(CBS နှင့်
ဗျူးထားတာ ကြာပါပြီ။ ပြီးခဲ့တဲ့နှစ် ဆောင်းတွင်းတုန်းက ဖြစ်ပါတယ်။ အခုမှ အချိန်ကိုက်
လွှင်တာတော့ မတတ်နိုင်ပါဘူး။ တစ်ဖက်သတ်ပဲ လွှင့်သွားတာကို အမှန်ယူပြီး ရေးသားနေကြမယ်
ဆိုရင်တော့ သဘောပေါ့ဗျာ။ နိုင်ငံရေးမှာ ရာနှုန်းပြည့် ယုံကြည်ရတယ်။ အမျိုးသားရေးမှာတော့
သုံးမရဘူး- Useless လို့ ပြောခဲ့တာပါ။ ရှေ့အခြမ်းကို ချန်လှပ်ထားပြီး နောက်အခြမ်းကိုပဲ
လွှင့်လိုက်တာကိုပဲ အဟုတ်ထင်နေကြရင် မခက်ပေဘူးလား။
ဝီရသူအကြောင်း
ရေးချင်ရင်လည်း လေ့လာပြီးမှရေးပေါ့ဗျာ။ ဝီရသူက ၁၉၈၅ ခုနှစ်မှာ ကိုရင်ဝတ်တာပါ။ ဒါကိုပဲ
ရှစ်လေးလုံးပြီးမှ ဝတ်တယ်လို့ ရေးနေသေးတယ်။
ဦးအောင်သောင်းလည်း
သေပါပြီ။ ခုချိန်ထိ စွပ်စွဲနေတုန်းပဲလား။ ဦးအောင်သောင်းအသုဘ ဒေါ်စုသွားတော့ သဘောထားကြီးတယ်ပေါ့။
ဝီရသူသွားရင် မြင်ယောင်မိသေးတယ်။ အော်ကြ ဟစ်ကြ ရေးကြဦးမှာ။ ဝီရသူထက် ဒေါ်စုက ဦးအောင်သောင်းနှင့်
ပိုရင်းနှီးပါတယ်ဗျာ။ ရင်းနှီးလို့စွပ်စွဲမယ်ဆိုရင် စွဲကြပေါ့။ အသုံးမကျသူကို အသုံးကျတယ်
ပြောရမှာလား။ အသုံးကျသူကို အသုံးမကျဘူး ပြောရမှာလား။ အဲဒါ နိုင်ငံရေးကျင့်ဝတ်လား။ ဘိက္ခုသုတ်အရ
မကြည်ညိုရင်လည်း မကြည်ညိုဘဲ နေခွင့်ရှိပါတယ်ဗျာ။ အစွန်းရောက်ဘုန်းကြီးက သဘောထားကွဲလွဲမှုကို
တန်ဖိုးထားပေမယ့် ဒီမိုကရေစီသမားတွေက ဒေါ်စုကိုမထောက်ခံရင် သင်္ကန်းဝတ်အဆင့်ပဲ သွင်းပစ်လိုက်ကြတာပါ။
မီဒီယာသတ်လို့ သေတဲ့ခေတ်မဟုတ်တော့ပါဘူး။ မီဒီယာသမားတွေကော မီဒီယာကျင့်ဝတ်နှင့် ညီပါရဲ့လား)
ဝီရသူ (မစိုးရိမ်)
===========================================================================
“ဦးဝီရသူ
စည်းကျော်နေပြီလား”
===================
အမျိုးသားရေးဝါဒီများ၏ထောက်ခံမှုကို
ပြည့်ဝစွာရရှိထားပြီး နိုင်ငံတကာမီဒီယာများတွင် အစွန်းရောက်ဗုဒ္ဓဘာသာဘုန်းကြီးဟု မကြာခဏ
ရေးသားဖော်ပြခံရလေ့ရှိသည့် ဦးဝီရသူက ဒေါ်အောင်ဆန်းစုကြည်ကို “အသုံးမဝင်ပါ”ဟု ပြောဆိုဝေဖန်လိုက်ပြန်သည်။
ဦးဝီရသူ၏ ထိုသို့ပြောဆိုဝေဖန်မှုသည် ဒေါ်အောင်ဆန်းစုကြည်၏ လိုအပ်ချက် အားနည်ချက်များကို
ထောက်ပြဝေဖန်ခြင်းထက် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်းအဖြစ် ကောက်ချက်ချရဖွယ်ရှိသည်။ သံဃာတစ်ပါးအနေဖြင့်
အမုန်းတရားအပေါ် အခြေခံသည့် ပုဂ္ဂိုလ်ရေးပုတ်ခတ်တိုက်ခိုက်မှုများကို ပြုလုပ်ရန်မသင့်သည်မှာ
များစွာထင်ရှားသည့်အချက်ပင် ဖြစ်သည်။
အမေရိကန်အခြေစိုက်
စီဘီအက်စ် (CBS)သတင်းဌာနမှ သတင်းထောက် ဘီလ်ဝစ်တိတ်ကာသည် မြန်မာ့နိုင်ငံရေးလောကမှ အဓိကဇာတ်ကောင်နှစ်ဦးဖြစ်သည့်
သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားရေးလှုပ်ရှားမှုနယ်မှ ထင်ရှားသည့်
ဦးဝီရသူတို့ကို တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့သည် ထိုမေးမြန်းချက်များကို The New
Burma အမည်ဖြင့် အောက်တိုဘာလ ၂၅ ရက်နေ့က ထုတ်လွှင့်ပြသခဲ့သည်။ အဆိုပါတွေ့ဆုံမေးမြန်းခန်းတွင်
ဦးဝီရသူက ၎င်းအနေဖြင့် အစွန်းရောက်ဝါဒီအဖြစ် တံဆိပ်ကပ်ခံရလျှင်လည်း ကျေကျေနပ်နပ်ခံယူသွားမည်ဟု
ပြောကြားခဲ့သည်။ ထို့အပြင် ဘုန်းတော်ကြီးဒလိုင်းလာမားကိုလည်း ဝေဖန်ခဲ့ပြီး ဒလိုင်းလားမားကို
မလေးစားနိုင်ကြောင်း၊ သူသည် နိုင်ငံရေးပွဲစားတစ်ဦးသာဖြစ်ကြောင်းနှင့် ဂုဏ်ပြုသွားမည်မဟုတ်ကြောင်း
ပြောကြားခဲ့သည်။ ဒလိုင်းလားမားသည် ဦးဝီရသူကို ဘာသာရေးအစွန်းရောက်အဖြစ် စွပ်စွဲဝေဖန်ခဲ့သူ
ဖြစ်သည်။
မွတ်စလင်များသည်
တကမ္ဘာလုံးကို လှည့်ဖျားနေကြောင်း၊ မြန်မာတစ်နိုင်ငံလုံးကိုလည်း လွှမ်းမိုးထားချင်နေကြောင်း၊
ထိုရည်ရွယ်ချက်ပြည့်သည့်တိုင် ၎င်းတို့အနေဖြင့် ကျေနပ်မည်မဟုတ်ကြောင်း၊ တကမ္ဘာလုံးကို အစ္စလာမ်ဘာသာအဖြစ်
ပြောင်းလဲပစ်နိုင်မှသာ ကျေနပ်မည်ဖြစ်ကြောင်းလည်း ဦးဝီရသူက ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍
မေးမြန်းရာတွင် “အမျိုးသားရေး၊ နိုင်ငံတော်လုံခြုံရေးတို့နဲ့ပတ်သက်လာရင် ဒေါ်အောင်ဆန်းစုကြည်က
အသုံးမဝင်ပါဘူး”ဟု ပြောကြားသည်။ “အသုံးမဝင်ဘူးလို့ မိန့်လိုက်တာလားဘုရား”ဟု သတင်းထောက်က
ပြန်လည်မေးမြန်းရာတွင် “ဟုတ်ပါတယ်။ အသုံးမဝင်ပါဘူးလို့ ကျုပ်ပြောတာပါ”ဟု ဦးဝီရသူက
ပြန်လည်ဖြေကြားခဲ့သည်။
ဦးဝီရသူအပါအဝင်
အမျိုးသားရေးဝါဒီများသည် ဘာသာရေးနှင့်ဆက်နွယ်နေသည့် ဥပဒေများပြဌာန်းပြဋ္ဌာန်းရေး ကြိုးပမ်းရာတွင်
NLD သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုကို လက်လွှတ်ခဲ့ရသည်။ ရခိုင်ပြည်တွင်ဖြစ်ပေါ်ခဲ့သည့်
ပဋိပက္ခများနှင့်ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားရေးဝါဒီများနှင့် တသားတည်းမရပ်ခဲ့ပေ။
အမျိုးသားရေးလှုပ်ရှားရာတွင် တချို့ပုဂ္ဂိုလ်များမှာ အစွန်းရောက်သည့်သဘောဆောင်နေခြင်းကြောင့်
သုံးသပ်မှုများရှိသည်။ ဆိုခဲ့ပါအချက်များအပေါ် အခြေတည်ကာ ဦးဝီရသူဦးဆောင်သည့် အမျိုးသားရေးဝါဒီများသည်
NLD ဆန့်ကျင်ရေး တောက်လျှောက်လုပ်ဆောင်လာခဲ့သည်။ ရွေးကောက်ပွဲနီးလာချိန်တွင် NLD ဆန့်ကျင်ရေးအုပ်စုတစုအဖြစ်
ပီပီပြင်ပြင် ပေါ်ထွက်လာခဲ့သည်ကို တွေ့ရသည်။ ဦးဝီရသူသည် အထက်မြန်မာပြည် ကျောက်ဆည်မြို့ဇာတိဖြစ်သည်။
လူနာမည်က ဝင်းခိုင်ဦးဖြစ်ပြီး ၁၉၈၈ ခုနှစ်အရေးအခင်းပြီးနောက်တွင် သာသနာ့ဘောင်သို့
ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ၂၀၀၃ ခုနှစ် ကျောက်ဆည်မြို့ တရားပွဲတွင် လူမျိုးရေး၊ ဘာသာရေးလှုံ့ဆော်မှုစွပ်စွဲချက်ဖြင့်
စစ်အစိုးရက ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရသည်။ ဤထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းနှင့်ပတ်သက်၍
ဦးဝီရသူသည် မဟနအပေါ်တွင်လည်း ကျေနပ်မှုမရှိခဲ့ကြောင်း သိရသည်။
ဦးဝီရသူသည်
၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် မြစ်ကြီးနားထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။ ရခိုင်ပြည်
ပဋိပက္ခမဖြစ်မီအချိန်အထိ ဦးဝီရသူနှင့် ဒေါင်အောင်ဆန်းစုကြည်ကြားတွင် ပြဿနာမရှိခဲ့ပေ။
ထို့အပြင် ဦးဝီရသူသည် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများတွင် နောက်ကွယ်ကကြိုးကိုင်သူဟူသော
စွပ်စွဲချက်ဖြင့် အမေရိကန်၏နာမည်ပျက်စာရင်းသွင်းခံရသည့် ဦးအောင်သောင်းနှင့် ရင်းနှီးသည့်
ဆက်ဆံရေးရှိခဲ့ကြောင်းလည်း သိရသည်။
ဦးဝီရသူသည်
NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုက်ခိုက်သည့်စကားများကို မီဒီယာများနှင့် တွေ့ဆုံရာတွင်လည်းကောင်း
၎င်း၏တရားပွဲများတွင်လည်းကောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် ၎င်းကိုယ်တိုင် “ဝီရသူ
- မစိုးရိမ်”အမည်ဖြင့် သုံးစွဲသည့် ဖေ့ဘုတ်အကောင့်တွင်လည်း NLD ဆန့်ကျင်ရေးပို့စ်များ
မကြာခဏတင်လေ့ရှိသည်။ ၎င်းဟောကြားသည့် ‘အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့’အမည်ဖြင့် တရားတွင်
‘ခွပ်ဒေါင်းဟာ ဖွတ်ဒေါင်း’ဖြစ်သွားပြီဟု ထည့်သွင်းဟောပြောခဲ့သည်။ ဦးဝီရသူသည် ၎င်း၏ပုဂ္ဂိုလ်ရေး၊
ဘာသာရေးဆန်သည့် ဟောပြောမှုများနှင့်ပတ်သက်၍ “အမျိုးသားရေးလုပ်ဆောင်နေတာပါ”ဟူသောစကားလုံးဖြင့်
ပြန်လည်ချေပလေ့ရှိသည်။ တချို့ ဦးဝီရသူ၏ပြောဆိုမှုများမှာ ရင့်သီးကြမ်းတမ်းနေသည်။ ဥပမာ
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စရန်ဟီးလီကို ပြည့်တန်ဆာမနှင့်
ခိုင်းနှိုင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ ယခု ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်လိုက်သည့်
“အသုံးမဝင်ဘူး”ဟူသော စကားလုံးသည်လည်း များစွာရင့်သီးနေပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့်
သဘောဆောင်နေသည်။
ဦးဝီရသူသည်
ရဟန်းတစ်ပါးမပြောအပ်သည့် ရင့်သီးသော ပုဂ္ဂိုလ်ရေးဆန်သော ပြောဆိုမှုများအပြင် လုပ်ဆောင်ချက်တချို့မှာ
ဖွဲ့စည်းပုံအခြေခံဥပဒေက တားမြစ်ထားသည့် နိုင်ငံရေးတွင် ဘာသာရေးကို အသုံးမချရဟူသော အချက်အား
ဖောက်ဖျက်ကျူးလွန်နေခြင်းကြောင့် ကျင့်ဝတ်ဖောက်ဖျက်သော မကြည်ညိုအပ်သော ရဟန်းတစ်ပါးအဖြစ်
ရှုမြင်သုံးသပ်ခံနေရသူလည်းဖြစ်သည်။ ‘ဘိက္ခုသုတ်’တွင် ပါသောအချက်များအရဆိုလျှင် ဦးဝီရသူသည်
မကြည်ညိုအပ်သော စာရင်းတွင် ပါဝင်နေသည်ကို တွေ့ရသည်။
ဘိက္ခုသုတ်ပါ
အချက်ရှစ်ချက်မှ တစ်ချက်ကို ကျူးလွန်ဖောက်ဖျက်လျှင် မကြည်ညိုအပ်သောရဟန်း စာရင်းဝင်ကြောင်း
သိရသည်။ အချက်ရှစ်ချက်မှာ ၁။ လူတို့ လာဘ်မရစေရန် လုံ့လပြုခြင်း၊ ၂။ လူတို့ အကျိုးမဲ့ဖြစ်စေရန်
လုံ့လပြုခြင်း၊ ၃။ လူတို့ကို ဆဲဆိုကြိမ်းမောင်းခြင်း၊ ၄။ လူတို့ကို အခြားလူတို့နှင့်
သွေးကွဲစေခြင်း၊ ၅။ ဘုရား၏ ကျေးဇူးမဲ့ကို ဆိုခြင်း၊ ၆။ တရား၏ ကျေးဇူးမဲ့ကို ဆိုခြင်း၊
၇။ သံဃာ၏ကျေးဇူးမဲ့ကို ဆိုခြင်း၊ ၈။ မသင့်တော်သော ကျက်စားရာအရပ်၌ တွေ့မြင်ရခြင်းတို့
ဖြစ်သည်။
ဤအချက်ရှစ်ချက်နှင့်
နှိုင်းယှဉ်တိုင်းတာလျှင် ဦးဝီရသူသည် နံပါတ် ရှစ်ချက်မှလွဲ၍ ကျန်ခုနစ်ချက်လုံးကို ကျူးလွန်ဖောက်ဖျက်ခဲ့ပြီးသည့်
အနေအထားကို တွေ့ရသည်။ ဦးဝီရသူ၏ ဟောပြောမှုများကြောင့် NLD အပေါ် လူထုထောက်ခံမှုကို အတိုင်းအတာတစ်ခုအထိ
ထိခိုက်စေခဲ့သည်။ ဤသည်က ၁ နှစ် ၂ အချက်ကို ဖောက်ဖျက်သည်။ မစ္စရန်ဟီးလီကို ပြည့်တန်ဆာနှင့်
ခိုင်းနှိုင်းခဲ့ခြင်းက ၃ အချက်ကို ဖောက်ဖျက်သည်။ ဗုဒ္ဓဘာသာဝင်များကြားတွင် NLD အုပ်စု
အမျိုးသားရေးအုပ်စုဟူ၍ ကွဲသွားခြင်းကလည်း ဦးဝီရသူ၏ ဟောပြောမှုများကြောင့် ဖြစ်သည်။
ယင်းမှာ ၄ အချက်ကို ဖောက်ဖျက်သည်။ ဘုရားရှင်သည် ပုဂ္ဂိုလ်ရေးဆန်သော၊ လူတစ်ဦးနှင့် တစ်ဦးကြား
အမုန်းပွားစေနိုင်သော ပြောဆိုမှုများကို တားမြစ်ခဲ့သည်။ သို့သော် ဦးဝီရသူ မလိုက်နာခဲ့ပေ။
၅၊ ၆ နှင့် ၇ အချက်တို့ကို ဖောက်ဖျက်သည်။ ထို့ကြောင့် ဦးဝီရသူသည် ကြည်ညိုရန်မသင့်သော
ရဟန်းတစ်ပါးအဖြစ် သတ်မှတ်နိုင်ကြောင်း သုံးသပ်တင်ပြလိုက်ရပေသည်။
မင်းထင်
3.11.2015
News Watch ဂျာနယ်



No comments:
Post a Comment