(၁)
ကျွန်တော့်မှာ
ချစ်သူတစ်ယောက်ရှိခဲ့တယ်။
ပေးဆပ်ရုံသက်သက်ပဲ
သူ့ကိုချစ်ခဲ့တာ။
ကျွန်တော်ဟာ
သူ့အတွက် ဘာမှမဟုတ်ခဲ့ပေမယ့်
ကျွန်တော့်အတွက်တော့
မဟာစွန့်စားခန်းကြီးတစ်ခုပါပဲ။
မိဘတွေနှင့်
အတိုက်အခံလုပ်ပြီး ချစ်ခဲ့ရတာပါ။
(အဖေ အမေထက်တောင်
ပိုချစ်ခဲ့ရသူပေါ့)
အဲလို ပေးဆပ်ရလောက်အောင်လည်း
သူဟာ အမှန်တကယ်
ချစ်စရာကောင်းခဲ့သူပါ။
(၂)
ကျွန်တော်ဟာ
မချစ်သူတစ်ယောက်နှင့် လက်ထပ်ခဲ့ပါတယ်။
မိဘတွေကို
မလွန်ဆန်နိုင်လို့ပါ။
နှလုံးသားမပါတဲ့
ကျွန်တော့်အိမ်ထောင်ရေးဟာ
အခုတော့ နွေးထွေးလုံခြုံတဲ့
ချမ်းမြေ့ဂေဟာလေး ဖြစ်နေပါပြီ။
(၃)
ဦးနှောက်နှင့်
နှလုံးသား
ဝေဒနာနှင့်
ဒေတာ
လွန်ဆွဲကြတဲ့အခါမျိုးမှာ
ဦးနှောက်နှင့်
ဒေတာဟာ
ဘဝတစ်ခုအတွက်
အာမခံချက်
အပြည့်အဝ ပေးနိုင်တယ် ဆိုတာကို
ဒုတိယချစ်သူက
သက်သေပြခဲ့ပြီ။
(၄)
ပထမချစ်သူကိုလည်း
မေ့မေ့ပျောက်ပျောက်
ဖြစ်သွားခဲ့ပါပြီ။
(၅)
ကျွန်တော်လိုအပ်နေတာက
ဇနီးကောင်း၊
အိမ်ရှင်မကောင်း၊
မိခင်ကောင်းတစ်ယောက်
မဟုတ်လား။
(နိုင်ငံရေးဒဿနဖြစ်ပါသည်)
ဝီရသူ (မစိုးရိမ်)
12.10.2015
PM-12:30

No comments:
Post a Comment