ကျော်ဇေယျာထွန်း
ရေးသည်။
အခန်း(၃)
ဆရာတော်ဦးဝီရသူထောင်မှ
ပြန်လည်လွတ်မြောက်လာသည့်အခါတွင် အပြင်လောက၌ ထူးခြားသည့် ပြောင်းလဲမှုတို့ကို တွေ့ခဲ့ရသည်။
အထူးသဖြင့် လူတော်တော်များများတွင် ဟန်းဖုန်းများအားကိုယ်စီကိုင်ထား
ကြသည်ကို တွေ့လိုက်ရခြင်းဖြစ်သည်။ နောက်တစ်ခုမှာ စာနယ်ဇင်းသမားများ၏။ သတင်းသမားများ
ပေါသလို လွတ်လွတ်လပ်လပ် ရေးသားခွင့်ရနေကြတာကိုလည်း သတိပြုမိသည်။
“ပြီးတော့
အင်တာနက်။ ဓာတ်ပုံတွေက ပြန့်ကုန်ပြီ။ လွတ်ငြိမ်းချမ်းသာခွင့်သတင်းကြားတော့ ဖေ့စ်ဘွတ်ခ်
ကြည့်ပြီး ထိုင်စောင့်နေကြတာ။ ဘုန်းကြီးပါ၊ မပါ ကြည့်ကြတာပေါ့။ ပါပြီဆိုကာမှ တစ်ကမ္ဘာလုံးက
တပည့်တွေ ပျော်ကြတယ်။ အဲဒီမှာ အင်တာနက်ကို တအားကြီးကို အံ့သြသွားတာ”ဟု ဆရာတော်က ထောင်မှပြန်လွတ်
မြောက်လာပြီးသည့်နောက် အပြင်တွင် ပြောင်းလဲမှုများ ဖြစ်နေသည့် အခြေအနေကို ပြောကြားသည်။
သို့သော်
အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့်အခါတွင် ဆရာတော်အား မည်သည့်ဂျာနယ်၊ မီဒီယာမှလာရောက်မေးမြန်းခြင်းမရှိဟု
ဦးဝီရသူက မိန့်ဆိုသည်။ သတင်းမီဒီယာသမားအများစုသည် နိုင်ငံရေး သမားများထံတွင်သာ အာရုံကျနေကြသည်ဟုဆို၏။
ယင်းသို့ဖြစ်ရခြင်းကို ဦးဝီရသူက “မန္တလေးစာနယ်ဇင်း တွေ(ဦးဇင်းကို)အကုန်သိတယ်။ ဒါပေမဲ့
ဦးဇင်းက ဦးစားပေးအဆင့်မရှိဘူး။ သူတို့က နိုင်ငံရေးသမားတွေကိုပဲ ဦးစားပေးတာ။ ကျုပ်က
ပြောမယ်ဆိုရင်တော့ အစွန်းရောက်ပြီပေါ့ဗျာ။ အဲဒါကြောင့် သူတို့က ဟီးရိုးတစ် ယောက်လို
အသိအမှတ်မပြုဘူးပေါ့ဗျာ” ဟု မိန့်ဆိုလေသည်။
သို့သော်
ဆရာတော်သည် မြစ်ကြီးနားထောင်မှ ပြန်လည်လွတ်မြောက်လာသည်နှင့် သင်္ကန်းမဝတ်သေးဘဲ ဖိုးသူတော်ဝတ်ရုံဖြင့်သာနေသည်။
အကြောင်းမှာ မြန်မာတစ်နိုင်ငံလုံးရှိ ထောင်ထဲတွင် ကျန်ခဲ့သော သံဃာတော်များ သင်္ကန်းဝတ်ရရန်
ဖိုးသူတော် ကမ်းပိန်းလုပ်ခြင်းဖြစ်သည်ဟု ဆြရာတော်က မိန့်ဆိုသည်။ ထောင်ထဲတွင် ကျန်ခဲ့သည့်သံဃာများ
သင်္ကန်းမဝတ်ရလျှင်၊ နိုင်ငံရေးသမားများ ထောင်ထဲမှ မလွတ်လျှင် “ကျုပ်မဝတ်ဘူး” ဟု သန္နိဋ္ဌာန်ချထားလေ၏။
“အဲဒီလိုနေမှ စာနယ်ဇင်းသမားတွေ တုန်လှုပ်သွားတာပေါ့။ ရုပ်သံဌာနတွေ ဆက်သွယ်လာကြတယ်။ အင်တာဗျူးကြတယ်။
စာနယ်ဇင်းသမားတွေ ဒီကို(မစိုးရိမ်ကျောင်း တိုက်)ရောက်လာတယ်။ နောက်တစ်ရက်ဆိုရင် ကျုပ်မှာ
မနားရတော့ဘူး” ဟု သင်္ကန်းမဝတ်သည့် ကမ်ပိန်းလုပ်မှ မီဒီယာများ အာရုံစိုက်လာသည်ကို ဦးဝီရသူက
ရှင်ပြသည်။
မီဒီယာများကလည်း
ဦးပဉ္စင်းထံ လာရောက်ပြီး “ဘယ်အချိန် သင်္ကန်းပြန်ဝတ်မလဲ” ဟု မေးမြန်းကြသည်။ ထိုအခါ ဦးပဉ္စင်းက
“ဦးဇင်းထောင်ထဲမှာ ဒီလိုနေခဲ့ရတယ်။ အခုလည်း(ထောင်ထဲက)သံဃာတွေ ဒီလိုပဲနေရတယ်ဆိုတာ
ကမ္ဘာကြီးက သိတဲ့နေ့၊ ကမ္ဘာကြီးက သိလောက်ပြီလို့ယူဆတဲ့နေ့ ကျုပ်သင်္ကန်း ပြန်ဝတ်မယ်”ဟု
ပြန်လည်ဖြေကြားသည်။
သို့သော်
ဆရာတော်ဦးဝီရသူကို ဖိုးသူတော်ဝတ်ရုံအဖြူဖြင့် ဟိုအခမ်းအနား ဒီအခမ်းအနားတက်နေခြင်းနှင့်
ယင်းဝတ်ရုံဝတ်ဆင်ထားခြင်းကို ဆရာသမားများက ငြိုငြင်လာသည်။ ထို့အတူ ဒကာ၊ ဒကာမများကလည်း
ဖိုးသူတော်ဝတ်ရုံကို ချွတ်စေချင်နေသည်။ သင်္ကန်းဖြင့်သာ မြင်ချင်ကြသည်။ ထို့ကြောင့် ဆရာတော်က
“နောက်ဆုံးတော့ ကျုပ်အရှုံးပေးလိုက်တာပေါ့” ဟု ဆိုသည်။
သို့ဖြင့်
ဇန်နဝါရီ ၁၃ ရက် ထောင်မှလွတ်မြောက်ပြီး ၂၂ ရက်အထိ ၉ရက်ကြာ ဖိုးသူတော်ဝတ်ရုံဖြင့် နေပြီးသည့်
အခါမှာတော့ ဆရာတော်သည် ရဟန်းခံကာ သင်္ကန်းပြန်ဝတ်သည်။
ယင်းသို့
သင်္ကန်းပြန်ဝတ်လိုက်ရခြင်းနှင့် ပတ်သက်၍ ဆရာတော်ဦးဝီရသူက “တော်တော်ကျယ်ကျယ်ပြန့်ပြန့်
တော့ သိသွားကြတယ်။ ရည်ရွယ်တာတော့ အဲဒီထက်မကဘူး။ နိုင်ငံရေးသမားတွေလွတ်ရင်လွတ်၊ မလွတ်ရင်
ထောင်ထဲမှာရှိတဲ့ သံဃာတွေကို သင်္ကန်းဝတ်ခွင့်ပေးရမယ်။ ကျုပ်က အဲဒီအထိရည်ရွယ်တာ။ ဒါပေမဲ့
အဲဒီအထိ မရောက်ဘူးပေါ့။ ဒါပေမဲ့ ကျုပ်သတင်းကို ကမ္ဘာကြီးကသိသွားပြီ။ ကျုပ်တို့သံဃာတွေ
ထောင်ထဲမှာ ဒီလိုဒုက္ခ ရောက်တယ်။ ဒီလိုနေရတယ်ဆိုတာ ကမ္ဘာကြီးသိသွားရင်ကျုပ်တို့ကျေနပ်တယ်”
ဟု မိန့်ဆိုသည်။
အကျဉ်းထောင်မှ
လွတ်မြောက်လာသည့်အခါတွင် ဦးဝီရသူသည် သူ၏ တပည့်များအား စာချရန် အခက်အခဲ များစွာရှိခဲ့သည်။
သူကိုင်နေကျဖြစ်သည့် စာအုပ်များကို ထောက်လှမ်းရေးက သူ့အခန်းအား ဝင်ရှင်းသည့် အခါတွင်
တွေ့သမျှ သိမ်းဆည်းသွားခြင်းကြောင့် ကိုးကားစရာ စာအုပ်များ ဆုံးရှုံးသွားခဲ့သည်။ ထို့ကြောင့်
တပည့်သံဃာများအား စာဝါပြန်ချသည့်အခါတွင် ရာခိုင်နှုန်းပြည့် နားလည်အောင် ပြန်မချနိုင်တော့။
သူနှင့် စာပေကျမ်းဂန်ဝေးသွားခြင်းကြောင့်လည်း ယခုဖြစ်သွားရခြင်းဖြစ်၏။
“ပထမဆုံး(စာဝါ)ချတဲ့ပွဲဦးထွက်လေးတွေကတော့
အားရချင်မှ အားရမှာပေါ့လေ။ အခုတော့ အဆင်ပြေသွားပြီ။ အဘိဓမ္မာကို ပြန်လေ့လာရတာပေါ့” ဟု
ရှစ်နှစ်ကျော်ကြာ ကင်းကွာခဲ့သော စာဝါကို ပြန်ချရာတွင် လိုအပ်ချက်တချို့ ရှိခဲ့ပုံကို
ဆရာတော်က မိန့်ဆိုသည်။
ထောင်မှ
ပြန်လည်လွတ်မြောက်လာသည့်နောက်တွင် ညအိပ်ရာဝင်သည့်အခါ၌ပင် အဆင်မပြေဟု ဆရာတော်က မိန့်သည်။
ထောင်ထဲတွင် ခေါင်းအုံးဖြင့် အိပ်ခဲ့ရခြင်းမဟုတ်။ အိပ်ရာခင်း၊ စောင်တို့ကို ခေါင်းအုံးခဲ့
ရခြင်းဖြစ်သည်။ ယင်းမှာ ချက်ချင်းမသိသာသော်လည်း နှစ်ပေါင်းကြာလာသည့်အခါ ခေါင်းအုံးရသည့်
အိပ်ရာခင်းနှင့် စောင်တို့က မာကျောလာတတ်သည်။
ထို့ကြောင့်
ယခုခေါင်းအုံးဖြင့် ပြန်အိပ်ရသည့်အခါတွင် ခေါင်းအုံးက အလွန်ပျော့ပြီး အလွန်မှ နူးညံ့နေသလို
ခံစားနေရသည်။ အိပ်ရာမှ နိုးလာသည့်အခါတိုင်းလည်း ခေါင်းအုံးနှင့် သူက တခြားစီဖြစ်နေတတ်သည်။
“မခံနိုင်ဘူး။
တအားကောင်းလွန်းလို့ ခေါင်းအုံးကို ဖယ်ဖယ်ထုတ်တယ်။ မအိပ်တတ်ဘူး။ တဖြည်းဖြည်းနဲ့မှ အိပ်တတ်သွားတာ”
ဟု အပြင် ပြန်ထွက်လာခဲ့ရာတွင် အိပ်ရာဝင်သည့်အခါပင် အခက်အခဲဖြစ်ရသည်ကို ဆရာတော်က မိန့်ဆိုသည်။





No comments:
Post a Comment