Sunday, August 9, 2015

“ဧရာဝတီတိုင်းသို့ ရောက်ပါပြီ(၃)”

8.8.2015 ရက်နေ့ ညနေပိုင်းမှာ ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ကနောင်တိုက်နယ်၊ လေးတူးအုပ်စု၊ ချောင်းရိုးရွာကို ရောက်ခဲ့ပါတယ်။
ချောင်းရိုးရွာက မြစ်ရေလွှမ်းတာမဟုတ်ပါဘူး။ ချောင်းရေလွှမ်းတာပါ။ ဒေသအခေါ် တောရေလွှမ်းတာဖြစ်ပါ တယ်။ ရိုးမတွေက ဆင်းလာတဲ့ တောင်ကျရေတွေဟာ တစ်ရက်ကို ၆ လက်မလောက်တိုးလာရင်းနဲ့ လယ်တွေအကုန်မြုပ်သွားတာပါ။ အထပ်မြင့်အိမ်တွေလောက်ပဲ အပေါ်ထပ်မှာ နေထိုင်စရာကျန်ပြီး ကျန်အိမ်တွေကတော့ စုန်းစုန်းမြုပ်သွားတော့တာပါ။
အရင်က လယ်ပြင်ကြီးဟာ ဒီကနေ့ ရေပြင်ကြီးဖြစ်သွားပါပြီ။ လှေနဲ့စိုက်ခင်းတွေကို မိုးထဲလေထဲမှာ ဖြတ်ကျော်ရင်း ချောင်းရိုးရွာကို ရောက်ပါတယ်။ ဘုန်းကြီးကျောင်းတောင်သော့ခတ်ထားရပါပြီ။ ဧည့်သည်လာမယ်ဆိုလို့ သော့ဖွင့်ဧည့်ခံကြပေမယ့် ရွာသူရွာသားတွေကတော့ သိပ်မရှိကြတော့ပါဘူး။ ဘေးလွတ်ရာပြောင်းသူပြောင်း၊ စာသင်ကျောင်းမှာ စုနေသူကနေနှင့် ပြည်သူတွေ အခြေပျက်လို့ အနေခက်ကုန်ပါပြီ။
မိုးမခရွာ၊ ကြခတ်ချောင်းရွာ၊ ချောင်းရိုးရွာတို့ရေအောက်ပျောက်သွားပုံကို စက်လှေနဲ့လိုက်ကြည့်ရင်း စုံစမ်းကြည့် တဲ့အခါ အနှစ်ငါးဆယ်ကျော်ပါပြီ ဒီလိုတစ်ခါမှ မကြုံဖူးခဲ့ဘူးလို့ အသက်ငါးဆယ်ကျော်အရွယ် လူကြီးတစ်ယောက်က လျှောက်ပါတယ်။
ရေထွက်ပေါက်ရှိပေမယ့် ရေကတောင့်ခံနေလို့ နှစ်ရက်မှ တစ်လက်မလောက်ပဲ ရေကျတာပါ။ တော်တော်နဲ့ အိမ်ပြန်ရဦးမှာ မဟုတ်တဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတာပါ။ ဆန်စပါးတွေ၊ သီးနှံတွေ ဆုံးရှုံးတဲ့အပြင် ကယ်ဆယ်ရေးအဖွဲ့တွေ မရောက်တဲ့ဒေသတွေဖြစ်နေလို့ ဆန်ပြုတ်ပဲသောက်ရ တဲ့နေ့တွေတောင် ရှိပါတယ်။
ရေကြီးရေလျှံပေမယ့် ရေသောက်စရာမရှိတဲ့နေ့တွေလည်း ရှိခဲ့ပါတယ်။
လေးတူးအုပ်စုမှာ လေးတူးလေး၊ လေးတူးကြီး၊ မိုးမခ၊ ကြခတ်ချောင်း၊ ချောင်းရိုးရွာရယ်လို့ ရှိပါတယ်။ စုစုပေါင်း အိမ်ခြေ ၃၇၈ လုံးပါ။ တစ်အိမ်ထောင် ၃၀၀၀ ကျပ်စီ(၁၁၃၄၀၀၀ကျပ်) နှင့် ဆန်အိတ် ၂၈ အိတ် လှူဒါန်းခဲ့ပါတယ်။ ကလေးငယ်တွေအတွက် ကိတ်မုန့်တွေလည်း လှူဒါန်းခဲ့ပါတယ်။
မန်း မ.ဘ.သ အဖွဲ့ရဲ့ မွန်မြတ်တဲ့ စေတနာတွေ ဖြစ်ပါတယ်။ မန်း မ.ဘ.သ သို့ လာရောက်လှူဒါန်းတဲ့ ရဟန်းရှင်လူပြည်သူအားလုံးရဲ့ အလှူငွေဖြစ်ပါတယ်။
ရေဘေးကူပြည်သူများအနေနဲ့ အမှန်တကယ် ဒုက္ခရောက်တဲ့ ရေဘေးသင့်ပြည်သူတွေထံ အရောက်ပို့ချင်သပ ဆိုရင် မြန်အောင် မ.ဘ.သ နှင့် ဆက်သွယ်လိုက်ပါ။ အားလုံးကောင်းအောင် လုပ်ပေးပါလိမ့်မယ်။
ဦးဝိမလ-09.402611018/09.792805969

ဦးစန္ဒာဝရ-09.422511939/09.793619225

No comments:

Post a Comment