Wednesday, December 23, 2015

“လူနေအိမ်ကြားက တာဝါတိုင် (၂)”


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြောင်းကြီးကျေးရွာ ဦးညွန့်ဆောင်ပိုင်ဆိုင်တဲ့ မြေကွက်ထဲမှာ တာဝါတိုင်ထူတဲ့ကိစ္စပါ။ 17.12.2015 ရက်နေ့မှာ မြေစာရင်းဌာနကိုလိပ်မူပြီး တိုင်ကြားပါတယ်။ လူနေအိမ်အတွက် ချပေးထားတဲ့မြေကွက်ကို တာဝါတိုင်အတွက် အသုံးပြုတာဟာ မြေစာရင်းဌာနချမှတ်တဲ့ မြေဥပဒေနှင့် မညီလို့ 20.12.2015 ရက်နေ့တုန်းက တိုင်ကြားခဲ့တာကို အရေးယူဆောင်ရွက်ဖို့ပါ။

ခြံချင်းကပ် အိမ်နီးချင်းတွေ လက်မခံကြတဲ့အပြင် ရွာသူရွာသားတွေပါ လက်မခံကြတာကြောင့် တာဝါတိုင်ဆက်မလုပ်ဖို့ ကန့်ကွက်ကြတာပါ။ အမ်ပီတီနှင့် တယ်လီနော နှစ်လိုင်းစလုံး အားကောင်းနေတဲ့ မြောင်းကြီးရွာမှာ အော်ရီဒူးလာဆောက်လို့ လက်မခံကြတာပဲ ဖြစ်ပါတယ်။

မြောင်းကြီးရွာက မင်းကျောင်းအုပ်စုထဲ ပါပါတယ်။ မင်းကျောင်းရွာလူကြီး လက်မှတ်ထိုး ခွင့်ပြုလိုက်တာကြောင့် မြောင်းကြီးပြည်သူတွေက မင်းကျောင်းရွာလူကြီးကို မကျေမနပ် ဖြစ်နေကြတာပါ။

တိုင်စာတွေတက်လာတော့ ရွှေဘိုဥက္ကဋ္ဌက ဖုန်းဆက်ပြီး ချော့ပါသေးတယ်။ လမ်းဖောက်ပေးမယ်၊ တံတားဆောက်ပေးမယ် စည်းရုံးတာပါ။ ရွာသူတွေက လုံးဝ လက်မခံလို့ ဒီနေ့ 23.12.2015 ရက်နေ့၊ မနက် 9:00 ရုံးကိုခေါ်လိုက်တာပါ။

တိုင်စာပို့ထားတာတောင် လုံးဝကွင်းဆင်းမကြည့်လို့ ရွာသူရွာသားတွေက မကျေမနပ်ဖြစ်နေချိန်မှာ ရွှေဘိုကိုဆင့်ခေါ်တော့ အားရဝမ်းသာ သွားကြပေမယ့် အရေးတယူမရှိကြပါဘူး။ 12:00 နာရီမှ လက်ခံတွေ့ဆုံပါတယ်။ ဥက္ကဋ္ဌမဟုတ်ဘဲ ဒုဥက္ကဋ္ဌနှင့် တွေ့ပါတယ်။ ဒုဥက္ကဋ္ဌနှင့် စည်ပင် A.E က မကန့်ကွက်ကြဘဲ လက်ခံလိုက်ကြဖို့ တိုက်တွန်းတဲ့အခါ ရွာသူရွာသားတွေက လုံးဝလက်မခံနိုင်ကြောင်း ပြောဆိုကြတဲ့အခါ ဒုဥက္ကဋ္ဌ (ဒုဦးစီးမှူး)က ကျုပ်ပြောချင်လို့ ခင်ဗျားတို့ကို ခေါ်တာ။ ခင်ဗျားတို့ပြောတာ နားထောင်ဖို့ခေါ်တာမဟုတ်ဘူး လို့ မောက်မောက်မာမာ ပြောလာပါတယ်။

ရွာသူရွာသားတွေ မကျေနပ်မှုတွေတိုးလာချိန်မှာပဲ စည်ပင် A.E က တာဝါတိုင်ဆောက်လုပ်နေမှု ရပ်ဆိုင်းထားဖို့ စာထွက်ထားကြောင်း၊ ဝန်ကြီးချုပ်ခွင့်ပြုချက်မရမချင်း ဆက်လက်မဆောက်လုပ်ရန် အမိန့်ထုတ်ထားကြောင်း ပြောပြလို့ ပြန်လာခဲ့ကြပါတယ်။

A.E က ရပ်ဆိုင်းထားဖို့ စာထုတ်ထားတယ်ပြောပေမယ့် တာဝါတိုင်က ဆက်လုပ်နေတာကြောင့် ရွာသူရွာသားတွေက ဖုန်းဆက်တိုင်ပါတယ်။ မြို့နယ်လူကြီးတွေက ကျေးရွာဥက္ကဋ္ဌကို ဖုန်းဆက်ပြောတဲ့အခါ ကျေးရွာဥက္ကဋ္ဌ ဦးညွန့်ဝေက မတားနိုင်ဘူး လို့ ပြန်ပြောကြောင်း သိရပါတယ်။

ဥက္ကဋ္ဌ ဦးညွန့်ဝေက မြောင်းကြီးရွာသူတွေအပေါ် အခဲမကြေ ဖြစ်နေပါတယ်။ မြို့နယ်ရုံးမှာ “အဲဒီလူကြီးလက်မှတ်ထိုးပေးလို့ အဲဒီလူကြီးအသုံးမကျလို့ ဒို့ရွာပြဿနာတက်နေတာ”လို့ ရွာသူတွေက ဦးညွန့်ဝေကို လက်ညွှန်ထိုးပြောကြတာကို အညှိုးထားပုံရပါတယ်။


အမိန့်ကိုမလိုက်နာဘဲ ဆက်လုပ်နေတဲ့ တာဝါတိုင်သမားတွေရယ်၊ ဥပဒေဘောင်ထဲကဖြေရှင်းတာကို လက်မခံတဲ့ သူတွေကို ကျောင်းမှန်းကန်မှန်းသိအောင် ဆုံးမပြမည့် ရွာသူရွာသားတွေရယ် တာဝါတိုင်ရဲ့ မနက်ဖြန်ကိုတော့ အွန်လိုင်းမှာပဲ စောင့်ကြည့်ရပါတော့မယ်။ 







No comments:

Post a Comment