Sunday, October 25, 2015
“အတုမရှိဂျာနယ်၏ ရွေးချယ်မှု”
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၂)
ဦးခင်မောင်ကျော် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)
မကြာမီ ကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများနှင့်စပ်လျဉ်း၍ အတုမရှိ အမျိုးသားရေး သတင်းဂျာနယ်၏ ရွေးချယ်မှုကဏ္ဍ၌ ယခုအပတ် ရွေးချယ်ဖော်ပြမည့်သူမှာ အမရပူရမြို့နယ် မဲဆန္ဒနယ်မှနေ၍ တိုင်းဒေသကြီးလွှတ်တော်(၁) ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည့် ဦးခင်မောင်ကျော်(တစညပါတီ) ဖြစ်သည်။
အတုမရှိဂျာနယ်သည် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင်-
ပါတီကို မကြည့်ပါ။
မူဝါဒကိုသာ ကြည့်ပါသည်။
လူကို မကြည့်ပါ။
အရည်အချင်းကို ကြည့်ပါသည်။
ပုဂ္ဂိုလ်ကို မကြည့်ပါ။
ခံယူချက်၊ ရပ်တည်ချက်၊ ဆောင်ရွက်ချက် များကိုကြည့်ပါသည်။
ဗုဒ္ဓဘာသာကို လေးလေးနက်နက် ယုံကြည်မှုရှိခြင်း၊ ကိုင်းရှိုင်းရိုသေမှုရှိခြင်း၊ သာသနာတော်ထွန်းကားအောင် စွမ်းဆောင်နိုင်ခြင်း၊ အမျိုးဘာသာသာသနာကို ကာကွယ်လိုစိတ်၊ စောင့်ရှောက်လိုစိတ်၊ ချီးမြှောက်လိုစိတ်ရှိခြင်း စသည့်အချက်များနှင့် တိုင်းတာရွေးချယ်ပါသည်။ ထို့အပြင် တိုင်းရင်းသားများကို ချစ်မြတ်နိုးစိတ်ရှိခြင်း၊ အမျိုးသားရေးအန္တရာယ်ကို ရှုမြင်နိုင်စွမ်းရှိခြင်း၊ အမျိုးသားအကျိုးစီးပွားကို သည်ပိုးနိုင်စွမ်းရှိခြင်း၊ နိုင်ငံကိုချစ်မြတ်နိုးခြင်း၊ နိုင်ငံကိုအဘက်ဘက်မှကာကွယ်နိုင်ခြင်း၊ နိုင်ငံ့ဂုဏ်ကို နိုင်ငံတကာမျက်နှာစာ၌ ထည်ထည်ဝါဝါ ခံ့ခံ့ညားညားဖြစ်အောင် စွမ်းဆောင်နိုင်ခြင်း၊ ညီညွတ်မှု၊ မျှတမှု၊ ငြိမ်းချမ်းမှု၊ တန်းတူအခွင့်အရေးရှိမှု၊ တရားဥပဒေစိုးမိုးမှု၊ အသိဉာဏ်ပညာ မြင့်မားမှု၊ ဗဟုသုတပြည့်စုံမှု၊ ကိုယ်ကျင့်တရား ကောင်းမွန်မှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးများကို နှုတ်ဖြင့်မဟုတ်၊ အလုပ်ဖြင့်လက်တွေ့ စွမ်းဆောင် ပြနိုင်ခြင်း စသည်တို့ဖြင့် ချိန်ထိုးပါသည်။
အတုမရှိအမျိုးသားရေးသတင်းဂျာနယ်၏ ရွေးချယ်မှုများတွင် ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်း၊ မသိခြင်းစသော အဂတိတရား ကင်းရှင်းစွာ ပကတိအခြေအနေကို အမြင်ရှင်းရှင်း၊ စိတ်ရှင်းရှင်းဖြင့် တင်ပြထားပါသည်။
မိမိတို့ရွေးချယ်သည့် ကိုယ်စားလှယ်သည် မိမိတို့ သတ်မှတ်ထားသော မူဝါဒများနှင့် ကိုက်ညီမှု၊ ရှိ-မရှိဆိုသည်ကို စာရှုသူများ အနေဖြင့် အဆိုပါကိုယ်စားလှယ်၏ဖြေကြား ပြောဆို ဆောင်ရွက်ချက်များကို ကြည့်ရှု အကဲခတ်နိုင်ပါသည်။
ယခုအပတ်တွင် အမျိုးသားရေးဝါဒီ၊ ပရဟိတသမား၊ နိုင်ငံရေးအစဉ်အလာနှင့် နောက်ခံ သမိုင်းကောင်းများ ပြည့်စုံသော တစညပါတီကိုယ်စားပြု အမရပူရမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်ကျော်ကို အနာဂတ်ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ထားပါသည်။
အမျိုး၊ ဘာသာ၊ သာသနာကိုစောင့်ရှောက် ကာကွယ်နိုင်စွမ်းရှိသော လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်းမှ နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ကြပါစေဟု ဆန္ဒပြု တင်ပြလိုက်ရပါသည်။ အယ်ဒီတာအဖွဲ့
ဦးခင်မောင်ကျော်
(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)
ဦးခင်မောင်ကျော်ကို မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ်၊ လေးစုရပ်တွင် အဘ - ဦးလှမောင်၊ အမိ-ဒေါ်ထားခင်တို့မှ ၁၃-၄-၁၉၅၅ ခုနှစ်၌ မွေးဖွားခဲ့သည်။
တက္ကသိုလ်ဝင်တန်းအထိသာ အမရပူရ မြို့ လေးစုရပ်ရှိ အမျိုးသားကျောင်း (နေရှင်နယ် ကျောင်း၊ ယခု အမရပူရ အထက)၌ ပညာဆည်းပူးခွင့်ရရှိခဲ့သည်။ တက္ကသိုလ်ဝင်တန်း ကို (ခ)အဆင့်ဖြင့် ၁၉၇၂-၁၉၇၃ခု ပညာသင်နှစ်တွင် အောင်မြင်ခဲ့သည်။
မိဘများမှ ယက္ကန်းပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းဖြင့် အသက်မွေးကြသော်လည်း ဦးခင်မောင်ကျော်မှာ တောင်သူအဖြစ် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို ယနေ့ အချိန်အထိတိုင် ဆောင်ရွက်နေသူ ဖြစ်ပါသည်။
၁၉၇၅ခုနှစ်တွင် အမရပူရမြို့နေ ဦးဘလွင် ဒေါ်ခင်မြိုင်တို့၏ တစ်ဦးတည်းသောသမီး ဖြစ်သူ ဒေါ်ခင်ဝေနှင့် အိမ်ထောင်ကျခဲ့သည်။ ယခုအခါ သားသမီး(၈)ဦးမွေးဖွားခဲ့ပြီး သား၊ သမီးများအားလုံးအား ခေတ်ပညာတတ် ဘွဲ့ရ လူငယ်များ၊ ဘာသာ၊ သာသနာချစ်စိတ် ရှိသူများ၊ ပရဟိတလုပ်ငန်းများတွင် အလေ့ထုံ ဝါသနာပါသူများအဖြစ် ပြုစုပျိုးထောင်ပေး ခဲ့သူဖြစ်သည်။
ဦးခင်မောင်ကျော်၏ အဖေ (ယောက္ခမ) ဖြစ်သူ ဦးဘလွင်မှာ ထိုခေတ်အချိန်ကာလ များက နိုင်ငံရေးလှုပ်ရှားမှုများတွင်ပါဝင် ဆောင်ရွက်ခဲ့သူဖြစ်သည်။ နိုင်ငံရေးအသိ၊ အမြင်ကြွယ်ဝသလို၊ အမရပူရမြို့မှ မြသိန်းတန် ဆရာတော်ကြီး၏ အန္တေဝါသိကတပည့်အရင်းအဖြစ် ဆရာတော်ကြီး၏ မေတ္တာရိပ်၌ခိုလှုံလျက် ဆရာတော့်အား ဝိုင်းဝန်းကူညီ ပါရမီဖြည့် ဆည်းပေးနေသူဖြစ်ပါသည်။
မြသိန်းတန် ဆရာတော်ကြီး၏ လွတ်လပ်ရေးရရှိရေးကြိုးပမ်းမှုကာလများနှင့် လွတ်လပ်ရေး ရပြီးစကာလများအထိ အမရပူရမြို့နယ်တွင် ဒကာ၊ ဒကာမများ၏ အထူးကြည်ညိုမှုကို ရရှိတော်မူပြီး ဆရာတော်ဘုရား၏ သီလ ဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်များကြောင့် အကြောင်းကြီးငယ်ရှိတိုင်း ရပ်ရွာက အားကိုး တကြီးလာရောက် သြဝါဒခံယူရသူဖြစ်သည်။ ရပ်ရေးရွာရေး၊ နိုင်ငံရေးနှင့်ပတ်သက်၍ ဆရာတော်ကြီး၏ အဓိကအတိုင်ပင်ခံ အကြံပေးသူမှာ ဦးဘလွင်ဖြစ်သည်။
သားသမီးပါးရှားသော ဦးဘလွင်မှာ သမက်ဖြစ်သူ ဦးခင်မောင်ကျော်ကို လွန်စွာ ချစ်ခင်သည်။ သားအရင်းအဖြစ်သတ်မှတ်၍ နိုင်ငံရေးအသိ၊ နိုင်ငံရေးအမြင်၊ ဘာသာရေး အသိ၊ ဘာသာရေးအမြင်များကို နှလုံးသားထဲ ရောက်သည်အထိ ပုံသွင်းထုဆစ်ပေးခဲ့သူ ဖြစ်သည်။
ဦးခင်မောင်ကျော် လူလားမြောက်သော ကာလမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက နိုင်ငံ့တာဝန်ထမ်းဆောင်စဉ် ကာလများဖြစ်သည်။ ထိုစဉ်က ''အညမညသဘောတရားများ'' စာအုပ်ကို ယောက္ခမဖြစ်သူ ဦးဘလွင်သည် တစ်ပိုဒ်ခြင်း၊ တစ်လုံးခြင်းမှအစ ရှင်းလင်း သင်ကြားပေးခြင်းဖြင့် ဦးခင်မောင်ကျော်ကို ''နိုင်ငံရေးပိုး'' သွတ်သွင်းပေးခဲ့သည်။ သဘော တရားများကို ကြေညက်စေခဲ့သည်။
ဤသို့ဖြင့် ဦးခင်မောင်ကျော်တစ်ယောက် နိုင်ငံရေးလောကထဲ စတင်ရောက်ရှိလာသည်။ ၁၉၇၅ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီသို့ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် အဖြစ်စတင်ဝင်ရောက်ခဲ့သည်။ ကျောင်းနေ စဉ်ကာလများက ကျောင်းကောင်စီတွင် ငါးတန်းမှ ဆယ်တန်းအထိ နှစ်စဉ်နှစ်တိုင်း ပါဝင်ဝင်ဆောင်ရွက်ခဲ့သော အတွေ့အကြုံ များက ဦးခင်မောင်ကျော်ကို ခေါင်းဆောင်ငယ် တစ်ဦးအဖြစ်သို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ သည်။ အရန်ပါတီဝင်၊ တင်းပြည့်ပါတီဝင် အဖြစ်မှ ပါတီစိတ်မှူးအထိ တာဝန်များအဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။ ပါတီမှဖွင့်လှစ် ပို့ချသော သင်တန်းများတက်ရောက်ခြင်းဖြင့် နိုင်ငံရေးအသိအမြင်များ မြင့်တက်ခဲ့သည်။
ထို့နောက် ၁၉၈၈ခုနှစ်မဆလပါတီအား တစညပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ချိန် တွင်လည်း သစ္စာမပျက်မယွင်း ပါတီ့တာဝန်များကို ဆက်လက်ထမ်းဆောင်သူ လူနည်းစုထဲတွင် ဦးခင်မောင်ကျော်မှာ ထိပ်တန်းမှ ပါဝင်ခဲ့သည်။
''အဲ့ဒီခေတ်၊ အဲ့ဒီကာလတုန်းက ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားကြသူတွေဟာ ဒီပါတီတစ်ခုတည်းရဲ့ အရိပ်အာဝါသအောက်မှာ နေကြသူတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အပြောင်းအလဲတွေ ဖြစ်ခဲ့တဲ့အခါမှာလည်း ဒီလူတွေကပဲ အမနာပပြောဆိုကြ၊ ဝေဖန်ကြတာတွေ့ရတော့ စိတ်ထဲမှာ ဒီကနေ့အထိ မကောင်းပါဘူး''ဟု သူကဆိုပါသည်။
''ခေတ်ကာလ အခြေအနေအရ ပါတီ ထဲကို ဝင်ခဲ့တာ မဟုတ်ပါဘူး။ အဖေ (ယောက္ခမ) ဖြစ်သူရဲ့ သွန်သင်မှုတွေကြောင့် ကောင်းမွန်တဲ့ သဘောတရားတွေ ဒီပါတီမှာ ရှိတယ်ဆိုတာ သိရပြီး ပြည်သူတွေအတွက် ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ခဲ့လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှာ ဝင်ရောက်ခဲ့တာပါ'' ဟု သူက ဆက်ပြောသည်။
''အခု မျက်မှောက်ကာလ နိုင်ငံရေး အခင်းအကျင်းတွေမှာပဲ ကြည့်ပါ။ ၁၉၉ဝ ရွေးကောက်ပွဲ၊ ညောင်နှစ်ပင်ညီလာခံ၊ ဟော အခု လွှတ်တော်အသီးသီး ကျွန်တော်တို့ပါတီက မွေးထုတ်ပေးလိုက်တဲ့ ကေဒါတွေက ဦးဆောင်အခန်းကဏ္ဍကနေ ဒီကနေ့အထိ တိုင်းပြည်ကို အကျိုးပြုနေပါတယ်။ ဘယ်သူတွေ ဘယ်လိုပြောပြော ဒါဟာသမိုင်းမှတ်တိုင်ပါပဲ'' ဟု ပြောသည့် ဦးခင်မောင်ကျော်၏ မျက်နှာ ပြင်ပေါ်ဝယ် ကြည်နူးမှု၊ တိုင်းပြည်တာဝန် ပါဝင်ထမ်းဆောင်နိုင်သူများအတွက် ဂုဏ်ယူမှု အပြည့်ဖြင့်ဖြစ်သည်။
ဦးခင်မောင်ကျော်မှာ ပါတီမှသွန်သင်လေ့ကျင့်ပေးမှုများကို ဂရုပြု သင်ယူခဲ့သူဖြစ်သဖြင့် ရွေးကောက်ပွဲအတွက် ပြင်ဆင် ရာတွင် စနစ်တကျ ဆောင်ရွက်ထားသည်ကို တွေ့ရသည်။ မိမိတို့အဖွဲ့ သိလိုသမျှမေးမြန်း မှုများကို လိုအပ်သော အထောက်အထား စာရွက်စာတမ်းများဖြင့် စနစ်တကျရှင်းလင်း ပြောကြားပြနိုင်သည်ကို တွေ့ရသည်။
ပါတီမူဝါဒ၊ ပါတီလမ်းစဉ်အားရှင်းပြရာတွင် တစညပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းကို အကိုးအကားပြုသည်။ ထိုအတိုင်း ဆောင်ရွက်နိုင်အောင် ကြိုးပမ်းမည်ဟု ပဋိညာဉ်ခံသည်။ သူ့မျက်နှာဝယ် ယုံကြည်မှုတို့က ပြည့်လျမ်းလွန်ကဲနေသည်။
ဖြတ်သန်းခဲ့သော ခေတ်ကာလများကို သုံးသပ်ပြမှုများတွင် စိတ်ပျက်အားငယ်မှုများ၊ အားမလိုအားမရဖြစ်မှုများကို တွေ့ရသည်။
'' ကျန်တဲ့ခေတ် ကျန်တဲ့အချိန်တွေကို မပြောချင်ပါဘူးဗျာ။ ကျွန်တော်တို့ပါတီ နိုင်ငံ့တာဝန် ထမ်းဆောင်စဉ်မှာ မူတွေကောင်းပေမယ့် လူတွေမကောင်းလို့ ခေတ်ပျက်နဲ့ ကြုံခဲ့ရတာ''ဟုဆိုသည်။
မျက်မှောက်ခေတ်ကို သုံးသပ်ပြရာတွင် ''ကောင်းလာတယ်လို့ ပြောရမလား။ ပိုဆိုး သွားတယ်လို့ ပြောရမလား။ ဘယ်ဘက်က အားသာတယ်ဆိုတာ ပြည်သူတွေအမြင်ပဲလေ။ ဘာပြောစရာ လိုမှာလဲ။ အကျင့်ပျက် ခြစားမှုနဲ့ ဆင်းရဲမွဲတေမှုသံသရာမှာလည်နေမှတော့.... မပြောချင်တော့ပါဘူးဗျာ''ဟု မချိတင်ကဲ ဆိုသည်။
ဒါဆိုရင် အာဏာရှင်အစိုးရလက်ထက်က ဆိုးမွေတွေကို ''ဒီအစိုးရအထိ ဆက်ခံနေရတာလို့ဆိုရင်ရော''ဟု မေးမြန်းရာ''ခင်ဗျားတို့ မြင်တတ်တယ်ဗျ''ဟု ဖြေသည်။
နိုင်ငံရေးဆိုသော စကားလုံးကိုခွဲခြား သုံးသပ်ဝေဖန်ရာတွင် ဦးခင်မောင်ကျော်က ''အမျိုးသားနိုင်ငံရေး''နှင့် ''ပါတီနိုင်ငံရေး'' ဟူ၍ နှစ်ပိုင်းကို ခွဲခြမ်းစိတ်ဖြာပြသည်။ သို့သော် အပြန်အလှန် အထောက်အကူပြု နေသည့်အချက်များကိုလည်း ရှင်းပြသည်။
ဒါ့ကြောင့် အပိုင်းအလိုက်သဘောကျ နှစ်သက်မှုများကို ရှင်းပြရာတွင်-
''အမျိုးသားနိုင်ငံရေးဟာ တိုင်းပြည်အတွက် ပဓာနကျတယ်။ ဒါလူတိုင်း၊ လူတိုင်းလုပ် သင့်တဲ့အရာပဲဖြစ်တယ်။''
''အမျိုးသားနိုင်ငံရေးမှာ ကျွန်တော်တို့ အားကိုးယုံကြည် စံပြုထိုက်သူကတော့ ဆရာတော်ဦးဝီရသူပါပဲ။ ဘာလို့လည်းဆိုတော့ ဆရာတော်ဟာ အများအကျိုး၊ အထူးသဖြင့် ဘာသာ၊ သာသနာနဲ့ လူမျိုးအကျိုးကို အသက် ကိုပဓာနမထားဘဲ ဆောင်ရွက်တာတွေကို ယုံကြည်တယ်၊ လေးစားတယ်၊ အားကျတယ်။ ဒါကြောင့် ကျွန်တော် အမျိုးသားနိုင်ငံရေးနဲ့ ပတ်သက်ရင် ဆရာတော်ဦးဝီရသူကို စံပြုထိုက်တဲ့ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားပါတယ်''
''ပါတီနိုင်ငံရေးမှာ ကျွန်တော်လေးစား စံပြုတာကတော့ ကျွန်တော်တို့ ပါတီရဲ့ အမြုတေ၊ ဥက္ကဋ္ဌကြီး ဦးနေဝင်းပါပဲ။ သူဟာ တိုင်းပြည် မတည်မငြိမ်ဖြစ်နေတဲ့ လွတ်လပ်ပြီးစ ရန်ကုန်အစိုးရလို့ အခေါ်ခံရတဲ့ အခြေအနေကို တည်ငြိမ်အေးချမ်းအောင် အစွမ်းကုန်ဆောင်ရွက် နိုင်ခဲ့တာနဲ့ကို ကျွန်တော် စံပြုပါတယ်။ ပါတီရဲ့မူဝါဒ၊ သဘောတရား၊ ပြည်သူ့အပေါ်ထားတဲ့ စေတနာ ဒါတွေကို သေသေချာချာလေ့လာကြည့်ပါ။ သူ့ရဲ့ စိတ်စေတနာကို ထင်ထင်ရှားရှားမြင်ရမှာပါ။''
မဆလပါတီ ပြိုလဲခဲ့ခြင်းနှင့်စပ်လျဉ်း၍ ''မူတွေဘယ်လောက်ကောင်းကောင်း လူတွေ မကောင်းရင် ပျက်စီးတာပါပဲ။ သင်္ခါရသဘော ကို မလွန်ဆန်နိုင်တာ လောကဓမ္မတာပါပဲ'' ဟု ဆိုပါသည်။
လက်ရှိနိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍ လွှတ်တော်များကို သူသုံးသပ်ပုံက ''ပါတီစုံလုပ်တယ်၊ လွှတ်တော်တွေ ဖွဲ့တယ်၊ ၂ဝ၁၂ မှာ မြန်မာ့အခင်းအကျင်းဟာ ပါတီတွေနဲ့ အသက်ဝင်လာမယ်လို့ မျှော်လင့် ခဲ့တယ်။ တိုင်းပြည်ပိုကောင်းအောင် လုပ်နိုင်မလားလို့ ထင်ခဲ့မိတယ်။ ဒါပေမယ့်.... ခင်ဗျားတို့ အခုအမြင်ပဲလေ။ ပညာတတ်တွေ၊ ပညာတတ်တွေဆိုတာ ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ၊ နိုင်ငံရေးဗိသုကာလို့ ခေါ်နေတဲ့သူတွေ လွှတ်တော်သက်တမ်း ငါးနှစ်ပြည့်တော့မယ် ကျွန်တော်အမြင်တော့ ပြည်သူကို ထိထိရောက်ရောက် တသသကျန် နေမယ့်ဥပဒေဆိုလို့ တစ်ခုတစ်လေလောက်ပဲ မြင်တယ်။ ဘာတွေ ဘယ်လို လုပ်နေကြသလဲ၊ ဘယ်လို စီမံဆောင်ရွက်နေကြသလဲဆိုတာ ပြည်သူအသိမို့ ရှင်းပြစရာမလိုတော့ပါဘူး။''
''မူဘယ်လောက်ကောင်းကောင်း လူမကောင်းရင် ချုပ်ငြိမ်းတယ်ဆိုတဲ့ သမိုင်းသင်ခန်းစာကောင်းက လတ်လတ်ဆတ်ဆတ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် ချစ်လို့နေရာပေးနေကြတုံးပဲ။ ဒါကောင်းလာနိုင်ပါ့မလား။ သံသယမဟုတ်ဘူး။ ကြည့်ကြည့်ပါ။ မြင်နိုင်ပါတယ်''ဟု လက်ရှိအခြေအနေကို သုံးသပ်ပြသည်။
''အသွင်ကူးပြောင်းဆဲကာလမို့ အချိန်ယူရမှာကို နားလည်ပေးမယ့် ပြည်သူတွေက ဆင်းရဲဒုက္ခရောက်နေပြီလေ။ ဒီတော့ မြန်လေကောင်းလေပေါ့''ဟု ဆက်လက်ရင်ဖွင့်သည်။
တပ်မတော်အပေါ် ထားရှိသော သူ့ သဘောထားက ရှင်းသည်။ ခေတ်မီတပ်မတော် ဖြစ်ဖို့ လက်ခံသည်။ အတိုင်းအတာတစ်ခုအရ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုကို အပြစ်မမြင်သော်လည်း ရှည်ကြာလေးမြင့်စွာ နိုင်ငံရေးနယ်ပယ်တွင် ရှိနေမှုကိုတော့ မနှစ်သက်ပေ။ အာဏာ၏ ယစ်မူးတတ်သော သဘောကို ရှင်းပြ၏။ အကျိုး-အပြစ်ကို ဆင်ခြင်ပြ၏။
''ခေတ်မီတဲ့ ပြည်သူချစ်သော တပ်မတော် ဖြစ်စေချင်တာ ကျွန်တော့်ဆန္ဒပါ။ ဒါ့ကြောင့် အခြေအနေတစ်ခုမှာအနိုင်နဲ့ပိုင်းပြီး တပ်မတော်ဂုဏ်ကို မြှင့်နိုင်အောင် ကြိုးစားကြပါ''ဟု တိုက်တွန်းစကားဆိုသည်။
အနာဂတ် နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍ ၂ဝ၁၅အလွန် မြန်မာ့အခြေအနေကို ပြည်သူအား အကျိုးပြုနိုင်သူများ အားလုံးပါဝင်ခွင့်ရသော၊ တိုင်းပြည်အခြေအနေကို တည်ငြိမ်အေးဆေးစေမည့် ညွန့်ပေါင်းအစိုးရ ပေါ်ပေါက်လာရန် မျှော်လင့်ထားကြောင်း ပြောကြားသည်။ အတ္တများကိုဘေးဖယ်၍ ပရအကျိုးကို ရှေ့တန်းတင်သူများအား နေရာပေးကြစေလိုသည်ဟု အာသီသပြုသည်။
၄၃၆၊ ၅၉(စ)တို့နှင့်ပတ်သက်၍ အသံကျယ်လောင်လွန်းနေသော ရွေးကောက်ပွဲကြိုကာလတွင် သူ့အမြင်က တစ်မျိုးဖြစ်သည်။
''ညောင်နှစ်ပင်တုန်းက ကလေးလို စိတ်ကောက်ပြီး ထွက်လာခဲ့တာ ဘယ်သူတွေလဲ။ အဲ့ဒီအချိန်တုန်းက သဘောထားကြီးကြီးထား၊ တိုင်းပြည်အကျိုးကိုသာတွေးပြီး ဝိုင်းဝန်းဆွေးနွေးအဖြေရှာခဲ့ရင် ဒီနေ့ ဒီလိုအခြေအနေတွေကို ဖြေရှင်းနေရမှာမဟုတ်ဘူး''ဟု သူက ဆိုသည်။
''နောက် လူထုခေါင်းဆောင်၊ လူထုခေါင်းဆောင်ဆိုပြီး ပြောနေကြတယ်။ လူထုဆိုတာ ဒီတိုင်းပြည်ထဲမှာနေတဲ့သူတွေအားလုံးရဲ့ ခေါင်းဆောင်၊ ဗိုလ်ချုပ်အောင်ဆန်းလိုလူ။ အခုတော့ ဒီလိုအခြေအနေလား။ သေချာတာ ကျွန်တော်တို့ မကြိုက်ဘူးဗျာ။ ကျွန်တော့်လိုလူတွေ အများကြီးရှိတယ်ဗျာ။ ဒီတော့ လူထုခေါင်းဆောင်ဆိုတဲ့ ပြည့်စုံတဲ့ အဓိပ္ပာယ်သက်ရောက်မှု ရှိပါ့မလား။''ဟု ပြန်လှန်မေးခွန်းထုတ်သည်။
''ကျွန်တော်က ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ အတိတ်တို့ နိမိတ်တို့ကိုလည်း ယုံကြည်ပါတယ်။ ရှေးထုံးပယ်ရင် လွဲတတ်တယ် မဟုတ်လား။ ပါတီတွေ စည်းရုံးပါ။ ကြိုက်သလို စည်းရုံးပါ။ ဒါပေမယ့် အတိတ်နိမိတ် မကောင်းတာတွေနဲ့တော့ မလုပ်စေချင်ဘူး။ ကြည့်လေ 'တောင်ပြိုကမ်းပြို ဖြစ်ရမယ်' ဆို။ အခု အဲ့လို ဖြစ် မဖြစ်တော့ မသိဘူး။ မြေပြိုတာတော့ သေချာတယ်။''
ရဟန်း သံဃာများ နိုင်ငံရေးတွင် ပါဝင် ပတ်သက်မှုနှင့် စပ်လျဉ်း၍-
''အခု ကျယ်ကျယ်လောင်လောင် ကြားနေ ရတာရှိတယ်။ ဘုန်းကြီးတွေ ဘုန်းကြီးအလုပ် ဘုန်ကြီးမလုပ်ဘူး ဆိုပြီး အပြစ်တင်နေကြတယ်။ အဲ့ဒီသူတွေပဲ ၈၈တို့၊ ရွှေဝါရောင်တို့တုန်းက ဒို့ဘုန်းဘုန်း၊ ပြည်သူ့ဘုန်းဘုန်း လုပ်ခဲ့ကြတာပဲ။ အခုမှသာ...။ သမိုင်းကိုပြန်ကြည့်ပါ။ မြန်မာ့လွတ်လပ်ရေးရတာ ဦးဝိစာရတို့ ဦးဥတ္တမတို့ဆိုတဲ့ သံဃာတော် တွေရဲ့ကျေးဇူး ဘယ်လောက်ကြီးသလဲဆိုတာ တွေ့ရမှာပါ။ ကျေးဇူးရှိသူကို ကျေးစွပ်ရင် ဘယ်သူတွေပဲ နစ်နားမလဲလို့ မေးလိုက်ချင်ပါတယ်။''ဟု ဆိုသည်။
အမျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ မေးမြန်းရာတွင် ''တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့ ဥပဒေပါဗျာ။ ဘာလို့လဲသိလား။ ကျွန်တော့်မှာ သမီးကလေးတွေရှိတယ်။ သူတို့အနာဂတ်ကို ထိန်းသိမ်းဖို့ စောင့်ရှောက်ဖို့ ဒါက ဘယ်လောက်အကျိုးပြုသလဲ။ အသိသာကြီး။ ဒါ့ကြောင့် ကျွန်တော်ကတော့ အပြည့်အဝ ထောက်ခံပါတယ်''ဟု ပြောကြားသည်။
ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် သက်ဆိုင်သမျှ မေးမြန်းကြည့်ရာတွင်-
''အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ အမျိုး၊ ဘာသာချစ်တဲ့သူတွေ၊ တိုင်းပြည်ချစ်တဲ့သူတွေ အားပေးကြမှာပါ။ လူမှုဒုက္ခကင်းဝေးစေဖို့ တစညကို မဲပေးစို့ လို့ တိုက်တွန်းပါရစေ။''ဟု ပြောပြသည်။
ဦးခင်မောင်ကျော်သည် ပရဟိတသမားတစ်ဦးဖြစ်သည်။ သူ့ဦးဆောင်တည်ထောင်ခဲ့သည့် မေတ္တာမြင်းမိုရ် လူမှုတွဲလက်များ လူမှုကူညီရေးအသင်းသည် အမရပူရမြို့နယ်အတွင်းသာမက မန္တလေးမြို့ဆင်ခြေဖုံးဒေသ များအထိ ပြည်သူများက အားကိုးအားထား ပြုနေကြရသော အသင်းတစ်ခုဖြစ်သည်။
ထို့ပြင် သူသည် အမရပူရမြို့ မဘသ အဖွဲ့တွင်လည်း အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်။
ပွင့်လင်းမြင်သာမှုအပြည့်ဖြင့် ခေတ်ကိုသုံးသပ်ပြသည်။ လူပုဂ္ဂိုလ်ချင်းမလိုမုန်းတီးမှု မရှိ။ တိုင်းပြည်ကောင်းဖို့အရေးသာ ရှေ့တန်းတင်သော သူ့စေတနာကို အောက်ပါစကားရပ်များက သက်သေခံလျက်ရှိပါသည်။
''ကျွန်တော်တို့မြို့နယ်မှာ တိုင်းဒေသကြီး ဝင်အရွေးခံမယ့်သူ လေးယောက်ရှိတယ်။ NlDက ဒေါက်ဇော်မြင့်မောင်၊ ပြည်ခိုင်ဖြိုးက ဦးမိုးနိုင်ကျော်၊ ဒီမိုကရက်တစ်(မြန်မာ)က ဒေါ်မျိုးမျိုးထိုက်တို့ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီတွေနဲ့တွေ့တော့ အစည်းအဝေးမှာ ကျွန်တော်ပြောပါတယ်။ ကိုယ့်ညီရင်းအစ်ကို မောင်ရင်းနှမလို အားလုံးကိုသဘောထားပါတယ်။ ဘယ်သူဘယ်ဝါပဲ ရွေးချယ်ခံရသည်ဖြစ်စေ မိမိတို့ဒေသကောင်းအောင်လုပ်ကြမယ်။ ဒီလိုပဲ ပြောခဲ့ပါတယ်။
ဘာသာရေး၊ သာသနာရေး၊ ဒေသအရေး များတွင် စွမ်းနိုင်သမျှ ဆောင်ရွက်နေသူ ဦးခင်မောင်ကျော်တစ်ယောက် ၂ဝ၁၅ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ရာတွင် အောင်နိုင်ပါစေ။ ပြည်သူများအား ပေးထားသောကတိ ကဝတ်များ တည်မြဲစွာ သတိတရ ဆောင်ရွက်ပေးနိုင်ပါစေ။ ဒေသအကျိုး၊ ပြည်သူ့အကျိုးပြု အမတ်ကောင်းတစ်ယောက် ဖြစ်ပါစေဟု ဆန္ဒပြုတင်ပြလိုက်ရပါသည်။
အယ်ဒီတာအဖွဲ့
အတုမရှိ
အမျိုးသားရေးသတင်းဂျာနယ်
Subscribe to:
Post Comments (Atom)




No comments:
Post a Comment