ရန်ကုန်၊
စက်တင်ဘာ ၃၀
မစိုးရိမ်တိုက်သစ်ဆရာတော်
ဦးဝီရသူနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦးတို့သည် မန္တလေးမြို့တွင်
တွေ့ဆုံခဲ့ကြောင်း သိရသည်။
စက်တင်ဘာ
၃၀ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် မန္တလေးမြို့၊ ကန်တက်ကုန်းမစိုးရိမ်ကျောင်းတိုက်တွင်
တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆရာတော်က
ဆယ်မိနစ်လောက် သြဝါဒစကားမိန့်ကြားတယ်။ ဦးတင်ဦးအနေနဲ့ကတော့ ထွေထွေထူးထူးပြောကြားသွားတာမရှိဘူး”ဟု
ဆရာတော်ဦးဝီရသူ၏တပည့် ဆရာတော်တစ်ပါးက ပြောသည်။
မန္တလေးတိုင်းဒေသကြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက “နာယကဦးတင်ဦးက အောင်နိုင်ရေးခရီးစဉ်အဖြစ်
မန္တလေးမြို့ကိုရောက်ရှိတာပါ။ မန္တလေးမြို့ကိုရောက်ရှိတဲ့အချိန်မှာ မန္တလေး မဟာအောင်မြေ
ကန်တက်ကုန်းကျောင်းတိုက်ကိုလာပြီး ကန်တက်ကုန်းကျောင်းတိုက်ဆရာတော်ကို သွားရောက်ဖူးမြော်ခဲ့တယ်။
အဲဒီလိုသွားရောက်ဖူးမြော်တဲ့အချိန်မှာ အဲဒီကျောင်းတိုက်ကို ဆရာတော်ဦးဝီရသူလဲ ရောက်ရှိနေတဲ့အတွက်
ဆရာတော်ဦးဝီရသူကိုလည်း ဖူးမြော်ခဲ့တာပါ”ဟု ဒီမိုကရေစီသတင်းစာသို့ ပြောသည်။
“ဆရာတော်က
အင်န်အယ်လ်ဒီကို ငါတို့တိုက်ခိုက်နေတာလည်းမဟုတ်ဘူး။ နှိပ်ကွပ်နေတာလည်းမဟုတ်ဘူး။ ထောက်ပြဝေဖန်သင့်တာကို
ထောက်ပြနေခြင်းဖြစ်တယ်။ အချို့ကိစ္စတွေမှာ တူညီတဲ့သဘောဆန္ဒတွေရှိသလို မတူညီတဲ့ကိစ္စတွေလည်းရှိတယ်လို့
ဆရာတော်ဦးဝီရသူက မိန့်တယ်”ဟု ဦးတင်ထွဋ်ဦးက ဆိုသည်။
ယခုကဲ့သို့တွေ့ဆုံမှုသည်
ပထမဆုံးအကြိမ်အဖြစ်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
1.10.2015
ဒီမိုကရေစီ တူဒေး

No comments:
Post a Comment