ရန်ကုန်၊
စက်တင်ဘာ ၂၉
ရန်ကုန်မြို့တွင်
ကျင်းပမည့် မျိုးစောင့်ဥပဒေအောင်နိုင်ရေးအထိမ်းအမှတ် အခမ်းအနားကို သီတဂူဆရာတော် အရှင်ဉာဏိဿရ
တက်ရောက်မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဦးဆောင်ဆရာတော်
မကွေးကျောင်းဆရာတော် ဦးပါမောက္ခက ပြောကြားသည်။
အဆိုပါအခမ်းအနားကို
သိန်း ၁၅၀၀ ကျော် အကုန်ကျခံကာ ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင်
အောက်တိုဘာလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
သီတဂူဆရာတော်သည်
၁၉၉၁ ခုနှစ်မှစတင်၍ သဒ္ဓမ္မသီတဂူချောင်တွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ်၍ ပိဋကတ်ကျမ်းစာ၊
ဗုဒ္ဓသာသနာသမိုင်း၊ သာသနာပြုနည်းနှင့် ကမ္မဋ္ဌာန်းတရားများကို ရဟန်းတော်၊ သာမဏေ၊ သီလရှင်နှင့်
လူပုဂ္ဂိုလ်များအား ပို့ချခဲ့သူဖြစ်သည်။
ထို့အပြင်
၁၉၉၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုအော်စတင်မြို့၌ သီတဂူဗုဒ္ဓဝိဟာရကျောင်းကို တည်ထောင်ခဲ့သည်။
ရန်ကုန်မြို့တွင်
ကျင်းပမည့်မျိုးစောင့်ဥပဒေအောင်နိုင်ရေး အထိမ်းအမှတ်အခမ်းအနားကို နိုင်ငံတကာ သံတမန်များ၊
နိုင်ငံရေးပါတီများ၊ ပရဟိတအဖွဲ့အစည်းများ NGO အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင် များ၊
မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ်အသီးသီးမှ မ.ဘ.သ ဆရာတော်များ၊ ပြည်သူများအားလုံး
တက်ရောက်ရန် ဖိတ်ကြားထားကြောင်း ဦးပါမောက္ခက ဆိုသည်။
“ဒီအခမ်းအနားကို
ငွေကျပ်သိန်းပေါင်း ၁၅၀၀ ကျော်အကုန်အကျခံထားပါတယ်။ ဒါတွေ မကသေးဘူး။ စတုဒိသာကျွေးမယ့်
ကုမ္ပဏီတွေလည်းရှိတယ်။ နာမည်တော့ ထည့်မပြောချင်ပါဘူး။ အလှူငွေတွေလည်း ရှိပါတယ်” ဟု ၄င်းကဆိုသည်။
ယင်းအခမ်းအနားပြုလုပ်ရခြင်းသည်
မကြာသေးခင်က လွှတ်တော်တွင် ပြဋ္ဌာန်းလိုက်သော မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်ကိစ္စများရှိနေသည့်အတွက်
ယင်းဥပဒေသည် ညီညွတ်မျှတပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်သော ဥပဒေတစ်ခုဖြစ်ကြောင်းကို
ကမ္ဘာက သိရှိစေရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ် ရခြင်းဖြစ်ကြောင်း ၄င်းက
ထပ်လောင်းပြောကြားသည်။
မျိုးစောင့်ဥပဒေကို
အထင်အမြင် မလွဲမှားစေရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်းကို ထိုအခမ်းအနားသို့
တက်ေ၇ာက်လာသည့် နိုင်ငံတကာသံတမန်များကို ရှင်းပြသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
မျိုးစောင့်ဥပဒေများ
ဂုဏ်ပြုကြိုဆိုပွဲတေကို စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင် ၂၇ ရက်နေ့အထိ ရန်ကုန်၊ မွန်၊ ကရင်၊
ပဲခူး၊ စစ်ကိုင်း၊ ရခိုင်၊ ဧရာဝတီ၊ မကွေး၊ ရှမ်း(တောင်)၊ ကယား၊ နေပြည်တော်၊ ရှမ်း(မြောက်)၊
ကချင်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဆက်တိုက်ပြုလုပ်ခဲ့ပြီး ရန်ကုန်တွင် စက်တင်ဘာလ
၂၈ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အောက်တိုဘာလ
၎ ရက်နေ့သို့ ပြောင်းလဲကာ ပြုလုပ်ခဲ့ရကြောင်း ၄င်းကဆိုသည်။
တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေကို
၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅၄၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဥပဒေကို
ဥပဒေအမှတ် ၅၀၊ ကိုးကွယ်ရာဘာသာကူးပြောင်း ခြင်းဆိုင်ရာဥပဒေကို ဥပဒေမှတ် ၄၈၊ လူဦးရေတိုးပွားမှုထိန်းညှိခြင်းဆိုင်ရာ
ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကို ဥပဒေအမှတ် ၂၈ အဖြစ် ပြဋ္ဌာန်းခဲ့သည်။


No comments:
Post a Comment