ဘန်ကောက်-ထိုင်းနိုင်ငံတောင်ပိုင်းရှိ
မလေးရှားနှင့်နယ်စပ် နရာသီဝပ်ပြည်နယ်မှ ရန်ဝေးခရိုင်တွင် ကုန်စုံဆိုင်တစ်ခုအနီးကြာသပတေးနေ့ညနေခင်းက
မော်တော်ဆိုင်ကယ်တစ်စီး ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ လူသုံးဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရခဲ့ကြောင်း
သိရသည်။
ထိုင်းတောင်ပိုင်းသည်
မွတ်စလင်အများစုနေထိုင်ရာဖြစ်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရေးအတွက် ပုန်ကန်မှုများ
မကြာခဏ ဖြစ်နေခဲ့သည်မှာ ဆယ်စုနှစ်နီးပါးရှိနေခဲ့ပြီး ၂၀၀၄မှစ၍ သေဆုံးသူဦးရေမှာလည်း
၆,၄၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။
ခရိုင်ရဲမှူးတစ်ဦးဖြစ်သည့်
ပက်ခဒီပရီချာချိုးက သေဆုံးသူများမှာ စစ်တပ်အရာရှိတစ်ဦး၊ အမျိုးသားနှင့် အမျိုးသမီး
အရပ်သားနှစ်ဦးဖြစ်ကြပြီး အခြားဗုံးများလည်း ထိုဧရိယာတွင် ပေါက်ကွဲခဲ့သော်လည်း ထိခိုက်သေဆုံးမှုများမရှိခဲ့ကြောင်းဆိုသည်။
“အပျက်အစီးအများဆုံးက
မော်တော်ဆိုင်ကယ်ဗုံးပေါက်ကွဲခဲ့တဲ့နေရာဖြစ်ပါတယ်။ သေဆုံးသူအားလုံးက အဲဒီနေရာကပေါက်ကွဲမှုမှာ
သေဆုံးခဲ့တာပါ။ ဒဏ်ရာရသူတွေထဲမှာ စစ်သားတစ်ဦးကတော့ ခြေထောက်ပြတ်ခဲ့ ရပါတယ်။ တခြားလေးဦးကတော့
ဆေးရုံးက သက်သာလို့ ပြန်ဆင်းသွားခဲ့ပါပြီ” ဟု အေအက်ဖ်ပီ သတင်းအား ပြောသည်။
လက်ရှိတွင်
ထိုင်းစစ်တပ်နှင့်ရဲတပ်ဖွဲ့က ပေါက်ကွဲမှုကို စစ်ဆေးလျက်ရှိပြီး မည်သည့်အဖွဲ့အစည်း၏ လုပ်ရပ်ဖြစ်ကြောင်း
ထုတ်ဖော်ခြင်းမရှိသေးဟု ဆိုသည်။
ထိုင်းတောင်ပိုင်းဒေသသည်
ဗုဒ္ဓဘာသာအများစုနေထိုင်သည့် ထိုင်းနိုင်ငံက ပြီးခဲ့သည့်ရာစုနှစ်ကပင် သိမ်းယူထားသည့်
မလေးမွတ်စလင်နွယ်ဖွားတိုင်းရင်းသားများနေထိုင်ရာဒေသဖြစ်ကာ အစိုးရတပ်များအား ၄င်းတို့က
ချုံခိုတိုက်ခိုက်ခြင်းနှင့် ဗုံးခွဲလုပ်ကြံမှုများ မကြာခဏဖြစ်ပွားရာ နေရာဖြစ်သည်။
_Ref:AFP

No comments:
Post a Comment