ရန်ကုန်၊
နိုဝင်ဘာ ၃၀
နိုင်ငံတကာအစိုးရများနှင့်
အဖွဲ့အစည်းအသီးသီးက ရိုဟင်ဂျာလူမျိုးဟု တရားမဝင်သုံးစွဲနေမှုကို အစိုးရက တားမြစ်ပေးရန်
ရခိုင်လူမှုအဖွဲ့အစည်း ၆၀ ကျော်က တောင်းဆိုကြောင်း ရခိုင်စာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌ ဒေါ်စောခင်မြင့်က
ပြောကြားသည်။
ရိုဟင်ဂျာဟု
သုံးနှုန်းခြင်းမပြုရန် အစိုးရက တားမြစ်ထားသော်လည်း ကုလသမဂ္ဂနှင့် အချို့သော နိုင်ငံတကာအဖွဲ့အစည်းများ၊
သတင်းမီဒီယာများက ရိုဟင်ဂျာဟု တရားမဝင် သုံးစွဲနေခြင်းကို တားမြစ်နိုင်ရန်အတွက် အစိုးရအနေနှင့်
လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ရခိုင်အဖွဲ့အစည်း
၆၀ ကျော်က နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ရခိုင်သဟာယအသင်းရုံးခန်းတွင်
သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
“လက်ရှိအစိုးရလက်ထက်မှာ
ကြိုးစားနေပေမယ့်လည်း အရာမဝင်သေးပါဘူး။ အစိုးရအပြောင်းအလဲမှာ မြန်မာနိုင်ငံမှာရှိတဲ့
လူမှုအဖွဲ့အစည်းမှာ သူတို့လူမျိုးတွေကို ပိုက်ဆံပေးပြီး ထည့်ထားတာတွေရှိတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့
ဝင်လာဖို့ တာစူနေကြတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ တောင်းဆိုတာ ဖြစ်ပါတယ်”ဟု
ရခိုင်သဟာယအသင်းဥက္ကဋ္ဌ ဦးလှမောင်သိန်းက ဆိုသည်။
အဆိုပါရခိုင်လူမှုအဖွဲ့အစည်း
၆၀ ကျော် ပူးပေါင်းထုတ်ပြန်ထားသည့် သဘောထားကြေညာချက်ကို ပြည်ထောင်စုလွှတ်တော်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများကိုတင်ပြကာ
အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“လွှတ်တော်ထဲမှာလည်း
ရိုဟင်ဂျာလူမျိုး ရှိ မရှိကို မဲခွဲဆုံးဖြတ်ပြီးသွားပါပြီ။ ဒါပေမယ့် အတည်မဖြစ်သေးဘူး။
ဆက်လက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းတွေက သုံးနှုန်းပြီး ဖိအားပေးနေတာတွေရှိတယ်။ နောက်တက်လာမယ့်
အစိုးရလက်ထက်မှာ ဖိအားတွေ ပိုများဖို့ရှိတယ်။ အဲဒါကြောင့် လက်ရှိအစိုးရကနေ အမိန့်ပြန်တမ်းတစ်ခု
ထုတ်ပြန်ဖို့ လိုပါတယ်”ဟု ရခိုင်မျိုးချစ်သာကီအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိန်က ဆိုသည်။
နိုဝင်ဘာလ
၃၀ ရက်နေ့က ရခိုင်သဟာယအသင်း၊ ရခိုင်အမျိုးသမီးအဖွဲ့၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်းတို့မှ
ဦးဆောင်ကာ ရခိုင်အဖွဲ့အစည်း ၆၀ ကျော်ပူးပေါင်း၍ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအလွန်
ရခိုင်အမျိုးသားများ၏ အနာဂတ်ဆိုင်ရာကိစ္စရပ်များ သဘောထားထုတ်ပြန်ချက်တစ်ရပ်လည်း ထုတ်ပြန်ခဲ့သည်။
အဆိုပါရခိုင်လူမှုအဖွဲ့အစည်းများ
ပူပေါင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်သည် ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး
စသည်အဘက်ဘက်မှ နှိမ့်ကျပြီး အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ဖြေရှင်းနေချိန်တွင် ကုလသမဂ္ဂအပါအဝင်
အချို့သောနိုင်ငံတကာအဖွဲ့အစည်းများက ဒေသဆိုင်ရာသမိုင်းကြောင်းအမှန်ကိုမျက်ကွယ်ပြု၍
လူ့အခွင့်အရေးကို တလွဲအသုံးပြုပြီး လူမျိုးသစ်ဖန်တီးရေး ဖိအားပေးခံနေရကြောင်း ပါရှိသည်။
1.12.2015
– The Voice
No comments:
Post a Comment