ဖြူဖွေးသန့်
ရန်ကုန်-
ဗီယက်နမ်လေကြောင်းလိုင်း လေယာဉ်ပေါ်တွင် သီးသန့်ဝန်ဆောင်မှုပေးသည့် မဂ္ဂဇင်း၌ စေတီပုံကို
ဒီဇိုင်းပြုလုပ်ထားသည့် ဂါဝန်ကိုဝတ်ဆင်ထားသည့် မော်ဒယ်တစ်ဦး၏ပုံ အသုံးပြုခဲ့ခြင်းနှင့်ပတ်သက်၍
ပြည်တွင်းတွင် ဝေဖန်ရှုတ်ချမှုများ ထွက်ပေါ်လာပြီးနောက် အဆိုပါလေကြောင်းလိုင်းက ၎င်းတို့၏လုပ်ရပ်အပေါ်
အနူးအညွတ်တောင်းပန်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။
အဆိုပါမဂ္ဂဇင်းသည်
ဗီယက်နမ်လေကြောင်းလိုင်းမှ ပြေးဆွဲသည့်လေယာဉ်များပေါ်တွင် ဖတ်ရှုနိုင်ရန် သီးသန့်ထုတ်ဝေသည့်
Heritage Fashion မဂ္ဂဇင်းဖြစ်သည်။ အဆိုပါမဂ္ဂဇင်း၏ နိုဝင်ဘာထုတ် မျက်နှာဖုံးတွင် ဗီယက်နမ်မော်ဒယ်တစ်ဦးဝတ်ဆင်သည့်
ဂါဝန်ရှည်အောက်ခြေတွင် စေတီပုထိုးပုံများ ပါဝင်နေခြင်း ဖြစ်သည်။
ဗီယက်နမ်လေကြောင်းလိုင်းက
ယင်းသို့ဖော်ပြခဲ့မိသည့်အတွက် ဘာသာရေးနှင့်သက်ဆိုင်သည့် လူအများ၏ ယုံကြည်မှုများကို
စော်ကားသကဲ့သို့ ဖြစ်စေခြင်းကြောင့် ပြန်လည်တောင်းပန်ပါကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။
“ဗုဒ္ဓဘာသာစေတီပုထိုးပုံတွေကို
အခုလို ဒီဇိုင်းဆင် ဝတ်တာကိုတော့ ရှုတ်ချပါတယ်။ အထွတ်အမြတ်ထားပြီး ကိုးကွယ်ယုံကြည်မှုဖြစ်တဲ့
စေတီပုံတွေကို အမျိုးသမီးအဝတ်အစားဒီဇိုင်းထွင်လုပ်တာရော တခြားမသင့်လျှော်တဲ့ ဘယ်နေရာမှာမဆို
ဖန်တီး မချုပ်လုပ်သင့်ဘူး။ အခုက ဘာသာရေးအရ စော်ကားမှုတစ်ခုကဲ့သို့လည်း ထင်ဟပ်စေနိုင်ပါတယ်”ဟု
မြန်မာနိုင်ငံမှာ နာမည်ကြီး ဒီဇိုင်နာတစ်ဦးက ပြောသည်။
နိုင်ဝင်ဘာလအတွက်
ဗီယက်နမ်လေကြောင်းလိုင်းမှ ထုတ်ဝေသည့် အဆိုပါမဂ္ဂဇင်းမျက်နှာဖုံးတွင် အရှေ့တိုင်း
(အာရှ)၏ ကြွယ်ဝသည့်ယဉ်ကျေးမှုအမွေအနှစ်များနှင့် တန်ဖိုးဖြတ်မရနိုင်သည့် အနုသုခုမလက်ရာများ
ခြုံလွှမ်းသည့် ရည်ရွယ်ချက်ကောင်းဖြင့် ဖော်ပြခဲ့ခြင်းဖြစ်သော်လည်း စေတီပုထိုးပုံရိပ်များသည်
အခြားနိုင်ငံများ၏ ကိုးကွယ်ယုံကြည်မှုအပေါ် ထိခိုက်စေမည်ကို သတိမပြုခဲ့မိသဖြင့် ရိုးသားစွာတောင်းပန်ပါကြောင်း
ကြေညာချက်၌ ဖော်ပြထားသည်။
ထို့ကြောင့်
ဗီယက်နမ်လေကြောင်းလိုင်းမှ နိုဝင်ဘာလထုတ် Heritage Fashion မဂ္ဂဇင်းအားလုံးကို ဖြန့်ချိရေးကွန်ရက်မှ
ပြန်လည်သိမ်းယူသွားမည်ဟုလည်း ကြေညာခဲ့သည်။
ယခုရက်ပိုင်းအတွင်း
အဆိုပါမဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ လူမှုကွန်ရက်သုံးစွဲသူများကြား
ပျံ့နှံ့ခဲ့ပြီး အင်တာနက်သုံးစွဲသူအများစုက ယင်းလုပ်ရပ်မှာ မသင့်လျှော်ကြောင်း ဝေဖန်မှုများ
ပြုလုပ်ခဲ့ကြသည်။
ဗီယက်နမ်လေကြောင်းလိုင်းသည်
ပြည်တွင်းအပါအဝင် အမေရိက၊ ဥရောပ၊ သြစတြေးလျနှင့် အာရှတစ်လွှား ၂၆ နိုင်ငံသို့ ပျံသန်းပြေးဆွဲနေသည့်
နိုင်ငံတကာလေကြောင်းလိုင်းတစ်ခု ဖြစ်သည်။
20.11.2015
– 7 Day Daily
No comments:
Post a Comment