ့အင်းကျေးရွာအုပ်စု၊ သရက်ကိုင်းကျိုးနယ်မြေထဲက တဲတိုက်လေးတစ်စု ရှိခဲ့ပါတယ်။ ရှားစေးဖိုအမည်ရတဲ့ တဲတိုက်လေးပါ။ အိမ်ခြေ (၇၃)အိမ်၊ လူဦးရေ (၂၉၆)ဦး ရှိပါတယ်။ ကျား/မ အချိုးညီမျှတဲ့ တဲအိမ်စုလေးပါ။ ကျား/မ လူဦးရေ (၁၄၈)ဦးစီရှိတာ ထူးဆန်းသလိုပဲနော်။
သူတို့တတွေဟာ ရေကြည်မြက်နုရှာဖွေရင်း တဖြည်းဖြည်းနဲ့ တောထဲကို အတွင်းကျရောက်မှန်းမသိ ရောက်လာခဲ့တဲ့သူတွေပဲ ဖြစ်ပါတယ်။ ဟိုရွာက တစ်အိမ်နှစ်အိမ် ဒီရွာက တစ်အိမ်နှစ်အိမ်၊ ရွာပေါင်းစုံမှ တဲအိမ်လေးတွေ စုနေကြလို့ တဲတိုက်လို့ ခေါ်ကြတာပါ။
ရွာမဟုတ်တော့ ကျောင်းမရှိ၊ ရွာမနီးတော့ ကျောင်းမတက်နိုင် ဖြစ်နေရရှာတဲ့ ရွေ့လျားတောင်ယာမိသားစုရဲ့ ရင်သွေးလေးတွေ (၃၅)ယောက်ကို စာသင်ကြားပေးနေသူကတော့ ဆရာဦးအောင်ကြိုင်ဖြိုးပဲ ဖြစ်ပါတယ်။ ဆရာဦးအောင်ကြိုဖြိုးဟာ သရက်ကိုင်းကျိုးရွာမှ ရှားစေးဖိုတဲတိုက်သို့ နေ့စဉ်လမ်းလျှောက်သွားပြီး ကလေးတွေကို စာသင်ပေးနေတဲ့ စေတနာ့ဥယျာဉ်မှူးပဲ ဖြစ်ပါတယ်။ သူငယ်တန်း (၁၁)ယောက်၊ ပထမတန်း (၇)ယောက်၊ ဒုတိယတန်း (၆)ယောက်၊ တတိယတန်း (၅)ယောက်၊ စတုတ္ထတန်း (၆)ယောက်၊ စုစုပေါင်း (၃၅)ယောက်ကို ဆရာတစ်ဦးတည်း ဘာသာစုံသင်ကြားပေးခဲ့တာ ၂၀၀၈ ခုနှစ်ကတည်းက ဖြစ်လို့ အခုဆို (၇)နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
ကျောင်းသားတစ်ယောက်ကို တစ်လတစ်ထောင်ကျပ်နှုန်းပေးဖို့ မိဘတွေက စီစဉ်ခဲ့ကြပေမယ့် ဥတုမမှန် ရာသီမကောင်းတာကြောင့် တစ်လသုံးသောင်းတောင် ပြည့်အောင်မရခဲ့ပါဘူး။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တစ်နှစ်လုံးမှာမှ တစ်သိန်းနှစ်သောင်းပဲ ရခဲ့တာပါ။ အိမ်သူလုပ်စာ ထိုင်စားရုံသက်သက်ဖြစ်နေလို့ လာမည့်ပညာသင်နှစ်မှာ စာသင်ပေးချင်လျက် မသင်ဖြစ်တော့မည့် အခြေအနေမျိုးရောက်နေလို့ အကူအညီလိုက်ရှာခဲ့တာ သဲကုန်း ပြည်ခိုင်ဖြိုးအမတ် ဦးစိုးအောင်လှူတဲ့ ဗလာစာအုပ်လေးတွေတော့ ရလိုက်ပါတယ်။ ဒီလိုနဲ့ ဦးပဉ္စင်းတွေထံလျှောက်ထားရာမှ လမ်းစရရှိသွားခဲ့တာပါ။ စာနယ်ဇင်းအများစုနှင့် နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးဘုန်းကြီးတွေ လုံးဝကြည့်မရနေတဲ့ ကမ္ဘာကျော် အကြမ်းဖက်သမားကြီး ဦးဝီရသူထံ ဒီသတင်းရောက်လာတော့ တစ်လငါးသောင်းထောက်ပံ့ရင် ဖြစ်မလားမေးလိုက်ပါတယ်။ ဆရာဦးအောင်ကြိုင်ဖြိုးက ဘုန်းကြီးထောက်ပံ့တဲ့ငွေကို မယူချင်ဘဲ ယူလိုက်ရပါတယ်။ ဆရာ့အစား လေးတန်းသင်ပေးဖို့ ဆရာနှစ်ယောက်ရှာတဲ့အခါ တစ်လရှစ်သောင်း တောင်းကြပါတယ်။ တစ်နှစ်လုံးနေမှ တစ်သိန်းနှစ်သောင်းပဲ ပေးနိုင်ရှာတဲ့ မိဘတွေအတွက် ဆရာတစ်ယောက်ရှစ်သောင်းဆိုတော့ ဘယ်ဖြစ်နိုင်ပါ့မလဲနော်။ ဆရာငှားပေးထားခဲ့ပြီး စီးပွားရေးလုပ်ဖို့စီစဉ်ခဲ့ပေမယ့် ဖြစ်မလာနိုင်တဲ့အခါ တစ်လငါးသောင်းထောက်ပံ့တာကိုပဲ လက်ခံပြီး ဆက်လက်သင်ကြားပေးဖို့ တာဝန်ယူလိုက်တာပဲ ဖြစ်ပါတယ်။
ဒီလို လူမသိ သူမသိ အညတရ အရိုင်းပန်းလေးတွေကို ဝါသနာအရင်းခံပြီး အကြင်နာတွေ စေတနာတွေပေါင်းစည်းကာ အနစ်နာခံ ပြုစုပျိုးထောင်ပေးနေတဲ့ ဆရာဦးအောင်ကြိုင်ဖြိုးဟာ လူပျံတော်တစ်ယောက် ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသား အရိုင်းပန်းလေးတွေနဲ့ နေ့စဉ်စာပေသင်ကြားရင်း မွေ့လျော်နိုင်ပေမယ့် ဇနီးနှင့် သားသမီးတွေ ရှေ့ရေးကို ပြန်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ အစိုးရစာသင်ကျောင်းဖြစ်အောင်လည်း ကြိုးစားရင်း သူမစွမ်းဆောင်နိုင်တော့တဲ့အချိန် သူတည်ထောင်ခဲ့တဲ့ သဲသာသာကျောင်းစုတ်လေး ပျောက်ကွယ်သွားမှာလည်း စိုးရိမ်နေရှာပါတယ်။ အညတရလေးများကို ကြင်နာတတ်သော အညတရဥယျာဉ်မှူး ဆရာဦးအောင်ကြိုဖြိုးရဲ့ အနာဂတ်နှင့် ရှားစေးဖိုအညတရကလေးငယ်များရှေ့ရေးကို ဘယ်သူတွေများ မငေးမောဘဲ နေနိုင်ပါ့မလဲ။ ရင်မောစရာ ဆရာတပည့်တွေပဲ ဖြစ်ပါတယ်။
ဝီရမော့ဆက်

အတုမရှိဂျာနယ် အတွဲ(၂) အမှတ်(၃) (၂၅.၅.၂၀၁၅) မှ ကူးယူဖော်ပြသည်။






No comments:

Post a Comment