Friday, October 16, 2015

“အတုမရှိဂျာနယ်၏ ရွေးချယ်မှု"


 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(၂)

ဒေါ်နွယ်နီဦး၊ ၁၉၈၂ခုဖွား၊ မန္တလေး၊ မဟာအောင်မြေမြို့နယ်ဇာတိ၊ ဦးသိန်းဇံ+ ဒေါ်ခင်သန်းနွယ်။ ဆိုးဆေးနှင့် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း။
အလက (၇)၊ အထက (၁၄)၊ UFL(M) နိုင်ငံခြားဘာသာတက္ကသိုလ်၊ ကိုရီးယား (B.A Korean) ၂ဝဝ၅၊ MPA ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့ ၂ဝ၁ဝ ဘွဲ့များရရှိခဲ့။
ဒေါ်နွယ်နီဦးက အသက် ၃၃ နှစ်ရှိ ပါပြီ။ ၂ဝဝ၁-၂ဝဝ၂ ခုနှစ်ကတည်းက အမျိုးသားရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့သူပါ။ တက္ကသိုလ် ကျောင်းသူ ကျောင်းသားများ စည်းဝေးဆွေးနွေးခြင်း၊ ဆရာတော်များထံမှ သြဝါဒခံယူခြင်း၊ ဆရာတော်များအား အကြံပြု လျှောက်ထားခြင်းများဖြင့် လူငယ်လူရွယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး တွေမှာ အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ပါဝင် ခဲ့သူ ဖြစ်ပါတယ်။
၂ဝ၁ဝခုနှစ် မဟာဘွဲ့ယူအပြီးမှာ မိဘ လုပ်ငန်းကိုပဲ ကူညီလုပ်ကိုင်ရင်း မဟာဘွဲ့နှင့် သင့်တော်မည့် မြန်မာအီးဂရက်ဇ် သင်တန်းကို ၂ဝ၁၂ ခုနှစ်မှာ တက်ရောက်ခဲ့ပါတယ်။
ဘာသာရပ်အနေနှင့် အသစ်အဆန်း မပါပေမယ့် အသိုင်းအဝိုင်းတစ်ခုကို သူမ ရရှိလိုက်တာရယ်၊ အတွေ့အကြုံသစ်တစ်ခု တိုးလာတာရယ်က သူမအတွက် အဖိုးမဖြတ် နိုင်တဲ့ အကျိုးအမြတ်ပဲ ဖြစ်ပါတယ်။
အတွေ့အကြုံသစ် ဆိုတာကတော့ ရွေးကောက်ပွဲနှင့် ပတ်သက်တာတွေပဲဖြစ် ပါတယ်။ သင်တန်းမှာ လွှတ်တော်အကြောင်း ရွေးကောက်ပွဲအကြောင်း၊ အစိုးရနှင့် တော်လှန်ရေး အင်အားစုများအကြောင်းတွေကို အုပ်စုလေးတွေဖွဲ့ပြီး ပုံစံငယ်သေးသေးလေး တွေနှင့် ပို့ချတာကို သင်ယူခဲ့ရတဲ့ အတွေ့ အကြုံပဲ ဖြစ်ပါတယ်။
သင်တန်းပို့ချသူတွေထဲမှာ ဒေါက်တာ ကျော်ရင်လှိုင်ပါပါတယ်။ ၂ဝ၁၂ခုနှစ် ဇွန်လ ၈ ရက် သောကြာနေ့ မွန်းလွဲ ၁နာရီ ကျော်မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊မောင်တော အရေးအခင်းကြီးနှင့် ပတ်သက်တဲ့စုံစမ်း စစ်ဆေးရေးအဖွဲ့ထဲမှာ ပါဝင်တဲ့ ဒေါက်တာကျော်ရင်လှိုင်က သူမ ဆရာဖြစ်နေတော့ သူမအတွက် အခွင့်အလမ်း တစ်ခု ဖန်တီးစရာ ဖြစ်လာပါတယ်။
သူမမှာ အခြားရွေးချယ်စရာအခွင့်အလမ်း တွေ အများကြီးရှိခဲ့ပေမယ့် အမျိုးသားရေး သမားပီပီ ကိုယ့်လူမျိုးအတွက် လုပ်ကိုင် ဆောင်ရွက်လိုတဲ့စိတ်က ပြင်းပြနေလို့ ရခိုင် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ထံ ဝင်ရောက်လျှောက်ထားလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ရခိုင်ပြည်ကို သူမစိတ်ဝင်စားခဲ့သလို ရခိုင်ပြည်နှင့် ပတ်သက်တာတွေ အမြဲတမ်း လေ့လာထားလို့ ပြဿနာဖြစ်ပေါ်နိုင်မည့် အခြေအနေကို ကြိုတင်တွေးမြင်ခဲ့တာကြောင့် ရခိုင်ပဋိပက္ခကို စူးစမ်းလေ့လာချင်ခဲ့တာပဲ ဖြစ်ပါတယ်။
ကော်မရှင်ထဲ မျက်စိစုံမှိတ်ပြီး ဝင်ခဲ့ တယ်။  ကော်မရှင်က ပေးတဲ့တာဝန်ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေနှင့် ကျေပွန်အောင် ထမ်းဆောင်ခဲ့တယ်။ကွင်းဆင်းလေ့လာပြီးတဲ့ အခါမှာတော့ ဘင်္ဂလီ ကျူးကျော်မှု အန္တရာယ်ကို တရား ဥပဒေနည်းလမ်းဖြင့် တားဆီးကာကွယ်ရေး စာတမ်းကို ရေးသားပြုစုခဲ့ပါတယ်။ သူမ ရေးသားခဲ့တဲ့ စာတမ်းကို ရခိုင်စာပေ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဆရာမကြီး ဒေါ်စောခင်တင့်နှင့် စုံစမ်းရေးကော်မရှင်ထံ အပ်နှံခဲ့ပါတယ်။သူမ အကြံပြုတင်ပြချက်တွေ ကောင်းမွန်တာကြောင့် ရခိုင်ပြည်မှာ သူမစာတမ်း ပြန့်နှံ့သွားခဲ့ပါတယ်။ သူမ စာတမ်းထဲမှာ ဘင်္ဂလီလူဦးရေထိန်းချုပ်ခြင်း တစ်အိမ်ထောင် ကလေးတစ်ယောက်မူဝါဒ (One Child Policy) ကို ရခိုင်ပြည်အတွက် သီးသန့် ဒေသန္တရအမိန့် ထုတ်ပြန်သင့်ကြောင်းတွေ ပါဝင်ပါတယ်။ အဲဒီနောက်ပိုင်းမှာ တစ်အိမ်ထောင် ကလေးနှစ်ယောက် မူဝါဒ (Two Child Policy) ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။
သူမဟာ အညာဒေသ ထန်းတောင်သူများ ဆင်းရဲမွဲတေမှု သုတေသန လုပ်ငန်းတွေ မှာလည်း တက်တက်ြ<ွကြ<ွကပါဝင်ခဲ့သူ ဖြစ်ပါတယ်။၂ဝ၁၂ ခုနှစ်မှစ၍ ဆောင်ရွက်ခြင်းဖြစ်ပြီး သောကြာနေ့ ညနေသွားပြီး တနင်္ဂနွေညမှ ပြန်လာရတဲ့ တစ်ပတ်မှာ နှစ်ညအိပ် သုံးရက်ခရီးကို အပတ်စဉ်သွားပြီး လေ့လာရေးလုပ်ကြရတာပါ။
ကျောက်ပန်းတောင်းမြို့နယ် ကျေးရွာ များအထိ စရိတ်အကုန်အကျခံပြီး လေ့လာ ကြတဲ့ ရည်ရွယ်ချက်ကတော့ ထန်းတက် တောင်သူတွေကို စာတမ်းရေးပြီး ကူညီဖို့ပဲ ဖြစ်ပါတယ်။
မန္တလေးမြို့နေ ဒေါက်တာကလျာလူ (Ph.D)နှင့် ဒေါက်တာအေးမြငြိမ်း (Ph.D)တို့ ဦးဆောင်တဲ့အဖွဲ့ထဲမှာ ပါဝင်ဆောင်ရွက်ရင်း ကျောက်ပန်းတောင်းမြို့နယ်၊ ချောင်းရှည်ရွာမှာ စခန်းချပြီး စမ်းသပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ချောင်းရှည်ရွာမှာ အိမ်ထောင်စု ၁၆၅ စုကို သင်တန်းပေးနိုင်ခဲ့တာပါ။
ထန်းရည်ချို၊ ထည်းရည်ခါးတို့ရဲ့ သဘာဝက နေ့ဝက်ပဲ တည်တံ့ပြီး ကြာရှည် မခံပါဘူး။ အချဉ်ပေါက်ပြီး ပျက်စီးသွား ကြတာပါ။ အပျက်မခံနိုင်ကြသူတွေက ထန်းလျက် ကြိုကြပါတယ်။ ထန်းလျက်ဖို ဆိုတာ ထင်းစားဘီးလူး ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် ဆက်စပ်နေသလို ထင်းလည်းကုန်၊ ဈေးကောင်းလည်းမရတဲ့ ထန်းလျက်လုပ်ငန်းရှင် တောင်သူတွေရဲ့ဘဝကို မြှင့်တင်ပေးချင်တဲ့ စေတနာတရားတွေကြောင့် အပင်ပန်းခံရကျိုးနပ်ခဲ့ပါပြီ။ အခုဆိုရင် ခြောက်လထိ တာရှည်ခံအောင် ထားနိုင်မည့် နည်းစနစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါပြီ။
နှစ်နှစ်ကျော် အချိန်ယူပြီး စမ်းသပ်ခဲ့လို့ အောင်မြင်ပြီးတဲ့ နောက်ပိုင်းမှာတော့ ထန်းရည်နှင့် ပတ်သက်တဲ့ စားဖွယ်မျိုးစုံမှာ သင်းပျံ့ကြိုင်လှိုင်တဲ့ ထန်းရနံ့ကို ပြည်သူလူထု ခံစားသုံးဆောင်ကြရတော့မှာ ဖြစ်ပါတယ်။
ထန်းကရင်မ်၊ ထန်းဝိုင် ထုတ်လုပ်နိုင်ခဲ့လို့ ထန်းနနွင်းမကင်း၊ ထန်းကျောက်ကျော၊ ထန်းထမင်းကျော်၊ ထန်းပေါင်မုန့်၊ ထန်း ဂျယ်လီတို့ဟာ ရနံ့လည်းမွှေး၊ အရသာလည်း ကောင်း၊ အာဟာရလည်းဖြစ်တဲ့ မြန်မာရိုးရာ အစားအစာအဖြစ် တွင်ကျယ်လာတော့မှာပဲ ဖြစ်ပါတယ်။
သူမတို့ သုတေသနအဖွဲ့ဟာ ဧရာရွှေရည် ထန်းထုတ်ကုန် သမဝါယမအသင်းမှ ထန်း ထုတ်ကုန်ပစ္စည်းတွေကို ဖြန့်ချိဖို့ စီစဉ်နေကြ ပါပြီ။ ထန်းတောင်သူတွေရဲ့ ဘဝကို မြှင့်တင် ပေးနိုင်တော့မှာဖြစ်လို့ သုတေသနတစ်ဖွဲ့လုံး ဂုဏ်ယူဝမ်းမြောက်နေကြပါပြီ။
ထန်းတောင်သူ လေ့လာရေးတွေ မလုပ် ခင်တုန်းကလည်း ရုက္ခဗေဒကထိက ဆရာ တစ်ဦးခေါင်းဆောင်ပြီး ၂ဝ၁၁ ခုနှစ်မှာ ဘွဲ့ရလူငယ်တွေနှင့် ဖွဲ့ထားတဲ့ G.P.C အဖွဲ့မှာ ဝင်ရောက် လုပ်ကိုင်ခဲ့ပါသေးတယ်။ G.P.C ဆိုတာ Golden Phoeix Environmental Club။ ရွှေရောင်မီးငှက် သဘာဝပတ်ဝန်းကျင် ကလပ်ပဲ ဖြစ်ပါတယ်။ သူမတို့ G.P.C အဖွဲ့ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်ပင်စိုက်ပျိုးခြင်းအပြင် ကျောင်းသုံးစာရေး ကိရိယာများနှင့် အဝတ်အထည်များ၊ ဆေးဝါးများလှူဒါန်းခြင်းကို ပုသိမ်ကြီးမြို့နယ် ရေကြည်၊ စိန်ခနောက်၊ မြခနောက်ရွာတွေမှာ သုံးနှစ်ဆက်တိုက် လုပ်ခဲ့ကြတာပါ။
ထိုစဉ်က ကားလမ်း၊ ဆိုင်ကယ်လမ်း မပေါက်သေးလို့ ဒီရွာတွေဟာ အလွန် ခေါင်တဲ့ ငှက်ဖျားတောကြီးဖြစ်နေခဲ့တာပါ။ ငှက်ဖျားဆေးတွေနှင့် ကလေးတွေအတွက် ငါးရာ့ငါးဆယ် နိပါတ်တော် ပုံဝတ္ထုစာအုပ် လေးတွေ၊ ၃၈ဖြာမင်္ဂလာ ပုံဝတ္ထု စာအုပ်လေးတွေ၊ ပုံပြင်စာအုပ်လေးတွေ ပေးလှူကြတာလေး နဲ့တင် ရွာသူရွာသားတွေက ကျေးဇူးတင်မဆုံး ဖြစ်နေခဲ့ကြတာပါ။
ပရဟိတ သမားလည်းဖြစ်၊ သဘာဝ ပတ်ဝန်းကျင်ကို မြတ်နိုးသူလည်းဖြစ်၊ အမျိုးသားရေးဝါဒီလည်းဖြစ်တဲ့ သူမဟာ အခုတော့ အမျိုးသား တိုးတက်ရေးပါတီ (NDP) ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။
ပါတီဝင်ဖြစ်သွားပုံလေးကတော့ မြန်မာ အီးဂရက်စ် သင်တန်းမှာ တွေ့ခဲ့တဲ့ ဆရာ ဦးပိုက်တင်က ဒေါက်တာနေဇင်လတ်နှင့် တွေ့ဆုံပေးရာမှ စခဲ့တာပါ။
သူမက ဒေါက်တာနေဇင်လတ်နှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးပြီး မေးခွန်းနှစ်ခုကို မေးမြန်းခဲ့တာပါ။ NDP ပါတီဟာ အမျိုး ဘာသာ သာသနာနှင့် ပတ်သက်ပြီး ဘယ်လိုရပ်တည်မလဲ ဆိုတာရယ် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအရေးနှင့် ပတ်သက် တာတွေရယ်ပဲ ဖြစ်ပါတယ်။
ဒေါက်တာနေဇင်လတ်က အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးနှင့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအရေးတွေမှာ ဥပဒေဘောင်အတွင်းမှ ပြတ်သားစွာ ရပ်တည်မည်ဟု ကတိပေးခဲ့တဲ့ အပြင် ပါတီမူဝါဒမှာပါ ချမှတ်ပေးခဲ့တာကြောင့် NDP ပါတီဝင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ဒေါက်တာနေဇင်လတ် ချပြတဲ့လမ်း ကြောင်းက အမျိုးသားရေး လုပ်ငန်းနှင့် နီးစပ်တာကြောင့် ပါတီဝင်ခဲ့တဲ့သူမဟာ ပါတီ အောင်နိုင်ရေးတွေလုပ်ပြီး ဝန်းရံဖို့လောက်ပဲ စိတ်ကူးခဲ့တာပါ။ ဒေါက်တာနေဇင်လတ် တရားပြတာ၊ နားချတာတွေက သူမဘဝကို လွှတ်တော်ကိုယ်စားလှယ်လောင်း ဘဝသို့ တွန်းပို့ပေးလိုက်တာပဲ ဖြစ်ပါတယ်။
အောင်မြေသာစံမြို့နယ်မှာ သူမနှင့်အတူ ဝင်ရောက်အရွေးခံမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက တစညပါတီမှ ဒေါ်ကေသွယ်၊ ပြည်ခိုင်ဖြိုးမှ ဦးကိုကိုလေး၊ ဒီမိုကရက်တစ်ပါတီမှ ဦးထွန်းဖေ၊ တစ်သီးပုဂ္ဂလ ဦးဖိုးမာ၊ NDF မှ ဦးလှသောင်း၊ NLD မှ ဒေါက်တာလှမိုးတို့ပဲ ဖြစ်ပါတယ်။
နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားသူတွေကြား အညတရ အမျိုးသားရေးဝါဒီလေး သူမ ဘယ်လိုထိုးဖောက်မည်ဆိုတာကို သိရင်တော့ လူတွေအံ့သြကုန်ကြမှာပါ။ သူမမှာ အိုင်ဒီယာ (စိတ်ကူးစိတ်သန်း) တွေက အပြည့်ရှိနေလို့ပါ။ သူမ အနိုင်ရခဲ့ရင် နိုင်ငံရေး လောကသား အားလုံးတောင် တုန်လှုပ်သွားနိုင်ပါတယ်။ သူမက ပြည်သူ့လူနေမှုဘဝနှင့် နီးစပ်တဲ့ လက်တွေ့သမား ဖြစ်နေလို့ပါပဲ။
သူမပါတီ NDP က အောင်နိုင်ရေးအတွက် ငွေထုတ်မပေးခဲ့ပေမယ့် ဗီနိုင်းချပ်ရေ ၂ဝဝ၊ ပန်းဖလက် နှစ်သောင်း၊ စတေကာ ၂ဝဝ၊ တီရှပ် ၃ဝ နှင့် မှတ်ပုံတင်ကြေး သုံးသိန်း ထုတ်ပေးခဲ့ပါတယ်။
သူမက မော်တော်ယာဉ်တန်းတွေနှင့် ဟန်ရေးပြ မဲဆွယ်တာမျိုး လုံးဝ မလုပ်ပါဘူး။ ခရဇ်ယာန် ဓမ္မဆရာတွေလို door to door စနစ်နှင့် ကွင်းဆင်းတာပါ။ စနစ်သိပ်ကျလွန်းတဲ့ သူမ စည်းရုံးရေးက သပ်ရပ်လွန်းတော့ ချီးကျူးစရာတစ်ခု ဖြစ်နေတော့တာပေါ့။
သူမကို ပရဟိတအားသန်တဲ့ လူငယ် နှစ်ဆယ်ကျော်က ဝန်းရံပေးနေပါတယ်။ စိတ်မဝင်စားသူတွေကို စိတ်ဝင်စားအောင် ပြောနိုင်ပြီး၊ သံသယရှိသူတွေကို သံသယ ကင်းအောင် ဖြေကြားနိုင်ခဲ့သူပါ။ ရန်လို အပြုံးနှင့် သရော်လှောင်ပြောင်သူများကို မိတ်ဆွေဖွဲ့နိုင်ခဲ့ပြီး ဆန္ဒမဲလည်း အလှူခံတတ် သူပါ။ ခေါင်ကိုင်စနစ်နှင့် သွားနေတာက လူတစ်ယောက်ကို စည်းရုံးနိုင်ရင် တစ်အိမ် သားလုံးရဲ့ ဆန္ဒမဲတွေကို ရနိုင်တာကြောင့် စိတ် ရှည်ရှည်နှင့် လုပ်ကိုင်နေခြင်းပဲ ဖြစ်ပါတယ်။ သူလို ဘယ်အမတ်လောင်းမှ စည်းရုံးရေး မဆင်းသေးတာကြောင့် သူမမှာ မိတ်ဆွေတွေ အများကြီး ရနေတာပဲ ဖြစ်ပါတယ်။
အပိုကတိတွေ မပေးနိုင်ခဲ့ပေမယ့် သူမ ချပြတဲ့ ရည်မှန်းချက်တွေကိုတော့ ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းတွေက သဘောကျလို့ အားပေးလျက် ရှိနေပါတယ်။
သူမ အတွေ့အကြုံအရ အစိတ်သားခန့်သာ အနီရောင်သန်းပြီး နှစ်ဆယ်ပြားခန့်ပဲ အစိမ်း ရောင်ရှိတယ်လို့ ဆိုပါတယ်။ အမတ် ဘယ် နှစ်ယောက်ကို ရွေးချယ်ရကောင်းမှန်းလည်း မသိ။ ဘယ်ပါတီ ဘယ်ပုဂ္ဂိုလ်ကို ရွေးချယ်ရ ကောင်းမှန်းလည်း မသိတဲ့ ပြည်သူတွေက အများစု ဖြစ်နေတာရယ်။ အနီလည်းမဟုတ် အစိမ်းလည်းမဟုတ် အမျိုးသားရေး အင်အားစုတွေကို တွေ့ခဲ့ရတာတွေရယ်ကြောင့် သူမဟာ ၂ဝ၁၅ ခု နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲကြီးမှာ ထွန်းတောက်လာမည့် ကြယ်တစ်ပွင့် ဖြစ်နိုင်ချေများနေပါတော့တယ်။
သူမ ဒေါ်နွယ်နီဦး၊ ဘွဲ့ရပညာတတ် အပျိုကြီး၊ ဒေါင်ဒေါင်မည် အမျိုးသားရေးဝါဒီ၊ NDP ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းကြီးကို အတုမရှိအမျိုးသားရေးဂျာနယ် အယ်ဒီတာအဖွဲ့မှ အနာဂတ်၏ ခေါင်းဆောင်ကောင်းအဖြစ် ရွေးချယ်သတ်မှတ်လိုက်ပါတယ်။
အယ်ဒီတာအဖွဲ့



No comments:

Post a Comment