ရေဘေးကူညီရေး
အလှူတော် (၂)
ဇေယျာသီရိ
မြို့နယ်၊ အလယ်ရွာ
--------------------------------------------
စက်တင်ဘာလ ၂၄ရက်နေ့ နေ့ဆွမ်းစားအပြီးမှာ ရေဘေးကူညီရေး အလှူတော် တပ်ဖွဲ့ဟာ
နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်အုပ်စု၊ အလယ်ရွာသို့ ချီတက်ခဲ့ကြပါတယ်။
တပ်ကုန်းမြို့နယ်၊ မန်ကျည်းပင်အုပ်စု၊ ရှားတုံးအိုင်ရွာမှ ချီတက်လာကြခြင်း
ဖြစ်ပါတယ်။
အလယ်ရွာ မရောက်ခင် နေပြည်တော်လမ်းမကြီးတွေပေါ် ရေလွှမ်းခဲ့တာ စက်လှေနဲ့
သွားရတယ်ဆိုပဲ။ မယုံနိုင်စရာဖြစ်ရပ်ဆိုးကြီးပါ။
အလယ်ရွာရောက်တော့ မြင်မကောင်းရှုမကောင်းတော့ပါ။ ဘုန်းကြီးကျောင်းတောင်
ရှေးဟောင်းနှစ်ထပ်ကျောင်းကြီးက အတော်မြင့်လို့ ရေလွတ်တာပါ။
ရွာသူရွာသားတွေ နှစ်ထပ်ဆောင်ကြီးပေါ် စုပြုံနေရပါသတဲ့။
အခုရေကျသွားပေမဲ့ အိမ်မမျောတာ တစ်ခုပဲကျန်ပါတော့တယ်။ ပစ္စည်းလက်မဲ့ဘဝကို
ရောက်ရှိသွားကြတာပါ။
ပေါက်ကိုယ်တော်နဲ့ အဖွဲ့က ဆန်၊စောင်၊ ခေါင်းအုံးတွေ တစ်စုံစီ လှူကြပါတယ်။
ရွာသူတွေကလဲ တခြားမလို ဆန်၊ ဆီ၊ စောင်၊ ခေါင်းအုံးပဲ လိုကြတာပါတဲ့။
ဆီက ဝယ်ရခက် သယ်ရခက်လို့ တစ်အိမ်ထောင် ဆန်တစ်အိတ်စီနဲ့ လူတစ်ဦး ခေါင်းအုံးတစ်လုံး၊
စောင်တစ်ထည်စီ လှူခဲ့တာပါ။
စာရေးသူကို သြဝါဒပေးဖို့ လျှောက်ထားတော့ စာရေးသူက ဒီအထဲမှာ ပြောမရဆိုမရတဲ့သူတွေပါလားလို့
မေးလိုက်ပါတယ်။ “မပါပါဘူးဘုရားတဲ့” ပါရင် မိုးနတ်မင်းကို ထပ်ခေါ်ပေးမလို့ လို့ပြောလိုက်တော့
မိုးသံကို မကြားချင်တော့တာပါတဲ့။
ဒါနဲ့ ရှင်မောဂ္ဂလ္လာန်လောင်းလျာ ကိသဝစ္ဆရသေ့အကြောင်း ဟောကြားခဲ့ပါတယ်။
ရှင်ဘုရင်ကိုယ်တိုင် ရသေ့ခေါင်းပေါ် တံထွေးထွေးချပြီး ပြစ်မှားခဲ့လို့
တစ်တိုင်းပြည်လုံး ရေအောက်ရောက်ခဲ့ရတဲ့ အဖြစ်ဆိုးကြီး အကြောင်းပါ။
သူတော်ကောင်းတွေကို ပြစ်မှားရင် နတ်တွေက စိတ်ဆိုးတယ်။ နတ်တွေက ဒဏ်ခတ်ရင်
မပြစ်မှားသူတွေပါ စက်ကွင်းမိတတ်တယ်။
ဒါကြောင့် သူတော်ကောင်းတွေကို မစော်ကားမိကြစေဖို့ ၊ မပြစ်မှား မိကြစေဖို့
သတိပေး - သြဝါဒတရားလေးပါ။
မူလအစီအစဉ်က ဥတ္တရသီရိမြို့နယ်၊ ရွှေအိမ်စတိုးမှာ နေ့ဆွမ်းစားပြီးမှ
ရေဘေးကူညီရေး ထွက်ဖို့ပါ။
ပေါက်ကိုယ်တော်က ရှားတုံးအိုင်ရွာကို ရွေးထားတာနဲ့ ရွှေအိမ်ကို နေ့ဆွမ်းမမီတော့ပါဘူး။
ရွှေအိမ်မှ ရဟန်းဒါယိကာမကြီး ဒေါ်ဌေးတို့ အလယ်ရွာအထိ လိုက်လာကြပါတယ်။
နဝကမ္မ သိန်း၂၀ လှူပါတယ်။ ရေဘေးအတွက် ရည်ရွယ်ထားပြီး ဖြစ်လို့ ရေဘေးသင့်ပြည်သူတွေအတွက်ပဲ
အသုံးပြုသွားဖို့ လက်ခံပေးထားပါတယ်။
ရေဘေးကူညီရေး အလှူတော် သိန်း၂၀ ဆက်ကပ်တာကို ကျောင်းပေါ်ရှိ ရဟန်းရှင်လူပြည်သူများက
သာဓုအနုမောဒနာပြုကြပါတယ်။
ရေဘေးကုလိုလ်ရှင် အားလုံး
ဘေးဘယာတွေဝေးကွာကြပါစေ။
ကိုယ်စိတ်နှစ်ဖျာ ချမ်းသာကြပါစေ။
ကောင်းကျိုးလိုရာ ဆန္ဒပြည့်မှန်သမျှပြည့်ဝကြပါစေ။
No comments:
Post a Comment