Friday, November 20, 2015

“ဘာသာခြား အမျိုးသမီးများကို IS အဖွဲ့များက ဝေစုခွဲယူ မုဒိမ်းကျင့်ပေါင်းသင်းသည်ဟု အထောက်အထားများထွက်ပေါ်”



မိုဆော၊ နိုဝင်ဘာ ၁၉
အီိရတ်နိုင်ငံဘက်ခြမ်းရှိ အစွန်းရောက် အစ္စလာမ်နိုင်ငံတော် အမည်ရ ဂျီဟဒ်တပ်ဖွဲ့ဝင်များသည် ၎င်းတို့စစ်နိုင်ရာ နေရာများမှ ဘာသာခြား အမျိုးသမီးများကို ဝေခွဲကာ မုဒိမ်းကျင့်ပေါင်းသင်းကြသည်ဟု လွတ်မြောက်လာသူများ၏ အတည်ပြုချက်အရ CNN သတင်းတစ်ရပ်က ဖော်ပြထားသည်။
IS ၏ တိုက်ခိုက်မှုဒဏ်ကို အဓိကခံစားရသူများမှာ ဘာသာခြား လူနည်းစု ယာဇီဒီများနှင့် ခရစ်ယာန်များဖြစ်ကြသည်။
ယာဇီဒီ ဆိုသည်မှာ ရှေးဟောင်းကျသော ဘာသာတရားတစ်မျိုးဖြစ်ကာ လူနည်းစုသာ ကိုးကွယ်ကြသည်။
အစွန်းရောက် အစ္စလာမ္မစ်များက ယာဇီဒီများသည် မကောင်းဆိုးဝါးကို ကိုးကွယ်သူများဟု ယူဆသတ်မှတ်ကာ ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်လေ့ရှိသည်။
“ကျွန်တော်တို့ သမီးတွေကို ယူသွားတယ်။ အိမ်တွေကို ယူသွားတယ်။ မိသားစုတွေကို ယူသွားတယ်။ အားလုံးယူသွားတယ်။ ကျွန်တော်တို့မျိုးဆက်ကို ယူသွားတာပါ”ဟု ယာဇီဒီ ဘာသာရေးခေါင်းဆောင် ဘာဘာရှိက်ခ်က ဆိုသည်။

ISIS များ ၎င်းတို့ရွာကို ဝင်ရောက်စီးနင်းပြီးနောက် ၎င်းကို ရောင်းစားခဲ့ခြင်းဖြစ်သည်ဟု အီရတ်နိုင်ငံ ဆင်ဂျာပြည်နယ်နေ နော(အမည်ပြောင်း)ဟု အမည်ရသူ မိန်းကလေးက ပြန်လည်ပြောကြားသည်။
သူမကို ရယူသွားသူက သားမယားအဖြစ် ကျင့်ကြံကာ ၎င်း၏ သူငယ်ချင်း ၁၁ ဦးထံသို့ လွှဲပြောင်းပေးခဲ့ပြီး ၎င်းတို့ကလည်း မုဒိမ်းကျင့် နှိပ်စက်ခဲ့ကြသည် ဟု အဆိုပါမိန်းကလေးက ဆိုသည်။
IS တိုက်ခိုက်ရေးသမားများအနေနှင့် ယာဇီဒီအမျိုးသမီးများကို ဘာသာရေးရည်ရွယ်ချက်ဖြင့် မဖြစ်မနေ ရယူရသည်ဟု ၎င်းတို့ကဆိုကြောင်း ပြည်လည်လွတ်မြောက်လာသူ ယာဇီဒီမိန်းကလေးများက ဆိုကြသည်။
ယင်းသို့လုပ်ဆောင်ရန် ISIS ခေါင်းဆောင် အဘူဘေကာအယ်ဘက်ဒါဒီ ကိုယ်တိုင်က အမိန့်ပေးထားသည့်စာရွက်ကို မြင်ဖူးကြောင်း အဆိုပါမိန်းကလေးက ဆိုသည်။
IS ၏ လုပ်ဆောင်ချက်များသည် အစ္စလာမ်ဘာသာရေးရှုထောင့်ကကြည့်လျှင် မကိုက်ညီကြောင်း အစ္စလာမ်ဘာသာရေးပညာရှင်များက ဆိုသည်။

20.11.2015 -The Voice

No comments:

Post a Comment