Thursday, October 1, 2015

“မန်းတွင် ဦးတင်ဦးနှင့် ဦးဝီရသူတွေ့ဆုံ”




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးနှင့် မဘသ(အထက်မြန်မာပြည်)ဦးဆောင်ဆရာတော် ဦးဝီရသူတို့ တွေ့ဆုံခဲ့ကြကြောင်း မန်းခရိုင် NLD ပါတီထံက သိရသည်။
မန္တလေး စက်တင်ဘာ ၃၀
ကျော်ဝေမင်း
စက်တင်ဘာလ ၃၀ ရက်နေ့၊ ညနေ (၃း၀၀)နာရီကျော်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံချိန်မှာ (၁၅)မိနစ်ခန့်သာ ကြာမြင့်ခဲ့ကြောင်း ၎င်းက ပြောသည်။
“အဘက မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ကြီးကို သွားရောက်ဖူးမြော်ရာကနေ ဦးဝီရသူက တွေ့ဆုံဖို့ ဖိတ်ကြားလာတဲ့အတွက် တွေ့ဆုံဖြစ်သွားတာပါ”ဟု NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သူရဦးတင်ဦးသည် မန်းတိုင်းအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လူထုထံသို့အပ်နှံရန်အတွက် မန္တလေးမြို့သို့ရောက်ရှိနေခြင်းဖြစ်ပြီး စက်တင်ဘာ ၃၀ရက်နေ့တွင် မနော်ရမ္မံကွင်း၌ ဟောပြောမှုပြုလုပ်ခဲ့သည်။
“ဟိုအရင်က ဦးဇင်း ဒေါ်အောင်ဆန်စုကြည် စာအုပ်ရေးကတည်းက ဒကာကြီးနှင့် အဆက်အသွယ်ရှိခဲ့ဖူးပါတယ်။ ဒီနေ့တွေ့တော့လည်း မစိုးရိမ်တိုက်သစ်ကဆရာတော်ဆီ လာဖူးရာမှာ ဆရာတော်က ဦးဝီရသူနှင့်တွေ့ဆုံဖို့ ဒကာကြီးဆန္ဒရှိပါသလားလို့မေးတော့ ဒကာကြီးဘက်က ဝမ်းပမ်းတသာနဲ့ လက်ခံပြီး ဦးဇင်းကိုပင့်ခိုင်းတာပါ။ ဦးဇင်းကလည်း အင်တာဗျူးတစ်ခုရှိနေလို့ နည်းနည်းနောက်ကျမှ ရောက်ခဲ့တယ်”ဟု ဆရာတော်ဦးဝီရသူက မိန့်ကြားသည်။
မဘသဦးဆောင်ဆရာတော် ဦးဝီရသူအနေဖြင့် NLD ထိပ်ပိုင်းခေါင်းဆောင်များနှင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
1.10.2015 မန္တလေးအလင်း

No comments:

Post a Comment