ကျော်ဇေယျာထွန်းရေးသည်။
အခန်း(၁)
မြစ်ကြီးနားထောင်မှ
လွတ်သည့်နေ့က ဆရာတော်ဦးဝီရသူသည် မန္တလေးသို့ တန်းမပြန်လို။ မြစ်ဆုံကိုသွားချင်သေးသည်။
မြစ်ကြီးနားမြို့တွင်လည်း တစ်ညအိပ်လိုသေးသည်။ လူမသိ၊ သူမသိဘဲ မပြန်လို။ သို့သော် ထောင်အာဏာပိုင်များက
ခွင့်မပြု။ မနက် ၁၀ နာရီထွက်မည့်လေယာဉ်လက်မှတ်ဝယ်ပြီးပြီဟုဆိုကာ ကားပေါ်တင်ပြီး လေဆိပ်သို့
တန်းပို့လေသည်။
မြစ်ကြီးနားထောင်မှ
လွတ်မြောက်သည့်အခါ မန္တလေးသို့ ချက်ချင်းမပြန်ဘဲ မြစ်ကြီးနားတွင် တစ်ညအိပ်ပြီးမှ ပြန်ဆိုပါက
“(မန္တလေး)တစ်မြို့လုံးက ကျုပ်ကို ကြိုကြမှာ” ဟု ဦးဝီရသူက မိန့်ဆိုသည်။
ယခုမြစ်ကြီးနားထောင်မှ
ဦးပဉ္စင်းလွတ်မြောက်လာသည့်အခါ ဆရာတော်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ကို မြစ်ကြီးနား
NLD အဖွဲ့က လာကြိုသည်။ မြစ်ကြီးနားလေဆိပ်သို့ ရောက်သည့်အခါ ဦးပဉ္စင်းတို့ကို သီးသန့်နားနေဆောင်ထဲတွင်
ထားသည်။ ဦးပဉ္စင်းကို နားနေသည့် သီးသန့်နားနေဆောင်ထဲတွင် ထောင်မှလွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ
ရှိသလို ထောင်ပိုင်လေးနှင့် ထောင်မှူးတို့လည်း ရှိသည်။ လေဆိပ်မှ လုံခြုံရေးဝန်ထမ်းတချို့ရှိသည်။
လေယာဉ်ထွက်မည်ဆိုသော
မနက် ၁၀ နာရီကျော်အထိ လေယာဉ်ရောက်မလာသေးသောကြောင့် လေဆိပ်ရှိ နားနေဆောင်တွင် စောင့်ဆိုင်းနေစဉ်
ဆရာတော်ဦးဝီရသူအား ပွဲဦးထွက်အမှတ်တရအဖြစ် တရားဟောပေးရန် NLD အဖွဲ့ဝင်တစ်ဦးက တောင်းဆိုသည်။
ထိုအခါဦးပဉ္စင်းက မြတ်စွာဘုရား၏ လက်ရုံးရည်နှင့်၊ နှလုံးရည် ပြည့်စုံပုံတို့ကို အစချီကာ
မြတ်စွာဘုရား၏ ဂုဏ်ပုဒ်တွေကိုဟောသည်။ ပြီးလျှင် ခေါင်းဆောင်တစ်ဦးသည် မြတ်စွာဘုရားကဲ့သို့
ကျင့်ကြံရမည်ဟု ဆက်ကာ ဟော၏။
ဦးဝီရသူက
“ဒေါ်အောင်ဆန်းစုကြည်စာ ဒါတွေနဲ့ပြည့်စုံတယ်။ ဦးဇင်းတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ကနေ
ပြီးတော့ ဒီမိုကရေစီကို စစ်မှန်အောင်လုပ်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းပြီးတော့
စစ်မှန်တဲ့အထိ ရောက်အောင် တော်လှန်ရေးတွေလုပ်ရမယ်” ဟု ဟောကြားခဲ့သည်။
မွန်းလွဲ
၁၂ နာရီခွဲသည့်အခါမှာတော့ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများနှင့်အတူ ဆရာတော်ဦးဝီရသူသည်
မြစ်ကြီးနားမှ မန္တလေးသို့ လေယာဉ်ဖြင့် ပြန်ကြွလာခဲ့တော့သည်။ ဆရာတော်သည် မြစ်ကြီးနားထောင်မှ
လွတ်သည်နှင့် မန္တလေးရှိ သူ၏တပည့်များနှင့် ဒကာ ဒကာမများထံ ဖုန်းဆက်ကာ အကြောင်းကြားထားပြီးဖြစ်သည်။
ထိုနေ့က မန္တလေးအကျဉ်းထောင်မှလည်း အကျဉ်းသားများ လွတ်မြောက်ခဲ့ ကြသည်။ သို့သော် ဆရာတော်ဦးဝီရသူ
မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်သည့်သတင်းကြားသော အခါ ဆရာတော်၏ တပည့်၊ ဒကာ၊ ဒကာမတို့သည်
မန္တလေးအကျဉ်းထောင်သို့ သွားနေရင်းကပင် တံတားဦးလေဆိပ်သို့ အပြေးရောက်လာကြတော့သည်။


No comments:
Post a Comment