Saturday, October 10, 2015

“ဟောင်ပါးအုပ်စုလုံးဆိုင်ရာ အမျိုးစောင့်ဥပဒေ အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲကျင်းပ”


၁၃၇၇ ခု၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ ၅-၁ဝ-၂ဝ၁၅ ရက်နေ့တွင် ဟောင်ပါးကျေးရွာ သီရိရတနာကျောင်းတိုက်တွင် ဟောင်ပါးအုပ်စုလုံးဆိုင်ရာ မဘသ ဦးဆောင်၍ အမျိုးစောင့်ဥပဒေ အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲကို အခမ်းအနား အစီအစဉ် ၁၅ ရပ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားမစတင်မီ ယင်းနေ့ နံနက် ၉ နာရီအချိန်တွင် အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြသော ရဟန်းရှင်လူ ပြည်သူများက အမျိုးစောင့်ဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီဖြစ်သည့်အတွက်ကြောင့် ဝမ်းမြောက်ဂုဏ်ယူစွာ စီတန်း လှည့်လည် အောင်ပွဲခံခဲ့ကြသည်။
စီတန်းလှည့်လည်ရာတွင် ရှေ့ဆုံးမှ အမျိုးစောင့်ဥပဒေအောင်ပွဲ ဆိုင်းဘုတ်နှင့်အတူ သာသနာ့အလံကိုင်များ၊ ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ပင့်ဆောင်လာသောကားနှင့် သာသနာ့အလံတော်များ၊ နိုင်ငံတော်အလံကိုင်များ၊ ယင်းနောက် ရဟန်းသံဃာတော်များ၊ သီလရှင်ဆရာကြီး ဆရာလေးများ၊ မျိုးချစ်ပြည်သူများ၊ ကျောင်းသူကျောင်းသားများ စသည်ဖြင့် လိုက်ပါခဲ့ကြပြီး အိုစည်ဗုံမောင်းနှင့် ဘင်ခရာအဖွဲ့များကလည်း ဖျော်ဖြေသီဆိုခဲ့ကြကြောင်း သိရသည်။
အမျိုးစောင့်ဥပဒေအောင်မြင်မှုအတွက် မဘသ(ဗဟို) အင်းစိန်(ရွာမ) ဆရာတော်ဘုရားကြီးနှင့် သီတဂူဆရာတော်ဘုရားကြီးတို့၏ ဗီနိုင်းပုံများ၊ အရှင်ဝီရသူ(မစိုးရိမ်)စသည့်ဆရာတော်များ၏ ဗီနိုင်းပုံများ၊ နိုင်ငံတော်သမ္မတကြီးနှင့် လွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်တို့၏ ဗီနိုင်းပုံများကို ကိုင်ဆောင်ပြီး စီတန်းလှည့်လည်ခဲ့ကြခြင်း ဖြစ်သည်။
နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို စတင်ဖွင့်လှစ်၍ တာမခန်ဆရာတော် ဘဒ္ဒန္တမဏ္ဍလ က သီလတရားချီးမြှင့်ပြီး ဘုရားတောင်ဆရာတော် ဘဒ္ဒန္တကေလာသမှ သြဝါဒကထာ မိန့်ကြားခဲ့သည်။

၎င်းနောက် ဘင်ခရာအဖွဲ့နှင့်အတူ နိုင်ငံတော်အလံအား အလေ့ပြုအပြီးတွင် မခိုင်ဇင်ကျော်နှင့်အတူ ဇာတိမာန် သီချင်းကို သံပြိုင် သီဆိုခဲ့ကြသည်။
ဤအခမ်းအနားသို့ ပေးပို့ထားသော မဘသ ဗဟို ဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသ၏ သဝဏ်လွှာကို ဟောင်ပါးအုပ်စုလုံးဆိုင်ရာ မဘသ ဟွေ့ဆိုင်းဆရာတော် ဘဒ္ဒန္တသုမနမှ ဖတ်ကြားကာ အမျိုးစောင့်ဥပဒေ ဂုဏ်ပြုတေးသီချင်းဖြစ်သော အောင်ပွဲနှင့်အတူ သီချင်းဖြင့် မခိုင်ဇင်ကျော်က သီဆိုဖျော်ဖြေခဲ့သည်။
အမျိုးစောင့်ဥပဒေနှင့်စပ်လျင်း၍ သိကောင်းစရာများကို ဟောင်ပါးအုပ်စုလုံးဆိုင်ရာ မဘသ သီရိရတနာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတမှ ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး အမျိုးစောင့်ဥပဒေ အောင်မြင်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုပွဲအတွက် ဝမ်းမြောက်စကားကို ဦးညီညီမင်း (တာမခန်)မှ ပြောကြားသည်။
ဖားကန့်မြို့ မြို့ဦးပရိယတ္တိကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တသီလာစာရက နိဂုံးချုပ် သြဝါဒကထာ မိန့်ကြားခဲ့ပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် သံပြိုင်ရွတ်ဆိုခြင်း၊ အမျိုးစောင့်ဥပဒေ အောင်ပြီ အောင်ပြီ ဟု သံပြိုင်ဟစ်ကြွေး၍ အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။


ကျွန်းပြန်ဘသောင်း

















No comments:

Post a Comment