Tuesday, November 17, 2015

“BBC ရုပ်/သံ အင်တာဗျူး”


13.10.2015 ညနေ 4:00 မှာ တွေ့ဆုံပါတယ်။
သတင်းသမားက ကိုကိုအောင် (ဗမာ/ဗုဒ္ဓ)ပါ။ မဟာဝိဇယာရာမကျောင်းတိုက်သို့ လိုက်လံမေးလျှောက်တာပါ။ ပထမပိုင်းမှာ ရေဒီယိုအတွက်မေးပြီး ဒုတိယပိုင်းမှာ ရုပ်/သံအတွက် မေးပါတယ်။
တော်သလင်းလကွယ် ဥပုသ်နေ့ နေ့တရားပွဲအပြီးမှာ လာရောက်သတင်းယူတာပါ။
အမျိုးစောင့်ဥပဒေနှင့် အမျိုးသားရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ရခြင်းအကြောင်းတွေ၊ မဘသအဖွဲ့ရဲ့ ရည်မှန်းချက်တွေ၊ ရွေးကောက်ပွဲနှင့် ပါတီကြီးနှစ်ခုအကြောင်းတွေ စတာတွေ မေးပါတယ်။
(အမေး အဖြေ အပြည့်အစုံကို သီးခြားဖော်ပြထားပါတယ်)

“BBC နှင့် အမေးအဖြေ”
==================
(ကိုကိုအောင် မေးမြန်းလျှောက်ထားသည်)

ပထမပိုင်း ရေဒီယိုအသံလွှင့်ဌာနဆိုင်ရာ မေး ဖြေ မှုများ။

မေး- ဦးဇင်းဟာ မဘသအဖွဲ့အစည်းမှာ ဦးဆောင်ဆရာတော်ဖြစ်တယ်။ ပြီးတော့ လှုပ်ရှားမှုအပိုင်းမှာ ဦးဇင်းကို ကမ္ဘာမှာရော မြန်မာမှာပါ အသိများကြတယ်။ ဒီလို တက်တက်ကြွကြွ ဘာကြောင့် ဆောင်ရွက်တာလဲ သိပါရစေဘုရား။

ဖြေ- လိုရင်းကတော့ အမျိုးချစ်လို့ပါ။
1997 ခုနှစ်ကတည်းက အစဉ်တစိုက်လုပ်လာတာဖြစ်တဲ့အတွက်ကြောင့် ဒီလုပ်ငန်းကြီး ပြီးဆုံးအောင်မြင်သည်အထိ ရည်ရွယ်ထားလို့ တက်တက်ကြွကြွလှုပ်ရှားဖြစ်တာပါ။

မေး- ဘယ်အရာတွေမြင်မိခဲ့လို့ ဒီလိုလှုပ်ရှားဖြစ်သွားတာလဲ။
ဖြေ- နံပါတ်တစ်ကတော့ အမျိုးသားအန္တရာယ်ပေါ့။
နောက် ဘာသာ သာသနာရဲ့ အန္တရာယ်ပေါ့။
နောက် တိုင်းပြည်ရဲ့ အန္တရာယ်ပေါ့။
ဒီဟာတွေက လက်နက်နှင့် ကာကွယ်လို့မရဘူး။
အာဏာနှင့်ကာကွယ်လို့မရဘူး။ အင်မတန်ကြီးမားခက်ခဲတဲ့ အန္တရာယ်ဖြစ်တယ်။ ဒါတွေကို ကာကွယ်ဖို့ နည်းလမ်းတွေ ရှာဖွေဖို့ လုပ်ဖြစ်သွားတာ။

မေး- အန္တရာယ်ဆိုတဲ့အပိုင်းမှာ ဘယ်လောက်ကြီးမားတဲ့အတိုင်းအတာအထိ မြင်မိလဲဘုရား။
ဖြေ- နိုင်ငံကြီးတစ်ခုလုံး လက်လွတ်ဆုံးရှုံးရတော့မည့်အခြေအနေမျိုး၊ လူမျိုးတစ်မျိုးလုံး ပျောက်ကွယ်သွားတော့မည့် အခြေအနေမျိုး၊ သာသနာတစ်ခုလုံး ကွယ်ပျောက်သွားတော့မည့်အခြေအနေမျိုး တွေ့ထားပါတယ်။ ဥပမာ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန် 1947 ခု အိန္ဒိယလွတ်လပ်ရေးရစဉ်တုန်းက ဟိန္ဒူတွေကို လူမျိုးတုံးသတ်ဖြတ်ပြီး လုယူထားလိုက်တာမျိုးပေါ့။ အဲဒီလိုအခြေအနေမျိုး တွေ့ရလို့ အားတက်သရော လုပ်ကိုင်နေတာပါ။

မေး- ဆုံးခန်းတိုင်တဲ့အထိဆောင်ရွက်မယ်ဆိုတော့ ဦးဇင်းတို့ရဲ့ အဆုံးသတ်ရည်မှန်းချက်က ဘာလဲဘုရား။
ဖြေ- အန္တိမရည်မှန်းချက်ကတော့ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးပါပဲ။

မေး- ဦးဇင်းဆောင်ရွက်နေတဲ့လမ်းစဉ်က လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ဘယ်ပုံဘယ်နည်းနဲ့ ရောက်နိုင်မလဲဆိုတာ မိန့်ပါဘုရား။
ဖြေ- ဥပဒေဘောင်ထဲကနေ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ပြီးသွားတဲ့အခါမှာ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ။

မေး- အရှင်ဘုရားတို့ဆော်သြနေတဲ့ မူဆလင်တွေနဲ့ ကင်းကင်းရှင်းရှင်းနေဖို့၊ မူဆလင်လုပ်ငန်းတွေနဲ့ မပတ်သက်ဖို့ ဆိုတာတွေကနေ ဘာသာပေါင်းစုံငြိမ်းချမ်းရေးကို ဘယ်လိုပုံနဲ့ သွားနိုင်မလဲဘုရား။
ဖြေ- စစ်အစိုးရလက်ထက်တုန်းက ဗိုလ်ချုပ်ကြီးတွေ တော်တော်ဆိုးသွမ်းခဲ့ကြတာပေါ့နော်။ ဗိုလ်ချုပ်ကြီးတွေ လိမ္မာအောင် ဆုံးမပြီးတော့ နိုင်ငံတကာက ရိက္ခာတွေ ဖြတ်တောက်တာတွေ၊ စီးပွားရေးတွေ ပိတ်ဆို့တာတွေနဲ့ ဝိုင်းဆုံးမခဲ့ကြတာပေါ့။ အဲဒီလို ဆုံးမတာလဲ အတော်လေးထိရောက်တယ် ပြောရမှာပေါ့။ နောက်ဆုံးတော့ ခုချိန်ကို ရောက်ခဲ့တာပဲ။
အဲဒီလိုပါပဲ။ ဦးဇင်းတို့မြန်မာပြည်သူတွေရဲ့ ကျေးဇူးတရားတွေ သူတို့တတွေ သိလာအောင်၊ မြန်မာနိုင်ငံရဲ့ ကျေးဇူးတရားကို သူတို့တတွေ သိလာအောင်၊ အခြားဘာသာတွေနဲ့ အခြားလူမျိုးတွေကို လေးစားလိုက်နာနိုင်အောင် ကိုယ့်စည်း သူ့စည်းခြားပြီး ဆုံးမတဲ့သဘောပါပဲ။
အဲဒီလို ဆုံးမလို့ သူတို့တတွေဟာ နောင်ကြဉ်လာမယ်။ လိမ္မာယဉ်ကျေးလာမယ်ဆိုရင်တော့ ဦးဇင်းတို့တတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လို့ရပါပြီ။

မေး- မြန်မာပြည်မှာရှိတဲ့ မူဆလင်တွေထဲမှာ သဘောထာပျော့ပျောင်းပြီး အလယ်အလတ်လမ်းစဉ်ရှိတဲ့ မူဆလင်တွေ သိပ်မတွေ့ရဘူးဘုရား။ သူတို့ ဘယ်လိုအခြေအနကျမှ လိမ္မာလာပြီလို့ ယူဆမှာလဲ။
ဖြေ- ဟိန္ဒူတွေလို လူတိုင်းလူတိုင်းနှင့် သဟဇာတဖြစ်အောင် နေထိုင်နိုင်ပြီဆိုရင် လိမ္မာပြီလို့ သတ်မှတ်ရမှာပါ။ ဟိန္ဒူတွေလိုနေနိုင်အောင် ဘာသာရေးခေါင်းဆောင်တွေနှင့် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးကို တည်ဆောက်သွားမှာပါ။

မေး- ပြီးခဲ့တဲ့တစ်ရက် BBC က မူဆလင်ခေါင်းဆောင်တစ်ယောက်နှင့်တွေ့တော့ အရှင်ဘုရားတို့လို ဗုဒ္ဓဘာသာဝင်တွေက သူတို့ကိုမုန်းနေတာလို့ သူတို့ယူဆတယ်။ တပည့်တော်တွေ့ရတဲ့ လူငယ်မွတ်စလင်တွေကလည်း ပြောတယ်။ သူတို့ကို လူလူချင်း လူလို့မထင်ဘူးလို့ ပြောပါတယ်။ အရှင်ဘုရား အဲဒါ ဘယ်လိုပြောချင်ပါသလဲ။
ဖြေ- နံပါတ်တစ်ကတော့ ဦးဇင်းတို့က အမုန်းတရားကို အခြေမခံပါဘူး။ အလုပ်လုပ်တဲ့အခါလည်း ဝေဒနာကို ရှေ့တန်းမတင်ဘဲနဲ့ ဒေတာနှင့်ပဲ အလုပ်လုပ်တာပေါ့။ သူတို့တတွေကို ဦးဇင်းတို့က လူသားတစ်ဦးလိုပဲ မြင်ပါတယ်။ သို့သော်လည်းပဲ သူတို့တစ်တွေဟာ ကျန်တဲ့လူတွေကို လူလို့မထင်ပါဘူး။ သူတို့လူမျိုးမှ မြင့်မြတ်တယ်။ ကျန်တဲ့လူမျိုးကို မမြင့်မြတ်ဘူးလို့ ယူဆတယ်။ သူတို့ယဉ်ကျေးမှုမှ မြင့်မြတ်တယ်။ ကျန်တဲ့ယဉ်ကျေးမှုတွေ မမြင့်မြတ်ဘူးလို့ ယူဆတယ်။ သူတို့ဘုရားသခင်ကိုမှ ဘုရားလို့သတ်မှတ်တယ်။ ကျန်တဲ့ ဘာသာတရားတွေရဲ့ ဘုရားသခင် ဘုရားရှင်တွေကိုတော့ သူတို့က ဘုရားလို့အသိအမှတ်မပြုကြဘူး။ အဲတော့ မိမိကိုယ်ကိုယ် အရင်ဦးဆုံး ဟိန္ဒူတွေလို ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ယဉ်ကျေးမှုပေါင်းစုံနှင့် နေထိုင်နိုင်အောင် မွတ်စလင်တွေက အရင်အားထုတ်ကြရပါမယ်။ အဲဒီလိုအားထုတ်နိုင်မယ်ဆိုလို့ရှိရင် ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်တွေဟာ လူသားတိုင်းအပေါ်မှာ မေတ္တာတရားရှိတယ်ဆိုတာ သူတို့သိသွားမယ်။ ဗုဒ္ဓဘာသာတွေရဲ့ မေတ္တာတရားကိုလည်း ခံစားသွားရမှာပါ။

မေး-ဦးဇင်းတို့ အခု နိုင်ငံရေးနှင့်ပတ်သတ်လို့လည်း ရွေးကောက်ပွဲနီးလားတဲ့အခါမှာ ဘယ်ပါတီကိုတော့ မဲထည့်သင့်တယ် ဘယ်ပါတီကိုတော့ မဲထည့်မသင့်ဘူးဆိုပြီတော့ တိုက်တွန်းတာတွေ ဟောပြောတာတွေရှိပါတယ်ဘုရား အဲဒါကျတော့ ဒီ ဘာသာရေးနှင့် နိုင်ငံရေး ဘာကြောင့် ပတ်သက်ရပါသလဲဘုရား။
ဖြေ-ဦးဇင်းတို့မှာတော့ မူဝါဒရှိပါတယ်။ ဘုရားသားတော်တွေလည်း ဖြစ်တဲ့အတွက်ကြောင့် ဘယ်ပါတီကို မဲထည့်ပါ ဘယ်ပါတီကို မဲမထည့်ပါနဲ့လို့ မတားမြစ်ကောင်းပါဘူး။ မတိုက်တွန်းကောင်းပါဘူး။ ဘာသာအားလုံး သာသာဝင်အားလုံး တိုင်းရင်သားအားလုံး ဖြစ်တဲ့အတွက်ကြောင့် ဦးဇင်းတို့တတွေဟာ ပါတီတိုင်း ပါတီတိုင်းက လူကောင်း လူတော်တွေကို ရွေးချယ်ရပါမယ်။ ပါတီတိုင်း ပါတီတိုင်း လူကောင်း လူတော်တွေကိုရွေးချယ်ဖို့အတွက်လည်းပဲ ပြည်သူလူထုရွေးချယ်တတ်အောင် ဦးဇင်းတို့ သွန်သင်ပေးတာမျိုးတွေ ရှိပါတယ်။ အဂတိတရားကင်းကင်းရှင်းရှင်းနှင့် အနာဂတ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို စိစစ်ပြီး ရွေးချယ်ကြဖို့ အမြဲတမ်းပဲ ဟောပြောဆုံးမခဲ့ပါတယ်။

မေး- ဦးဇင်း အဲလိုဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ပတ်သက်ပြီးတော့ ဖေ့စ်ဘွတ်ခ်တွေပေါ်မှာတွေ့ရတယ်။ နောက် ဗီဒီယိုတွေလည်း တွေ့ရတယ်။ အဲ့ဒီအဖွဲ့အစည်းနှင့်ပတ်သက်ပြီးတော့ ဦးဇင်းအနေနဲ့ လက်ခံနိုင်သလားဘုရား။
ဖြေ- ဦးဇင်းတို့တတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့အတိုင်းပေါ့ အမျိုးသားရေးနှင့် ဒီမိုကရေစီရေးကို အချိုးကျကျ အကျိုးရှိရှိ ဦးဆောင်ဦးရွက် ဖော်ဆောင်ပေးလိမ့်မယ်လို့ ယုံကြည်ပြီးတော့ အားကိုးခဲ့ပါတယ်။ သို့သော်လည်းပဲ ဒီမိုကရေစီရေးဘက်မှာပဲ အားသန်နေပြီး အမျိုးသားရေးကို မျက်ကွယ်ပြုလာတာ တွေ့ရတဲ့အတွက်ကြောင့် ဦးဇင်းတို့တတွေက ဒီပါတီတစ်ခုတည်းကိုပဲ နိုင်ငံ့အာဏာတစ်ခုလုံး ပုံအပ်လို့မရတော့ဘူး။ အမျိုးသားရေးစရိုက်၊ အမျိုးသားရေးလက္ခဏာ၊ အမျိုးသားယဉ်ကျေးမှု၊ အမျိုးသားအကျိုးစီးပွားတွေ ပျက်ပြားသွားနိုင်တယ်။ ဒါကြောင့်မို့ ဦးဇင်းတို့တတွေက ဒီမိုကရေစီအဖွဲ့ချုပ်လို့ပဲ သုံးနှုန်းချင်တာပေါ့နော်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုတဲ့နာမည်တောင် သိပ်လက်မခံချင်တော့ဘူး။ ဘာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုတဲ့နာမည်ကို မှည့်ထားရတာလဲ ဆိုတာကိုတောင် ပြန်ပြီး မေးခွန်းထုတ်ချင်ပါတယ်။

မေး- အရှင်ဘုရားအနေနဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးဆိုတဲ့ အသင်းအဖွဲ့ရဲ့ လှုပ်ရှားတွေ မူဝါဒတွေနှင့် လစ်ဘရယ်ဒီမိုကရေစီပေါ့လေ ပြည်သူကိုတာဝန်ခံရမယ် လွတ်လပ်ပွင့်လင်းရမယ်ဆိုတဲ့ အဲဒီအယူဝါဒနှင့်က ကိုက်ညီမှုရှိရဲ့လားဘုရား။ အဲဒီနှစ်ခုက အတူယှဉ်တွဲသွားလို့မရဘူးလို့ ယူဆပါသလား။
ဖြေ- ကိုက်ညီပါတယ်။ ဦးဇင်းတို့က ဘုရားတရားတော်နှင့်အညီအလုပ်လုပ်နေတာဆိုတော့ မြတ်စွာဘုရားတရားတော်တွေက ပြည့်စုံပြီးသားပါ။ ထင်သာမြင်သာရှိတာတို့၊ ပွင့်လင်းမြင်သာရှိတာတို့၊ လူ့အခွင့်အရေးကိုလေးစားတာတို့၊ သတ္တဝါတွေရဲ့ အသက်တစ်ချောင်းကိုတန်ဖိုးထားတာတို့၊ နောက် တန်းတူအခွင့်အရေးတို့၊ ညီမျှမှုတို့၊ တရားဥပဒေစိုးမိုးရေးတို့၊ အမှန်တရားမြတ်နိုးမှုတို့ မြတ်စွာဘုရားတရားတော်မှာ အားလုံးအကျုံးဝင်ပြီးသားဖြစ်တဲ့အတွက်ကြောင့် ပါတီတိုင်း ပါတီတိုင်းဟာ မြတ်စွာဘုရားရဲ့ တရားတော်တွေကိုလိုက်နာကြမယ်၊ မြတ်စွာဘုရားတရားတော်ရဲ့ အဆုံးအမတွေအတိုင်း သွန်သင်ကြတဲ့ သံဃာတော်တွေရဲ့စကားကို နားထောင်ကြမယ်ဆိုရင် ဦးဇင်းတို့နိုင်ငံမှာ နိုင်ငံရေးမှာကော ဘာသာရေးမှာကော အမျိုးသားရေးမှာပါ အင်မတန်မှ စံချိန်ထူနိုင်လောက်တဲ့ နိုင်ငံကောင်းတစ်ခုဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

မေး- လာမည့်ရွေးကောက်ပွဲအတွက် အဓိကယှဉ်ပြိုင်ကြမယ့် ပါတီကြီးနှစ်ခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရော နှစ်ခုလုံးက ဒီမိုကရေစီလို့တော့ပြောတယ်။ ဒါပေမယ့် တစ်ပါတီက စည်းကမ်းပြည့်ဝသောဒီမိုကရေစီဖြစ်ရမယ်။ စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီဆိုတဲ့ တဖြည်းဖြည်းချင်း အဲဒီလမ်းကြောင်းကိုသွားတယ်။ စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီဆိုတာကတော့ တစ်နည်းအားဖြင့် နိုင်ငံတော်ကနေပြီးတော့ လူတွေကိုစည်းကမ်းသတ်မှတ်ပေးမယ်။ ပြီးတော့ အဲဒီလမ်းကြောင်းအတိုင်းသွားစေချင်တယ်။ နောက်တစ်ပါတီကတော့ လွတ်လပ်တဲ့ ပြည်သူတွေကိုတာဝန်ခံတဲ့ လူ့အခွင့်အရေးပြည့်ဝတဲ့ပုံစံမျိုးသွားချင်တယ်။ ဦးဇင်းတို့သွားနေတာက တစ်ဖက်ကပါတီကိုထောက်ခံတဲ့ပုံစံမျိုးနဲ့များ သွားနေပါသလားဘုရား။ ဆိုလိုတာက စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီလမ်းကြောင်းကို လိုက်နေတာလား။
ဖြေ- အိမ်တစ်အိမ်မှာ အဖေရဲ့အုပ်ချုပ်မှုနှင့် အမေရဲ့အုပ်ချုပ်မှုမတူပါဘူး။ အမေကတော့ သားသမီးတွေကို အလိုလိုက်တာပေါ့။ အမေတစ်ခုတည်းရှိနေရင်လည်းပဲ သားသမီးတွေက လွတ်လပ်မှုအားသာပြီးတော့ ပျက်စီးသွားနိုင်တယ်။ အဖေကတော့ စည်းကမ်းတွေသတ်မှတ်ပြီးတော့ စည်းကမ်းကြီးတတ်တယ် ချုပ်ချယ်တတ်တယ်။ အဖေတစ်ယောက်တည်းရှိနေရင်လည်းပဲ သားသမီးတွေက လွတ်လပ်မှုမရဘူး။ စိတ်ကျဉ်းကြပ်ပြီးတော့ ဖောက်ပြန်သွားတတ်ပါတယ်။ အဲတော့ အမေမရှိလို့မဖြစ်ပါဘူး။ အမေရှိမှ ပြည့်စုံပါမယ်။ အမေတစ်ယောက်တည်းရှိနေရင်လည်း မုဆိုးမအိမ်ဖြစ်ပြီးတော့ လုံခြုံမှုရှိမှာမဟုတ်ပါဘူး။ အဲလိုပဲ အဖေမရှိလို့ မလုံခြုံပါဘူး။ အဖေရှိမှ လုံခြုံမှာပါ။ အဖေတစ်ယောက်တည်းဆိုရင်လည်း မုဆိုးဖိုအိမ်ဖြစ်နေတဲ့အတွက်ကြောင့် ပြည့်စုံမှုမရှိနိုင်ပါဘူး။ ဦးဇင်းတို့က အမေကော အဖေကော လိုလိုလားလားရှိပါတယ်။ ပါတီကြီးနှစ်ခုလည်း မိခင်နှင့်တူတဲ့ပါတီ ဖခင်နှင့်တူတဲ့ပါတီလို့ ဦးဇင်းတို့က အဲလိုယူဆထားပါတယ်။ နှစ်ဦးစလုံး ပေါင်းစပ်ပြီးတည်ထောင်ပါမှ ဦးဇင်းတို့နိုင်ငံဟာ ပြည့်စုံမှုလည်းရှိမယ် လုံခြုံမှုလည်းရှိမယ်။ ဦးဇင်းတို့က ဒီလိုမျိုးကို အကြိုက်ဆုံးပါ။

==========================================================





ဒုတိယပိုင်း ရုပ်/သံဆိုင်ရာ မေး ဖြေမှုများ

မေး- အရှင်ဘုရား အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအလုပ်ကို ရှေ့ဆုံးက တက်တက်ကြွကြွလုပ်ရတယ်ဆိုတာ မိန့်ပါဦးဘုရား။
ဖြေ- ဦးဇင်းကတော့ အများသိနေတဲ့ အရှင်ဝီရသူပါ။ ဘွဲ့အရင်းကတော့ ဝိစိတ္တာဘိဝံသ ဖြစ်ပါတယ်။ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယကတစ်ပါးပါ။ မစိုးရိမ်တိုက်သစ်မှာ နာယကအပါး(၂၀)ရှိပါတယ်။ အဲဒီနာယကအပါး(၂၀)ထဲက တစ်ပါးပါ။
အမျိုးဘာသာ သာသနာအတွက်ကို ဘာကြောင့် အခုလိုရွပ်ရွပ်ချွန်ချွန်လုပ်နေရတာလဲ ဆိုလို့ရှိရင် အမျိုးသားအန္တရာယ်ကို ထင်ထင်ရှားရှားကြီး မြင်တွေ့နေရလို့ပါ။
ဒါကြောင့် တိုင်းပြည်ရယ်၊ လူမျိုးရယ်၊ ဘာသာ သာသနာရယ် အန္တရာယ်ကင်းစေချင်လို့ အခုလို တက်တက်ကြွကြွဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ်။

မေး- နောက်တစ်ခုက နိုင်ငံရေးမှာရော ဘာကြောင့်ဝင်ပြီးပါရတာလဲ ဆိုတာလေးမိန့်ပေးပါဘုရား။
ဖြေ- ဦးဇင်းတို့နိုင်ငံရဲ့ဒီမိုကရေစီက ကလေးသေးသေးလေးတွေကို မတ်တတ်ရပ်နိုင်အောင် လူကြီးတွေက လက်ခုပ်သြဘာပေးပြီးတော့ ရပ်နိုင်ပေ့ ရပ်နိုင်ပေ့ လို့ သင်ပေးနေရတဲ့ အရွယ်ပဲ ရှိပါသေးတယ်။ အဲဒီနောက်ပိုင်းမှာ သူ့ကိုယ်သူ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်အောင် လမ်းလျှောက်နိုင်အောင် ပြီးတော့ ဖြောင့်ဖြောင့်တန်းတန်းသွားနိုင်အောင် သူ့ရည်မှန်းချက်ပန်းတိုင်ရောက်အောင် မိဘတွေ အုပ်ထိန်းသူတွေက ဒီကလေးသေးသေးလေးကို ဝိုင်းဝန်းထိန်းကျောင်းဖို့ လိုသလိုပဲ ဦးဇင်းတို့ရဲ့ဒီမိုကရေစီကိုလည်း နိုင်ငံရေးသမားတွေကိုလည်းပစ်ထားလို့မရတော့ဘူး။ အစိုးရကိုလည်းပစ်ထားလို့မရတော့ဘူး။ ရဟန်းရှင်လူ ပြည်သူအားလုံးက နိုင်ငံရေးသမားတွေကိုကော အစိုးရကိုကော ဝိုင်းဝန်းထိန်းကျောင်းမှသာလျှင် တစ်လှမ်းချင်းလှမ်းနိုင်ပြီးတော့ ဒီမိုကရေစီပန်းတိုင်ကို မြိုင်မြိုင်ဆိုင်ဆိုင်နှင့် မြန်မြန်ဆန်ဆန်နှင့် တည်တည်ငြိမ်ငြိမ်ရောက်နိုင်မယ်လို့ စိတ်ကူးမိတဲ့အတွက်ကြောင့် နိုင်ငံရေးမှာလည်း ဦးဇင်းတို့တတွေ ပတ်သက်ပြီးတော့ ပါဝင်ဆောင်ရွက်နေရပါတယ်။

မေး- ဦးဇင်းမွတ်စလင်တွေကိုမုန်းသလားဘုရား။
ဖြေ- မမုန်းပါဘူး။ မွတ်စလင်တင်မကပါဘူး။ တခြားဘယ်သူ့ ဘယ်သူကိုမှ မမုန်းပါဘူး။

မေး- အဲဒါဆိုရင် ဦးဇင်းရဲ့ ဒီလှုပ်ရှားမှုက မွတ်စလင်တွေနှင့်မဆက်ဆံရေး၊ သူတို့ဆီက ပစ္စည်းတွေမဝယ်ရေး အဲလိုဟာတွေက ဘာကြောင့်ပါလိမ့်ဘုရား။

ဖြေ- ဦးဇင်းမွတ်ဆလင်တွေကို မမုန်းသော်လည်းဘဲ ဒီလိုတရားတွေဟောတာနှင့် ဒီလိုနည်းစနစ်တွေကိုကျင့်သုံးကြဖို့ ပြောပြနေတာဟာ မွတ်စလင်တွေ လိမ္မာယဉ်ကျေးသွားအောင်လို့ပါပဲ။ သူတို့တတွေ ဟိန္ဒူတွေလို အားလုံးနှင့် သဟဇာတဖြစ်အောင်နေနိုင်ပြီဆိုလို့ရှိရင် ဦးဇင်းဟာ မွတ်ဆလင်တွေကိုလည်း မမုန်းဘူးဆိုတာ သူတို့ကိုယ်တိုင်သိသွားမှာပါ။  

မေး- ဦးဇင်းတို့ရဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့အစည်းရဲ့ အဆုံးသတ်ရည်မှန်းချက်က ဘာလဲဘုရား။ အဲဒီပန်းတိုင်ကို ဘယ်လိုသွားမှာလဲဘုရား။

ဖြေ- လုံခြုံရေးနှင့် ငြိမ်းချမ်းရေးဟာ ဦးဇင်းတို့ မဘသအဖွဲ့ကြီးရဲ့ ပန်းတိုင်ဖြစ်ပါတယ်။ ဒီပန်းတိုင်ကိုသွားဖို့အတွက် ဓမ္မဝိနယနှင့်အညီ သွားမှာဖြစ်ပါတယ်။ ဥပဒေဘောင်ထဲကနေ သွားမှာဖြစ်ပါတယ်။ အမျိုးစောင့်ဥပဒေဟာ ပထမခြေလှမ်းဖြစ်ပါတယ်။ အမျိုးစောင့်ဥပဒေပြီးရင် ဘာသာပေါင်းစုံက ခေါင်းဆောင်တွေနှင့် ပူးပေါင်းဆောင်ရွက်ပြီး ငြိမ်းချမ်းရေးကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

No comments:

Post a Comment