ဒီမိုကရေစီသဘောအရ
လူတိုင်းမိမိအတွေးအခေါ် အယူအဆ ခံယူချက်များအပေါ်မူတည်၍ ထုတ်ဖော်ပြောဆိုမှုများ၊ လုပ်ကိုင်ဆောင်ရွက်မှုများ
ကွဲလွဲနိုင်ခွင့်ရှိသည်။ သို့သော် အများစု၏ ဆန္ဒဖြင့် ဆောင်ရွက်တတ်ခြင်း၊ အနည်းစု၏ သဘောထားကိုလည်း
အလေးထားတတ်ခြင်းဟူသော ဒီမိုကရေစီစံနှုန်းများကိုလည်း လိုက်နာကျင့်သုံးနို်င်ရမည် ဖြစ်သည်။
မည်သို့ပင် သဘောထားကွဲလွဲစေကာမူ နိုင်ငံနှင့်လူမျိုး အမျိုးသားအကျိုးစီးပွားဟူသော အမျိုးသားရေးစံနှုန်းအပေါ်မှာတော့
မလွဲမသွေ ရပ်တည်ရမည် ဖြစ်သည်။ ယင်းသို့ ဒီမိုကရေစီစံနှုန်း၊ အမျိုးသားရေးစံနှုန်းများ
ထိခိုက်နစ်နာမှုမရှိအောင် ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ကြမှသာ ပစ္စုပ္ပန်၊ သံသရာ၌ အပြစ်ကင်းပ
ကောင်းကျိုးရနိုင်သည့် အများလေးစားလောက်သော၊ ပြည်သူများမျှော်လင့်နေသော ဒီမိုကရေစီနိုင်ငံတော်ကြီး
ဖြစ်နိုင်ပေမည်။
သို့ဖြစ်၍
၂၀၁၅ ခု၊ နိုဝင်ဘာ ၈ ရက် မြန်မာရွေးကောက်ပွဲရလဒ်ကို တရားဥပဒေနှင့်အညီ သက်ဆိုင်သူပုဂ္ဂိုလ်အားလုံး
ငြိမ်းငြိမ်းချမ်းချမ်း ကျေကျေနပ်နပ် လက်ခံနိုင်ကြမှသာ ငြိမ်းချမ်းသာယာသော ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ်
ဆက်လက်လျှောက်လှမ်းနိုင်မည် ဖြစ်ပါသည်။ သို့မဟုတ်ပါက လက်ရှိရရှိထားသော နိဒါန်းပျိုး
ဒီမိုကရေစီအခွင့်အရေးပင် လက်လွတ်ဆုံးရှုံးပျောက်ကွယ်သွားနိုင်သည်ကိုလည်း အထူးသတိပြုဖို့
လိုအပ်ပါသည်။
ဖြတ်သန်းပြီးခဲ့သော
အတိတ်လမ်းခရီး၌ ပုထုဇဉ်အလျောက် (ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်း၊ မိုက်မဲတွေဝေခြင်းအပေါ်မူတည်၍)
မိသားစုအချင်းချင်း လူ့အသိုက်အဝန်းအချင်းချင်း မတူကွဲလွဲချက်များ၊ ဒေါသ အာဃာတများ၊
ပဋိပက္ခများကို အတိတ်မှာသာ ထားခဲ့ပြီး ရွေးကောက်ပွဲအလွန် အနာဂတ်ကာလတိုင်အောင် ယူဆောင်မလာကြဘဲ
ငြိမ်းချမ်းသာယာသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးဖြစ်အောင် သက်ဆိုင်ရာ အသိုက်အဝန်းအားလုံး
ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်း လက်တွဲကြိုးစား ဆောင်ရွက်ကြပါစို့ ဟု မဘသအဖွဲ့ကြီး(ဗဟို)က
လေးလေးနက်နက် သတိပေးတိုက်တွန်းကြောင်း သဘေားထား ထုတ်ပြန်အပ်ပါသည်။
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊
နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊
အင်းစိန်း
စာအမှတ်။
၀၀၄၄/ စီမံ-မဘသ/၂၀၁၅
နေ့စွဲ။ ၁၃၇၇
ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ (နိုဝင်ဘာလ ၈ ရက်၊ ၂၀၁၅) တနင်္ဂနွေနေ့


No comments:
Post a Comment