ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃၂)
“ပေးဆပ်ပါရစေ မွေးရပ်မြေ”
-----------------------------------------------
စာရေးသူ၏ဇာတိသည် မန္တလေးတိုင်း ကျောက်ဆည်မြို့ဖြစ်သည်။
စာရေးသူ၏ ဖခင်(ခမည်းတော်)သည် စက်မှုလယ်ယာ(ထွန်စက်မောင်း) ဝန်ထမ်းဖြစ်သည့်အားလျော်စွာ
ဖခင်တာဝန်ကျရာမြို့တော်မှာ မွေးဖွားသောကြောင့် မြို့သားဖြစ်နေရခြင်းဖြစ်သည်။ သာသနာ့ဝန်ထမ်း
ရဟန်းတော်အများစုသည် ရွာသားများဖြစ်ကြပေသည်။ ဖခင်တာဝန်ကျရာ ကျေးရွာတစ်ခုမှာ စာရေးသူကို
မွေးဖွားလျှင် စာရေးသူလည်း ရွာသားတစ်ဦးဖြစ်မည်သာ။
စာရေးသူ အမျိုးသားရေးလုပ်သောကြောင့်
မိခင်အပေါ်မှာလည်း တာဝန်မကျေခဲ့ပါ။ ဆရာသမားအပေါ်မှာလည်း တာဝန်မကျေခဲ့ပါ။ ရဟန်းဒါယိကာမကြီးအပေါ်မှာလည်း
တာဝန်မကျေခဲ့ပါ။ ညီအစ်ကိုမောင်နှမများပေါ်မှာလည်း တာဝန်မကျေခဲ့ပါ။ သို့သော် ဇာတိမြေအပေါ်တော့
တာဝန်ကျေခဲ့သည်ဟု ယူဆမိပေသည်။
စာရေးသူသည် အထက(၁) ကျောင်းသားဟောင်းဖြစ်ပါသည်။
၁၉၈၄-၈၅ ခုနှစ် အဋ္ဌမတန်းအထိ ကျောင်းနေခဲ့ပါသည်။ နဝမတန်းတက်ချိန်၌ သာသနာ့ဘောင်မှာပဲ အမြဲနေတော့မည်ဟု
ဆုံးဖြတ်လိုက်သောကြောင့် ကျောင်းဆက်မတက်ဖြစ်တော့ခြင်း ဖြစ်ပါသည်။ သို့သော် စာရေးသူသည်
အထက(၁) ဆရာ ဆရာမများအပေါ် တာဝန်ကျေခဲ့သည်ဟု ယူဆမိပါသည်။ အကြောင်းမှာ အာစရိယပူဇော်ပွဲကျင်းပသည့်အခါတိုင်း
လှူဒါန်းနိုင်ခဲ့သောကြောင့် ဖြစ်ပါသည်။ တစ်နေ့သောအခါ ဓမ္မခရီးတစ်ထောက်အဖြစ် ရဟန်းဒါယိကာမကြီးအမည်ဖြင့်
ဖွင့်ထားသော ထမင်းဆိုင်မှာ ခဏနားပါသည်။ ထိုထမင်းဆိုင်၌ အထက(၁) အာစရိယပူဇော်ပွဲ ကြော်ငြာတစ်ခုကို
ဖတ်လိုက်ရပါသည်။ ကြော်ငြာပါ ဖုန်းနံပါတ်ကိုဆက်၍ စုံစမ်းကြည့်ရာ မူလတန်း အလယ်တန်း၌ အတူစာသင်ခဲ့ရသော
ငယ်သူငယ်ချင်းဖြစ်သူ လာတွေ့ပါသည်။ ၎င်းနှစ်မှစ၍ အာစရိယပူဇော်ပွဲကျင်းပဖြစ်သည့်အခါတိုင်း
စာရေးသူက ဆရာ ဆရာမများအား ကျေးဇူးဆပ်ခွင့် ရရှိခဲ့ခြင်း ဖြစ်ပါသည်။ စာရေးသူ ငါးတန်းမှ
ရှစ်တန်းအထိ ကျောင်းနေခဲ့စဉ်က အထက(၁)၌ တာဝန်ကျခဲ့သော ဆရာ ဆရာမများနှင့် စာရေးသူတို့အတန်းကို
ကိုင်တွယ်ခဲ့သော အတန်းပိုင်နှင့် ဘာသာပြဆရာ ဆရာမများကို ဦးစားပေးလှူဒါန်းခဲ့ပါသည်။
စာရေးသူကျောင်းထွက်ပြီးသည့်နောက်၌ တာဝန်ကျခဲ့သော အငြိမ်းစား ဆရာ ဆရာမများကိုလည်း အများနှင့်တန်းတူ
လှူဒါန်းခဲ့ပါသည်။ စာရေးသူကိုယ်တိုင်တက်ရောက်ကာ ဆရာ ဆရာမများကို အားပေးနှုတ်ဆက်ခဲ့ဖူးပါသည်။
တစ်နှစ်ခြားတစ်ကြိမ် ကျင်းပသည့်အခါတိုင်း စာရေးသူသည် အထက(၁) အငြိမ်းစား ဆရာ ဆရာမများကို
သုံးမျိုးသုံးစားခွဲ၍ အမြဲလှူဒါန်းနိုင်ခဲ့ပါသည်။ မင်းဘေးသင့်ကာနီးကာလ၌မူ ခါတိုင်းကဲ့သို့
များပြားစွာမလှူဒါန်းနိုင်ခဲ့ပါ။ အကြောင်းမှာ စီးပွားရေးပိတ်ဆို့မှုဒဏ် ခံခဲ့ရသောကြောင့်
ဖြစ်ပါသည်။ စာရေးသူ၏ စိတ်ကူး၌ အာစရိယပူဇော်ပွဲပဒေသာပင်အဖြစ် ဘဏ်မှာအပ်နှံထားကာ ရရှိလာသော
အတိုင်းငွေများဖြင့်သာ နှစ်စဉ်ပူဇော်လိုရင်း ဖြစ်သော်လည်း စာရေးသူမှာ ဘဏ်အပ်လောက်အောင်
ငွေအများအပြား မရှိခဲ့သဖြင့် အကောင်အထည်မဖော်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ မည်သို့ဆိုစေ
စာရေးသူသည် အထက(၁) မိခင်ကျောင်းတော်ကြီးအပေါ်၌ ထိုက်သည့်အားလျော်စွာ တာဝန်ကျေခဲ့ပါလေ၏။
အထက(၁)မရောက်ခင် အမက(၆)၌ သူငယ်တန်းမှ
စတုတ္ထတန်းအထိ ကျောင်းနေခဲ့ပါသည်။ အဆိုပါကျောင်းမှ ဆရာ ဆရာမများကို ကျေးဇူးဆပ်လိုသော်လည်း
အာစရိယပူဇော်ပွဲကျင်းပခြင်းမရှိဟု သိရပါသည်။ သူငယ်ချင်းတို့ကို တိုက်တွန်းသော်လည်း
မအောင်မြင်၊ ကိုယ်တိုင်လည်း စည်းရုံးချိန်မရသဖြင့် မူလတန်း ဆရာ ဆရာမများကို တစ်စုတစ်စည်းတည်း
ပူဇော်ပွဲလုပ်၍ မလှူဒါန်းဖြစ်ခဲ့သော်လည်း နီးစပ်ရာ ဆရာ ဆရာမများကိုမူ သတင်းကြားလျှင်
ကြားသလို လူကြုံရှိလျှင် ရှိသလို လှူဒါန်းထောက်ပံ့နိုင်ခဲ့ပါသည်။ အမက(၆) မိခင်ကျောင်းတော်ကြီးအပေါ်
ပြည့်ဝစွာတာဝန်ကျေသူမဟုတ်သည့်တိုင် ဆရာ ဆရာမများအပေါ် ကျေးဇူးသိတတ်သော ကျောင်းသားကောင်းတစ်ယောက်ဖြစ်သည်ကိုမူ
မည်သူမျှ ငြင်းဆန်နိုင်မည် မဟုတ်ပါပေ။
ကျောက်ဆည်မြို့၌ ပရဟိတ လူမှုရေးအသင်းပေါင်းများစွာရှိပေသည်။
စာရေးသူအား အသင်းနှစ်သင်းက မော်တော်ယာဉ်အလှူခံခဲ့ဖူးပေသည်။ အသင်းတစ်သင်းအား စူပါကာစတန်ကား(W)တစ်စီး
လှူဒါန်းနိုင်ခဲ့ပါသည်။ အခြားတစ်သင်းကိုမူ ယခုထိ မလှူဒါန်းဖြစ်သေးပါ။ စီးပွားရေးပိတ်ဆို့မှုဒဏ်ခံခဲ့ရသဖြင့်
စိတ်သွားတိုင်း ကိုယ်မပါခြင်း ဖြစ်ပါသည်။ တစ်ချိန်ချိန်မှာ လှူဒါန်းနိုင်လိမ့်မည်ဟုကား
အပြည့်အဝယုံကြည်ထားပါသည်။ စာရေးသူ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် စာရေးသူ၏ ဇာတိမြေ မိခင်စာသင်တိုက်၌
စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပဖြစ်ခဲ့ပါသည်။ ထိုအခါ ကျောက်ဆည်ပြည်သူ့ဆေးရုံ၌ မီးစက်တစ်လုံး
လိုအပ်နေကြောင်း သိရှိခဲ့ရပါသည်။ သို့သော် အလှူမဖြစ်မြောက်သေးပါ။ လှူမည်ဟု စိတ်ကူးလိုက်
အရေးပေါ်လိုအပ်ချက်များ ပေါ်လာလိုက်ဖြင့် မီးစက်အတွက် အပြီးမသတ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
စာရေးသူ၏ မိခင်(မယ်တော်)သည် ၂၀၁၅ ခုနှစ်၌
ကွယ်လွယ်ခဲ့ပါသည်။ စာရေးသူသည် မိခင်အပေါ် တာဝန်မကျေခဲ့ပါ။ စာရေးသူ အိုးဘိုမှာနေရစဉ်
မိခင်အား လစဉ် နှစ်သောင်းကျပ် ထောက်ပံ့ခဲ့ပါသည်။ စာရေးသူ မစိုးရိမ်ပြန်ရောက်လာသောအခါ
လစဉ် ငါးသောင်းကျပ် ထောက်ပံ့ခဲ့ရာမှ တစ်သိန်းခွဲအထိ တိုး၍ ထောက်ပံ့နိုင်ခဲ့ပါသည်။ မိခင်မကွယ်လွန်မီ
အိမ်ကောင်းကောင်းဖြင့် ထားလို၍ တစ်ထပ်တိုက်အိမ်လေး ဆောက်လုပ်ပေးဖို့ စီစဉ်ခဲ့ပါသည်။
ငွေကြေးအဆင်ပြေသော်လည်း အနီးကပ်ကြီးကြပ်ပေးမည့် နောင်တော်ကြီးတစ်ပါးက အလုပ်များနေသဖြင့်
လုပ်ငန်းမစနိုင်ခဲ့ပါ။ မိခင်မကွယ်လွန်မီ ဘုရားဖူးအနှံ့လိုက်ပို့မည်ဟု စိတ်ကူးခဲ့သော်လည်း
တရားပွဲများသို့ သွားရောက်နေရသဖြင့် ကိုယ်တိုင်လိုက်မပို့နိုင်ခဲ့ပါ။ ကပ္ပိယကားဆရာကို
လိုက်ပို့ခိုင်းမည်ဟု စိတ်ကူးသည့်အခါ၌လည်း ကားမအားသည်က များနေ၍ မိခင်ခမျာ အလောင်းတော်ကဿပသို့ပင်
ဘုရားဖူးမရောက်ဖြစ်ခဲ့ပါ။ ဤသို့ဖြင့် နောင်တော်ကြီးခရီးပြန်ရောက်ခိုက် တိုက်ဆောက်ပေးဖို့
အိမ်ဟောင်းလေးကို ဖျက်လိုက်ရပါသည်။ အမေ့ကို ယာယီတဲလေးမှာ ထားရပါသည်။ ကံအားလျော်စွာ
ယာယီတဲလေးပေါ်မှာပင် အမေကွယ်လွန်သွားပါသည်။ တိုက်အိမ်ဖြင့် မနေခဲ့ရရှာပါ။ အမေကွယ်လွန်သည့်အခါ
အမေ့သေတမ်းစာကို ခေါင်းအုံးအောက်မှာ တွေ့ခဲ့ရပါသည်။ စာရေးသူကိုပေးဖို့ ရေးသားခဲ့သည့်စာ
ဖြစ်ပါသည်။ ဈာပနပွဲအလုပ်များနေ၍ မဖတ်ဖြစ်ပါ။ မယ်တော်ပျံပွဲမှအပြန် လေယာဉ်ပေါ်ရောက်မှသာ
ဖတ်ဖြစ်ခဲ့ပါသည်။ သူ့အတွက် နဂါးရုံဘုရားတည်ပြီး အမျှအတန်းပေးဝေဖို့ မှာခဲ့သည့်စာ ဖြစ်ပါသည်။
စာရေးသူ ရှင်သာမဏေဝတ်ရာ ဘကြီးတော်ကျောင်းတိုက်မှာ နဂါးရုံဘုရားတည်ထားကိုးကွယ်ပြီး နှစ်ပတ်လည်အခမ်းအနားမှာ
အမေ့အား အမျှအတန်းပေးဝေခဲ့ပါသည်။ သို့သော် နောက်နောင် နှစ်ပတ်လည်အခမ်းအနားတိုင်း စာရေးသူမရောက်ဖြစ်တော့ပါ။
စာရေးသူမှာ မွေးချင်းရှစ်ယောက်ရှိပါသည်။
စာရေးသူအထက်မှာ အစ်မတစ်ယောက်သာ ရှိပြီး ကျန်ခြောက်ယောက်က ညီငယ် ညီမငယ်များသာ ဖြစ်ပါသည်။
အဆိုပါညီငယ် ညီမငယ်များအပေါ်၌လည်း စာရေးသူတာဝန်မကျေခဲ့ပါ။ ငွေကြေးထောက်ပံ့ခြင်း၊ အလုပ်အကိုင်ရှာဖွေပေးခြင်း၊
အရင်းအနှီးထုတ်ပေးခြင်းမျိုး လုံးဝ မရှိသောကြောင့် ဖြစ်ပါသည်။ ၎င်းတို့သည် လက်လုပ်လက်စားများဖြစ်၍
ဆင်းရဲကြသည်မှာ မှန်၏။ စာရေးသူက ငွေကြေးထောက်ပံ့နေလျှင် ၎င်းတို့သည် ကိုယ့်အားကိုယ်ကိုးလိုစိတ်များ
ရှိကြတော့မည်မဟုတ်ပါ။ ဘုန်းကြီးပေးစာကမ်းစာသာ မျှော်လင့်ပြီး လုပ်ကိုင်စားသောက်ကြတော့မည်
မဟုတ်ပါ။ ထိုအခါ စာရေးသူက ၎င်းတို့ကို ဖျက်ဆီးသလို ဖြစ်သွားပေလိမ့်မည်။ ၎င်းတို့သည်လည်း အလုပ်အကိုင်ဟူ၍
မည်မည်ရရ ပြစရာမရှိဘဲ စားနိုင်သောက်နိုင်ဘဝဖြင့် သက်သာချောင်လည်နေပါလျင် အများတကာ၏
ကဲ့ရဲ့မှုကို ခံရနိုင်ပေသည်။ ထို့အပြင် စာရေးသူမှာရှိသော ငွေကြေးများသည် မွေးချင်းများအတွက်မဟုတ်ပါ။
သွေးချင်းများအတွက်သာ ဖြစ်ပါသည်။ ဆွေမျိုးများအတွက် မဟုတ်ပါ။ အမျိုးသားရေးအတွက် ဖြစ်ပါသည်။
ဓမ္မပူဇာများဖြင့် ၎င်းတို့ကို ထောက်ပံ့နေလျင် စာရေးသူလည်း အပြစ်ကင်းမည်မဟုတ်ပါ။ ပေးသူ
ယူသူ အလှူပေးအလှူခံ နှစ်ဦးနှစ်ဖက်လုံး အပြစ်ဖြစ်နိုင်ပါသည်။ အများပြည်သူက စာရေးသူကို
လှူဒါန်းကြသည်မှာလည်း ဆွေးမျိုးတွေအတွက် မဟုတ်ပါ။ အမျိုးသားရေးအတွက်သာ ဖြစ်ပါသည်။ ထို့ကြောင့်
စာရေးသူသည် ညီအစ်ကို မောင်နှမများအပေါ် တာဝန်မကျေခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ တာဝန်မကြေသောကြောင့်ပင်
ညီမအငယ်ဆုံးလေး မဆုံးသင့်ဘဲ ဆုံးသွားခဲ့ရပါသည်။ ဆေးရုံတက်လျှင်တက်ချင်း လူနာစောင့်က
စာရေးသူထံ ဖုန်းဆက်ပါသည်။ တီဘီရောဂါဟုဆိုသဖြင့် စာရေးသူလည်း အမှုမဲ့အမှတ်မဲ့သာ နေလိုက်ပါသည်။
လူလည်းမလွှတ် ငွေလည်း မပို့ဖြစ်ခဲ့ပါ။ လူနာစောင့်က ထပ်မံဖုန်းဆက်ပါသည်။ အမှန်တကယ် အခက်အခဲဖြစ်နေကြောင်း
ရောဂါအခြေအနေဆိုးဝါးကြောင်း ထပ်မံလျှောက်ထားခြင်းဖြစ်ပါသည်။ မန္တလေးခေါ်၍ ကုသဖို့လည်း
စိတ်မကူးမိပါ။ ကိုယ်တိုင်လည်း သွားရောက်မကြည့်ဖြစ်ခဲ့ပါ။ တပည့်တွေသွားတော့ အသက်မမီတော့ပါ။
သေလုမျောပါးဖြစ်နေသော ညီမငယ်လေးက အစ်ကိုဘုန်းကြီးကို အားကိုးတကြီးအကြောင်းကြားသော်လည်း
အစ်ကိုဘုန်းကြီးက ပစ်ထားရက်လေသောကြောင့် ဆင်းရဲသူညီမငယ်လေးခမျာ မသေသင့်ဘဲ သေသွားရရှာပေသည်။
အမျိုးသားရေးအတွက် ညီမငယ်လေး၏အသက်ကို စတေးမိခဲ့လေသလော မပြောသာလေပြီ။
ဆရာသမားပျံလွန်သည့်ဖြစ်ရပ်ကား ပို၍
ရင်နင့်စရာပင်။ စာရေးသူ၏ ကိုရင်ဘဝဥပဇ္ဈာယ်ဆရာဖြစ်ပါသည်။ ကမ္မဋ္ဌာန်းနိဿယည်းဆရာလည်း ဖြစ်ပါသည်။
ဆရာတော်စပ်ရုံတင်မဟုတ်ပါ။ အမျိုးလည်း တော်ပါသည်။ အမေ့အမေ (အမေကြီး/အဖွား)၏ မောင်အရင်းဖြစ်ပါသည်။
အမေ့ဦးလေးအရင်းဖြစ်၍ စာရေးသူ့ဦးကြီး ဖြစ်ပါသည်။ အထီးကျန်ဘဝဖြင့် ပျံလွန်ခဲ့ရှာပါသည်။
သူငယ်ချင်းဖြစ်သူ နောင်တော်တစ်ပါးကို ကျောင်းအပ်ထားသဖြင့် သူငယ်ချင်းက ပြုစုလိမ့်မည်ဟု
ထင်ခဲ့ပါသည်။ သူငယ်ချင်းက ဘကပညာရေးနှင့် ပရဟိတလုပ်ငန်းများဖြင့်သာ အချိန်ကုန်နေ၍ ဆရာသမားကို
မကြည့်အားခဲ့ပါ။ ဆရာသမားသည် တစ်ခါတရံ ခုတင်ပေါ်မှ ပြုတ်ကျရှာပါသည်။ တစ်ခါတရံ အပေါ့အပါးသွားစဉ်
မူးလဲရှာပါသည်။ သက်တော် ၈၇ အရွယ်ရောက်ကာမှ ထိပ်ပေါက်ခေါင်းကွဲ ဖြစ်ရရှာပါသည်။ ဤသည်များကို
စာရေးသူမသိရှိခဲ့ပါ။ တရားပွဲများ သွားနေရသဖြင့် သူငယ်ချင်းက အသိမပေးခြင်း ဖြစ်ပါသည်။
စာရေးသူသိရှိလျှင် သိရှိချင်း ဆရာသမားထံသွားကာ လိုအပ်သည့်အရာများအားလုံး ဖြင့်ဆည်းခဲ့ပါသည်။
ခုတင်ဘေးတွင် အပေါ့အပါးသွားဖို့ပါ စီမံပေးခဲ့ပါသည်။ စီစီတီဗီကင်မရာများလည်း တပ်ဆင်ပေးခဲ့ပါသည်။
လူနာစောင့်က တီဗီထိုင်ကြည့်ကာ ဆရာသမားအခြေအနေထူးလျှင်ထူးသလို ကူဖို့ကယ်ဖို့ ဖြစ်ပါသည်။
သို့သော် ခုတင်အောက်ပြုတ်ကျလျက်သား ပျံလွန်သွားရရှာပါသည်။ ဆရာသမားဈာပန မစည်ကားလှပါ။
အမေ့ဈာပန(မယ်တော်ပျံပွဲ)လောက်တောင် လူမစည်ပါ။ ၂၀၁၅ ရွေးကောက်ပွဲကာလ၌ ပျံလွန်သွားခြင်းဖြစ်သဖြင့်
ရွှေဆည်သူရွှေဆည်သားများက ပစ်ထားတော်မူကြသောကြောင့် ဖြစ်ပါသည်။ ဆရာသမားသည် ရှေးခေတ်ငွေစက္ကူများကိုသာ
မြင်ဖူးသူဖြစ်ပါသည်။ နောက်ပေါ်ငွေစက္ကူများ လုံးဝ မမြင်ဖူးရှာပါ။ တီဗွီလည်း မကြည့်ဖူးရှာပါ။
တီဗွီလည်း မမြင်ဖူးရှာပါ။ ညရှစ်နာရီကျိန်းစက်တော်မူကာ မနက် နှစ်နာရီ အမြဲအိပ်ရာထတော်မူပါသည်။
ကျေးဇူးရှင် ဝေဘူဆရာတော်ကြီး၏ တပည့်ရင်းကြီးပီပီ ကမ္မဋ္ဌာန်းအာရုံဖြင့်သာ တစ်ပါးတည်းမွေ့လျော်သူ
ဖြစ်ပါသည်။ စာရေးသူအပေါ် အမြဲနားလည်မှုပေးခဲ့သော ကျေးဇူးရှင်ဆရာတော်ကြီး ဖြစ်ပါသည်။ ဆရာကျေးဇူးရှင်ကြီးအပေါ်မှာလည်း
စာရေးသူတာဝန်မကျေခဲ့ပါ။ အမျိုးသားရေးအတွက် ဆရာ့အသက်ကိုပင် ပေးဆပ်မိခဲ့လေပြီလော မပြောသာလေပြီတည်း။
ကျောက်ဆည်မြို့ နာရီစင်အနီ စာရေးသူ၏
ရဟန်းဒါယိကာမကြီးအမည်ဖြင့် ဖွင့်လှစ်ထားသည့် ထမင်းဆိုင်တစ်ဆိုင် ရှိပါသည်။ ထိုဆိုင်၌
စာရေးသူဓာတ်ပုံနှင့် ရဟန်းဒါယိကာမကြီးဓာတ်ပုံကို ဘုရားကျောင်းဆောင်လေးအောက်မှာ ချိတ်ဆွဲထားပါသည်။
စာရေးသူသည် ကျောက်ဆည်မြို့ကို ဖြတ်သွားဖြတ်လာပြုတိုင်း ထမင်းဆိုင်သို့ ဝင်နားလေ့ရှိပါသည်။
သံယောဇဉ်ရှိ၍ အမြဲဝင်ထွက်နေခြင်းပင်။ တစ်နေ့သော် စာရေးသူဓာတ်ပုံ မတွေ့ရတော့ပါ။ နိုင်ငံရေးဖိအား၊
စီးပွားရေးစိုးရိမ်မှုကြောင့် ဖြုတ်ချလိုက်သည်ဟုပင် ထင်မိခဲ့ပါသည်။ စာရေးသူလည်း မိမိအတွက်
မိမိရဟန်းဒါယကာ ဒါယိကာမများခမျာ လက်ညှိုးထိုးခံဘဝရောက်နေရရှာသည်ဟူသော အတွေးဖြင့် စိတ်မကောင်းဖြစ်ခဲ့ရပါသည်။
သို့သော် ထိုသို့မဟုတ်ခဲ့ပါပေ။ စာရေးသူအပေါ် အကြည်ညိုပျက်သွားသောကြောင့် စာရေးသူ့ပုံကို
ဖြုတ်ချခဲ့ခြင်းဖြစ်ပါသည်။ အကြည်ညိုပျက်သည်ကလည်း နိုင်ငံရေးကြောင့်မဟုတ်ပါ။ စာရေးသူကို
အထင်အမြင်လွဲသွားသောကြောင့် ဖြစ်ပါသည်။ စာရေးသူကို ဘဝမေ့သူ ကျေးဇူးကန်းသူဟု ထင်မြင်ယူဆခဲ့သောကြောင့်
ဓာတ်ပုံဖြုတ်ချခဲ့သော်လည်း စာရေးသူရောက်လာလျှင်တော့ အခေါ်အဝေါ်မပျက်ကြပါ။ စာရေးသူ့ရဟန်းဒါယိကာမကြီးမှာ
သားသမီးကိုးယောက်ရှိပါသည်။ စာရေးသူနှင့်ဆိုလျှင် ဆယ်ယောက်ဟု သတ်မှတ်ထားကာ မည်သူမေးမေး
ဆယ်ယောက်ဟုသာ ဖြေလေ့ရှိပါသည်။ စာရေးသူ အိုးဘိုရောက်စဉ် ပထမဦးဆုံး ထောင်ဝင်စာလာတွေ့သူမှာ
စာရေးသူ၏ ရဟန်းဒါယိကာမကြီးပင် ဖြစ်ပါသည်။ မည်သူမျှ လာမတွေ့ရဲသည့်အချိန်တွင် ရဟန်းဒါယိကာမကြီးခမျာ
အိုကြီးအိုမအရွယ် မမြင်မစွမ်းဖြင့် တစ်ယောက်တည်း လာတွေ့ခြင်း ဖြစ်ပါသည်။ အသက်ရှစ်ဆယ်ကျော်အရွယ်လည်းဖြစ်
တစ်ယောက်တည်းလာသူလည်းဖြစ် မျက်စိလည်း မှုန်နေသူဖြစ်၍ ဧည့်တွေ့လာသူများက အမြင်မတော်သဖြင့်
တွဲခေါ်လာခဲ့ရပေသည်။ ရဟန်းဒါယိကာမကြီးလည်း စာရေးသူပြန်လာသည်အထိ မစောင့်နိုင်ခဲ့ပါ။ စာရေးသူလည်း
ရဟန်းဒါယိကာမကြီး အသက်ထင်ရှားရှိစဉ် အမီပြန်မလာနိုင်ခဲ့ပါ။ ရဟန်းဒါယိကာမကြီး ကွယ်လွန်သတင်းကြားရသည့်အခါ
ထိခိုက်ကြေကွဲမှု ပြင်းထန်ခဲ့ရပေသည်။ နိုင်ငံရေးသီချင်းများ စပ်ဆိုရုံမှလွဲ၍ ဖြေသိမ့်နိုင်စွမ်း
မရှိခဲ့တော့ပါပေ။ လူ့ပြည်ပြန်ရောက်လာသောအခါ ရဟန်းဒါယိကာမကြီး၏ နှစ်ပတ်လည်အခမ်းအနားအဖြစ်
ဆွမ်းကပ် အမျှအတန်းပေးဝေခဲ့ပါသည်။ သို့သော် နောင်နှစ်မှစ၍ ယခုအချိန်ထိ လုံးဝ မလုပ်ဖြစ်တော့ပါပေ။
ဆိုင်ရောက်သည့်အခိုက် ရဟန်းဒါယိကာမကြီးဓာတ်ပုံကြည့်၍ ကျေးဇူးတရားကို အာရုံယူဆင်ခြင်ခြင်းနှင့်
ညစဉ်ပရိတ်ပဋ္ဌာန်းရွတ်ပြီးတိုင်း အမျှအတန်းပေးဝေခြင်းကား ယနေ့အထိ ပြုလုပ်နေဆဲပင်။ ရဟန်းဒါယိကာမကြီး၏
နှစ်ပတ်လည်နေ့လေးများတောင် သတိမရကောင်းလားဟု အထင်အမြင်လွဲနေကြခြင်းလည်း ဖြစ်နိုင်ပေသည်။
နောက်တစ်ခုမှာ ရဟန်းဒါယိကာမကြီး၏ သားမက်ဖြစ်သူက စာရေးသူထံ ဖုန်းဆက်၍ ငွေကြေးအခက်အခဲကို
ပြောပြပါသည်။ စာရေးသူလည်း ကူညီမည်ဟု ကတိပေးခဲ့ပါသည်။ သို့သော် ပြည်နယ်ခရီးစဉ် တောင်တန်းများတစ်လျှောက်
အခမ်းအနားများနှင့် တရားပွဲများဖြင့် ပရိသတ်အတွက်သာ အာရုံစိုက်နေရသောကြောင့် သတိမရတော့ပါ။
မန္တလေးပြန်ရောက်၍ သတိရသည့်အခါ ရဟန်းဒါယိကာမကြီး၏ သမီးနှင့် စကားပြောဖြစ်သွားပါသည်။
စာရေးသူက သူ့ကိုဖုန်းဆက်လျှင် သင့်မသင့် ချင့်ချိန်နေစဉ်မှာပင် သူ့ဆီမှ ဖုန်းလာ၍ ဝမ်းသာအားရ
စကားပြောဖြစ်သွားပါသည်။ တစ်လုံးတစ်ခဲတည်း ပြန်ပေးစရာမလိုပါဘူး။ လစဉ် အမေ့အတွက် တစ်သိန်းခွဲလေးပဲ
ထုတ်ပေးလိုက်ပါဟု ပြောရာ သဘောတူသွားပါသည်။ စာရေးသူငွေလွှဲမည်ပြုစဉ်မှာ ၎င်းထံမှ ဖုန်းပြန်လာပါသည်။
“မလိုတော့ဘူး ဦးဇင်း၊ ရပြီ”ဟူသတည်း။ ဤအကြောင်းအရာကို သားမက်ဖြစ်သူက သိပုံမပေါ်ပါ။ စာရေးသူက
ပစ်ထားသယောင် လူမှုရေးခေါင်းပါးသယောင် စာရေးသူ၏ သူငယ်ချင်းများကို ပြောပြနေပါသည်။ ဤသို့သောအကြောင်းတရားတို့ကြောင့်
စာရေးသူဘဝမေ့သွားပြီ၊ ကျေးဇူးကန်းသွားပြီဟု ထင်ပုံရပါသည်။ စာရေးသူနာမည်ကြီးသည်မှာ မှန်ပါသည်။
သို့သော် ဘုန်းကံမကြီးခဲ့ပါ။ ပိုက်ဆံငွေကြေး ချမ်းသာကြွယ်ဝမှုကလည်း အွန်လိုင်းပေါ်မှာသာ
ဖြစ်ပါသည်။ လက်တွေ့မှာ မချမ်းသာပါ။ စာရေးသူလောက်လည်း နာမည်မကြီး၊ စာရေးသူလိုလည်း ပရိယတ္တိအရည်အချင်းမရှိသည့်
အခြားဓမ္မကထိကများကို ကြည့်လိုက်လျင် သိသာနိုင်ပါသည်။ ၎င်းတို့လောက် စာရေးသူမှာ ဘုန်းကံမကြီးမှန်း
တွေ့မြင်ရပါလိမ့်မည်။ သူတို့စီးသည့်ကားနှင့် စာရေးသူစီးသည့်ကား၊ သူတို့တည်းခိုသည့်နေရာနှင့်
စာရေးသူတည်းခိုသည့်နေရာ၊ သူတို့အမြဲနေရာကျောင်းနှင့် စာရေးသူအမြဲနေရာကျောင်းဆောင်တို့ကို
နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ စာရေးသူ၏ ဓမ္မပူဇာများကို ပညာရေးနှင့် ပရဟိတအတွက်သာ သုံးစွဲပါသည်။
ကားဝယ်မစီးပါ၊ ကျောင်းဆောက်မပစ်ပါ၊ ဇိမ်ခံပရိဘောဂဝယ်ဖို့ဆိုလျှင် စိတ်ကူးမျှပင် မပေါ်ပါ။
ပြည်သူ့စပွန်ဆာဖြင့် ပြည်သူကို အလုပ်အကျွေးပြုနေသည့်
ပြည်သူ့ရဟန်းတော်တစ်ပါးအဖြစ် မိမိကိုယ်ကို ခံယူထားပါသည်။ ထို့ကြောင့် ပိုက်ဆံချမ်းသာ၍
ဘဝမေ့သွားသည်ဟု ထင်နေသူများ မှားသည်ဟု ဆိုချင်ပါ၏။ အိတ်ဖောင်း၍ စိတ်ပြောင်းသည့်အထဲ
စာရေးသူ လုံးဝ မပါဝင်ပါ။
မွေးနေ့ပွဲ စည်ကားသည်မှာ မှန်ပါသည်။
သို့သော် ငွေရသည့်မွေးနေ့ပွဲမဟုတ်ပါ။ ငွေကုန်သည့်မွေးနေ့ပွဲ ဖြစ်ပါသည်။ သွေးလှူရှင်များအတွက်
ကားခ၊ စက်ဆီဖိုး၊ လက်ဆောင်ပစ္စည်း၊ အားဆေးနှင့် အအေးဘူးများအပြင် ဧည့်ခံကျွေးမွေးစရိတ်ပါ
စာရေးသူနဝကမ္မထဲမှ သုံးစွဲပါသည်။ သိန်းအစိတ်အလှူရှင်တစ်ဦးသာ ပုံမှန်လှူလေ့ရှိကာ သိန်းငါးဆယ်အလှူရှင်တစ်ဦး
လှူဒါန်းလာသည်မှာ ၂နှစ် ၃နှစ်မျှသာ ရှိပါသည်။ အကျိုးအမြတ်ကြည့်၍ မွေးနေ့ပွဲလုပ်ခြင်းမဟုတ်ဘဲ
သွေးလိုအပ်လျက်ရှိသော လူနာများအတွက် သွေးအိတ်ရရှိရန်သာ အဓိကဖြစ်ပါသည်။ ထို့ကြောင့်
မွေးနေ့ပွဲလူစည်သည်ကိုသာ ကြည့်၍ စိတ်ပြောင်းသူဟု စွပ်စွဲနေကြလျင် ဘဝအစစ်အမှန်နှင့်
တစ်ခြားစီဖြစ်နေဦးမည်သာ။
စာရေးသူမွေးနေ့အဖြစ် နှစ်စဉ်နှစ်တိုင်း
ဇာတိမြေ မိခင်စာသင်တိုက်မှာ စုပေါင်းသွေးလှူဒါန်းပွဲကြီး ကျင်းပပါသည်။ အနယ်နယ်အရပ်ရပ်မှ
သံဃာတော်များနှင့် မျိုးချစ်ပြည်သူများ လာရောက်သွေးလှူကြပါသည်။ အစပိုင်းနှစ်များ၌သာ
ရွှေဆည်သူရွှေဆည်သားများ ကူညီအားပေးကြပါသည်။ နောက်ပိုင်းနှစ်များ၌မူ သွေးလှူပွဲမစည်ကားအောင်
လုပ်ဆောင်လာသည်အထိ တုန့်ပြန်မှုပြင်းထန်လာခဲ့ပါသည်။ ထိပ်တိုက်တွေ့သည့်ပုံစံမျိုးဖြင့်
နှောင့်ယှက်ကြခြင်းမဟုတ်ပါ။ သွေးလှူပွဲယှဉ်ပြိုင်ကျင်းပ၍ စာရေးသူမွေးနေ့ပွဲမှာ သွေးလှူမည့်သူနည်းပါးသွားအောင်
အလှူပြုလုပ်သွားခြင်းမျိုး ဖြစ်ပါသည်။ ဥပမာ- စာရေးသူမွေးနေ့သွေးလှူပွဲက ဇွန်လ ၂၆ရက်နေ့
ကြေညာထားလျှင် ၎င်းတို့က ၂၃၊ ၂၄၊ ၂၅ ရက်နေ့တွေမှာ စုပေါင်းသွေးလှူကြခြင်းမျိုး ဖြစ်ပါသည်။
အချို့သွေးလှူရှင်များက စာရေးသူအဖွဲ့ထင်၍ လှူမိကြရာမှ စင်ပြိုင်သွေးလှူပွဲသတင်းကို
ကြားမိလိုက်ခြင်း ဖြစ်ပါသည်။ စာရေးသူမွေးနေ့ပွဲ၌ မြို့ခံများလွန်စွာနည်းပါး၍ ကျေးရွာသူကျေးရွာသားများသာ
များပြားကြပါသည်။ တိုင်းနှင့်ပြည်နယ်အသီးသီးမှ လာရောက်လှူဒါန်းကြသည့် အလှူရှင်များကျေးဇူးကြောင့်သာ
သွေးလှူပွဲအောင်မြင်ခဲ့ခြင်းဖြစ်ပါသည်။ ပို၍ဝမ်းနည်းဖွယ်ကောင်းသည်ကား ရဟန်းဒါယိကာမကြီး၏
မိသားစုများက ပစ်ခွာသွားခြင်း၊ မိသားစုပမာ ခင်မင်ရင်းနီးသူများက စွန့်ခွာသွားခြင်း
ဖြစ်ပါသည်။ ခင်မင်ရင်းနီးသူများက လော်ဘီမှိုင်းမိသွား၍ မလာတော့ခြင်း ဖြစ်ပါသည်။ လော်ဘီများက
ယန်ဟီးလီကို မေတ္တာပို့သည့်ဖိုင်အတိုအစလေးပြ၍
သူတို့အမေ့ကို ဆဲသည်ဟုဆိုကာ သွေးခွဲသွားရာမှ အကြည်ညိုပျက်သွားကြခြင်း ဖြစ်ပါသည်။ သွေးလှူရှင်များကို
တွေ့မြင်ရတိုင်း ကြည်နူးရသလို ရွှေဆည်သူများ ပစ်ခွာသွားရက်ပုံကိုတွေးမိတိုင်း စိတ်မချမ်းမြေ့ခဲ့ပါ။
စာရေးသူကို စွန့်ခွာသွားသူများတွင် အထက(၁) အာစရိယပူဇော်ပွဲ ဦးဆောင်ကျင်းပသည့် သူငယ်ချင်းများလည်း
ပါဝင်ပါသည်။ ၎င်းတို့အနက် အချို့က အလွန်ပြင်းထန်ပါသည်။ အာစရိယပူဇော်ပွဲရောက်၍ စာရေးသူက
ခါတိုင်းလိုလှူဒါန်းလျင် လက်မခံတော့ဘူး ဟု ခါးသီးစွာ ပြောဆိုနေကြောင်းပင် ကြားသိရပါသည်။
စာရေးသူ၏ရင်ထဲတွင် “ရွှေဆည်သူ ရွှေဆည်သားများသည် သွေးသားအရင်းကို ရန်သူထင်နေကြပြီး အမျိုးယုတ်မကြီးကို
အမေထင်နေကြသည်”ဟု ခံစားရပါသည်။ ဘုရားထင်ပြီး ရွှေချကိုးကွယ်နေကြသည့် ရပ်ဆွေရပ်မျိုးများ
မိမိတို့ကိုးကွယ်ရာသည် ဘုရားမဟုတ်ဘဲ ခြတောင်ပို့ကြီးဖြစ်နေကြောင်း အတိအလင်းသိရှိသွားကြသည့်အခါ၌
ရင်ကွဲပက်လက် မဖြစ်ပါစေနှင့် ဟူ၍သာ ဆန္ဒပြုစရာရှိပါ၏။
စာရေးသူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို ထောက်ခံအာားပေးခဲ့ခြင်း၏
အကြောင်းတရားများစွာတွင် ပါတီအမည် ပါတီဆိုင်းဘုတ်နှင့်အညီ အမျိုးသားရေးနှင့် ဒီမိုကရေစီရေး
နှစ်မျိုးလုံးကို ချိန်ခွင်လျှာညီမျှစွာ ဖော်ဆောင်ပေးလိမ့်မည်ဟု ယုံကြည်မှုက ငါးဆယ်ရာခိုင်နှုန်းကျော်ခဲ့ပါသည်။
အမျိုးသားရေးနှင့်လည်း ပြဒါးတစ်လမ်း သံတစ်လမ်း ဒီမိုကရေစီရေးနှင့်လည်း ဆန့်ကျင်ဘက်ကြီးဖြစ်နေ၍သာ
ကျောခိုင်းခဲ့ခြင်းဖြစ်ပါသည်။ (တိုင်းပြည်ထက်
ပါတီကို ပိုမချစ်နိုင်ပါ။ ပြည်သူထက် ပုဂ္ဂိုလ်ကို ပိုမချစ်နိုင်ပါ။ ဘာသာသာသနာထက် ဝါစာကမာတွေကို
ပိုမချစ်နိုင်ပါ။ ထို့ကြောင့် NLDကို ကျောခိုင်းခဲ့ခြင်း ဖြစ်ပါသည်။) ဒီမိုကရေစီမဆန်သော
ဒီမိုကရေစီပါတီမှန်း သိရှိခဲ့သောကြောင့်သာ (ဝါ) အစာအောက်က ချိတ်ကို သိမြင်ခဲ့သောကြောင့်
မထောက်ခံတော့ခြင်း ဖြစ်ပါသည်။ သို့သော် မဲမဲကြောက်သည့် ရဲရဲတောက်များ ကြီးစိုးနေသမျှ
စာရေးသူ အပါယ်ခံဘဝမှ လွတ်မြောက်မည်မဟုတ်ပါ။ စိမ်းလန်းစိုပြေအောင် ဖော်ဆောင်ပေးသူများ
ပေါ်ပေါက်လာမှသာ စာရေးသူဘဝ ငြိမ်းချမ်းအိုကေမည် ဖြစ်ပါသည်။ ပြည်သူများလည်း နိုင်ငံရေးဝိပလ္လာသ
တိမ်သလာဖုံးလွှမ်းခံဘဝမှ အမြန်လွတ်မြောက်ပါစေဟူ၍ တောင်းဆုပြုရုံမှတစ်ပါး အခြားအားထားရာများ
လုံးဝ မရှိတော့ပါပေ။
မည်သို့ဆိုစေ စာရေးသူ၏ အမျိုးသားရေးရပ်တည်ချက်တစ်ခုကို အကြောင်းပြု၍ မိဘ၊
ဆရာ၊ ရဟန်းဒါယိကာမမိသားစုနှင့် ညီအစ်ကိုမောင်နှမများအပေါ် တာဝန်မကျေခဲ့ခြင်း၊ ရွှေဆည်သူရွှေဆည်သားတို့၏
ငြိုငြင်ခံရခြင်း၊ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများ၏ စွန့်ခွာမှုကို ခံခဲ့ရခြင်း၊
ရဟန်းဒါယိကာမကြီးမိသားစု၏ အထင်လွဲမှုကို ခံယူရခြင်း စသည့် လောကဓံတို့သည် အမျိုးသားရေးအတွက်
ပေးဆပ်မှုတစ်ခုသာ ဖြစ်ပါသည်။
အမျိုးသားရေးအတွက် မည်သည့်ဘဝထိ ဆက်လက်ပေးဆပ်ရဦးမည် မခန့်မှန်းနိုင်သေးသော်လည်း
ဆက်လက်ပေးဆပ်နေရဦးမည်ဆိုလျှင်လည်း ကြည်ဖြူစွာပင် ပေးဆပ်နေဦးမည်ဖြစ်ပါ၏။
ပေးဆပ်ပါရစေ မွေးရပ်မြေ
မွေးရပ်မြေရေ.. ဆက်လက်ပေးဆပ်ပါရစေ ဟူ၍သာ…..။
ဝီရသူ(မစိုးရိမ်)
17.1.2021
No comments:
Post a Comment